Pages

Monday, July 29, 2013

သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ကျူလီယာ မွတ်စလင်မ်သာသနာ့ ရန်ပုံငွေအဖွဲ့မှ ၃၇ သိန်းကျော်ဖိုး ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက်လှူဒါန်း

ရန်ကုန် ။ ။ ကျောက်ကပ်ရောဂါများကို ကုသရာတွင် အသုံးပြုသော ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက် တန်ဖိုးငွေ – ၃၇၃၈၁၀၀ိ/ – ( ကျပ်သုံးဆယ့် ခုနှစ်သိန်း သုံးသောင်း ရှစ်ထောင့် တစ်ရာကျပ်) တန်ဖိုးငွေကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီးသို့ ရန်ကုန်မြို့ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဇူလိုင်လ ၂၅-ရက်၊ နေ့လယ် (၂)နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အခမ်းအနားသို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ထွန်း၊ လက်ထောက် ဆေးရုံအုပ် ဒေါက်တာ ဒေါ်လှမြင့်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဥက္ကဌ ဦးလှရွှေ(JVC)၊ တွဲဖက် အတွင်းရေးမှူး (၁) ဦးမာမက်ဂျလားလ်၊ တွဲဖက် အတွင်းရေးမှူး (၂) ဦးလှဌေး၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်၊ အဖွဲ့ဝင် ဦးသန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၃-ခုနှစ် ဇူလိုင် (၁၆)ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ကလေးဆေးရုံ၊ သွေးရောဂါနှင့် ကင်ဆာရောဂါ ကုသဆောင်သို့ အဆိုပါ အဖွဲ့မှ ကင်ဆာနှင့် ပတ်သက်သော ဆေးပစ္စည်း ၁၀မျိုး တန်ဖိုးငွေ ကျပ်(၁၅၁၁၅၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း ဇူလိုင် ၂၅-ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြပါရှိကြောင်း သိရသည်။

အဆိုပါ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့သည် အမှတ် (၁၆၁)၊ မောင်ထော်လေးလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး သက်ကြီးရွယ်အို များအား ထောက်ပံ့ကူညီခြင်း၊ လူမျိုးဘာသာမရွေး ကျောင်းသား (၂၀၀)ကျော်အား ပညာသင် ထောက်ပံ့ကြေးပေးခြင်း၊ လူမျိုးဘာသာမရွေး စက်ချုပ်သင်တန်း၊ ကွန်ပျူတာ သင်တန်းများ ပြုလုပ်သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါး သူများ၏ ကျန်းမာရေးကြောင့် ဆေးရုံ တက်သည့် အခါတွင် ဆေးရုံစရိတ် မတတ်နိုင်သူများအား ဆေးရုံတက်သည်မှ ပြန်ဆင်းသည့် အချိန်ထိ ကုန်ကျစရိတ် ထောက်ပံ့ကူညီပေးခြင်း များကို နှစ်စဉ် နှစ်တိုင်း တစ်နှစ်ပတ်လုံး ပုံမှန် လည်ပတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

M-Media , RangonNewsDaily
kolatt (Pabedan): 28.7.2013

0 comments:

Post a Comment