Pages

Thursday, May 30, 2013

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လဒုတိယပတ် ထွက်မည်

၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ စာရင်းကို လာမည့် ဇွန်လ ၉ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။"ပြည်နယ်နှင့်တိုင်း ပညာရေးမှူး တွေကို လျှို့ဝှက်အစည်းအဝေး ခေါ်နေပြီ။ ၈ဝ ရာခိုင်နှုန်း သေချာပါတယ်"ဟု ၄င်းက ထပ်လောင်းပြောကြားသည်။ အဆိုပါ စာမေးပွဲ အောင်စာရင်းနှင့် အောင်ချက်ရာခိုင်နှုန်း အပေါ် မြန်မာနိုင်ငံ စာစစ်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကို ဆက်သွယ်မေးမြန်းသော်လည်း အတည်ပြု ပြောကြားခြင်း မရှိပေ။
"ကြားတာက ၂ ရက်နေ့လည်း ပြောတယ်။ ၉ ရက်နေ့လည်းပြောတယ်။ ကရင်မှာဆို ဓာတုဗေဒမှာ အောင်ချက်မြင့်တယ်လည်း ကြားတယ်" ဟု ကရင်ပြည်နယ် ဘားအံမြို့နေ တက္ကသိုလ်ဝင်တန်း ဖြေဆို ထားသူ လူငယ်တစ်ဦးက ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယင်းပညာသင်နှစ်တွင် စစ်ဆေးသော အင်္ဂလိပ်ဘာသာ မေးခွန်းသည် အခြားနှစ်များနှင့် သိသိသာသာ ကွဲပြားသောကြောင့် အောင်စာရင်းရလဒ် ပြောင်းလဲ နိုင်ကြောင်း လုပ်သက်အတွေ့အကြုံအနှစ် ၂၀ ရှိ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်ဘာသာ သင်ကြားနေသူ ပုဂ္ဂလိက ဆရာဦးဇော်မင်း က The Voice သို့ ပြောကြားသည်။

ယမန်နှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြည်တွင်းနှင့် ပြည်ပစာဖြေဌာန ၁၂၉၆ ခုမှ ဝင်ရောက်ဖြေဆိုသူ ၄၈၇,၄၁၀ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ဝင်ရောက်ဖြေဆိုသူ ၄၆၇,၈၄၉ ဦးမှ ၁၆၀,၇၇၈ ဦး အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၃၄ ဒသမ ၃၇ ရာခိုင်နှုန်းရှိ ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly, Rangonnewsdaily
RND:  :30.5.2013

0 comments:

Post a Comment