Pages

Thursday, May 30, 2013

လားရှိုးမြို့ ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ထား

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ပဋိပက္ခကြောင့် ပျက်စီးခဲ့သည့် နေအိမ်မှ ဒေသခံများနှင့် ဒဏ်ရာရရှိသူများ အတွက် ကယ်ဆယ်ရေးစခန်းကို မေလ(၃၀)ရက်နေ့တွင် ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဒုက္ခသည်စခန်းကို လားရှိုးမြို့ သိင်္ဂီလမ်း ရပ်ကွက်(၈)ရှိ မန်ဆူဘုန်းကြီးကျောင်း နှင့် ရပ်ကွက်(၇)ရှိ စိတ္တသုခ ဘုန်းကြီးကျောင်း၌ ဖွင့်လှစ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးကဆိုသည်။

ကျွန်တော်တို့အခုမှ စာရင်းကောက်နေတုန်းရှိပါသေးတယ်။ ကယ်ဆယ်ရေးစခန်းဖွင့်ပေးထားပါတယ်။ ၅ဦးဒဏ်ရာရတယ်ဆိုတာလည်း မှန်ပါတယ် သူတို့အတွက် ဘာတွေ ဘယ်လို လုပ်ပေးမယ်တာတော့ မသိရသေးပါဘူး ထုတ်ပြန်ပေးပါ့မယ် ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက ပြောသည်။
 
အဆိုပါဒေသတွင် မေလ(၂၈)ရက်နှင့်(၂၉)ရက်နေ့များတွင် လူအုပ်စုအချင်းချင်း အပြန်အလှန်တိုက်ခိုက်မှု (၇)ကြိမ် မက ဖြစ်ပွားခဲ့ပြီး မေလ (၃၀)ရက်နေ့တွင် ဒေသတွင်း (ညနေ ၃နာရီ ၃၀ မိနစ်အထိ)ဆူပူခြင်းမရှိ တော့ကြောင်း   ဒေသခံများထံက သိရှိရသည်။
 
မနက်ခင်းဈေးတော့ ဖွင့်ပေးထားပါတယ်။ ဈေးမှာကလည်း ၀က်သားတစ်မျိုးတည်းပဲရောင်းတယ်၊ ကြက်သား ၊ငါးတို့မရောင်းဘူး၊နေ့လည် ၁၁နာရီဆိုပြန်ပိတ်ခိုင်းတယ် ကျွန်မတို့တော့ ဟင်းသီးဟင်းရွက်နဲ့ ကြက်ဥတို့ ၀ယ်ထားတယ် နေ့လည်ဆို အပြင်မထွက်တော့ဘူး ဟု ရပ်ကွက်(၇)တွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။
 
အဆိုပါဒေသတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေစာရင်းကောက်ခံလျက်ရှိ ပြီး ခန့်မှန်းခြေ (၂၀၀) ဦးရေခန့်ရှိကြောင်း၊ ဒုက္ခသည်များအတွက် လူမှုအသင်းအဖွဲ့များမှ ကူညီထောက်ပံ့ပေး ခြင်း များပြုလုပ်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆိုင်းလီခမ်းထံက သိရှိရသည်။
 
လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပေါင်းပြီး ထမင်းထုပ်တွေတော့ ဝေပေးတာမျိုးတွေရှိပါတယ်။ ပုဒ်မ(၁၄၄)က လည်း ထုတ်ပြန်ထားတုန်းပါပဲ အခြေအနေက လက်ရှိအချိန်ထိတော့ ငြိမ်သက်နေပါပြီ" ဟု ဒေါ်ဆိုင်းလီခမ်းက ပြောသည်။
 
လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဆိုင်ခန်း(၃၂)ခန်း၊ မော်တော်ယာဉ် (၂)စီး၊ ရုပ်ရှင်ရုံ (၁)ရုံ၊ ဘာသာရေးအဆောက်အအုံ (၃)လုံး၊ မော်တော်ဆိုင်ကယ် (၁၁)စီးပျက်စီးဆုံးရှုံးခဲ့ပြီး လူ (၁)ဦး သေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

မြစ်မခသတင်း,  Rangonnewsdaily
RND:  :30.5.2013

0 comments:

Post a Comment