Pages

Wednesday, May 22, 2013

ထောက်လုနှင့်ဆမ်းဆိုအားကစားနည်းများအတွက် တရုတ်သို့ သွားရောက်လေ့လာမည်

မေလ (၂၂)ရက်၊ ၂၀၁၃ခုနှစ်။

မြန်မာနိုင်ငံဝူရူးအဖွဲ့မှ အားကစားသမားအချို့မှာ ဆီးဂိမ်းပြိုင်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် ကစားနည်း (၂)မျိုးအား  တရုတ်နိုင်ငံသို့သွားရောက် ၍ လေ့လာသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဝူရှုး အဖွဲ့ချုပ်မှ သိရှိရသည်။

တရုတ်နိုင်ငံ ၀ူဟန်မြို့သို့ လာမည့် ဇွန်လလယ်ပိုင်းတွင် သွားရောက်လေ့ လာမည်ဖြစ်ပြီး ထောက်လု နှင့် ဆမ်းဆို ဟူသော ကစားနည်းများ ကို လေ့လာမည်ဖြစ်ကြောင်း အတွင်းရေးမှူး ဦးထွန်းထွန်းဦးက ဆိုသည်။

“ ဇွန်လ (၂၀)ရက်နေ့မှာတရုတ်ပြည်ကို သွားဖို့တင်ထားပါ တယ်၊ထောက်လု နဲ့ ဆမ်းဆို အားကစားနည်း နှစ်မျိုးအတွက်  ကျွန်တော်တို့ဆီက နည်းပြ နှစ်ယောက်၊ ထောက်လု ကစားသမားက (၉) ဦး  ဆမ်းဆို အားကစားသမားက (၆)ဦး ပေါင်း (၁၇)ဦးသွားမှာပါ” ဟု မြန်မာနိုင်ငံ ဝူရှူး အဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းထွန်း ဦးက ပြောသည်။

အဆိုပါ အားကစားနည်း (၂)မျိုးကို တရုတ်နိုင်ငံသို့ သွားရောက်လေ့ လာရခြင်းမှာ နည်းပညာဖလှယ်သည့် သဘောမျိုးဖြစ်ပြီး လေ့လာသူ များကလည်း ဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်သူများဖြစ်ကြောင်း သိရှိ ရသည်။

“အခုတော့ မြန်မာနည်းပြရော ၊ တရုတ်နည်းပြတွေနဲ့ပါ  ပူးပေါင်းပြီးလေ့ ကျင့်နေတယ်။ အခုသွားရမယ့် သူတွေ က နိုင်ငံတကာအတွေ့အကြုံ ရှိပြီး သားတွေ၊ ပြီးတော့သူတို့က ဆီးဂိမ်းမှာပြိုင်မယ့်သူတွေပါ”  ဟု နည်းပြ ဦးခင်စိုးက ပြောသည်။

တရုတ်သို့ သွားရောက်လေ့လာခြင်းဖြင့် အတွေ့အကြုံသစ်ရရှိနိုင်ပြီး အခြားသောနိုင်ငံမှ ကစားသမားများ နှင့်လည်း တွေ့ဆုံနိုင်ခြင်းကြောင့် အမြင်သစ်များရရှိနိုင်ကြောင်း တရုတ်နိုင်ငံသို့ သွားရောက်လေ့လာမည့် ကစားသမားတစ်ဦးက ဆိုသည်။

“ ကျွန်တော်က အသက်(၅)နှစ်သားကတည်းက ဝူရှူးစ ကစားခဲ့တာပါ၊ တရုတ်ကိုလည်း သွားဖူးပါတယ်။ တခေါက်နဲ့တခေါက် မတူညီတဲ့ အတွေ့ အကြုံတွေ ရပါတယ်၊အခေါက်တိုင်းလည်း အတွေ့ကြုံ အသစ်တွေ ရပါတယ်”ဟု တရုတ်ပြည်သို့ သွားရောက် လေ့လာမည့် ဝူရှူးအားကစား သမား ကိုအောင်စည်သူက ပြောသည်။

တရုတ်တွင် သွားရောက်လေ့လာနိုင်ရန်အတွက် တရုတ်နည်းပြ(၄) ဦး မြန်မာနည်းပြ(၃)ဦးတို့သည် နေပြည်တော် တွင် အဆိုပါ အားကစား သမားများကို စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း သိရှိရသည်။

လာမည့် ဇူလိုင်လနှင့် သြဂုတ်လတွင်လည်း ၀ူရှူး အငယ်တန်း အားကစား သမားများကို ဖိလစ်ပိုင်နိုင်ငံတွင် ထောက်လု နှင့် ဆမ်းဆို အားကစား သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေနှင့် ၀ူရူးအားကစားနည်းကို ၁၉၉၇ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွ္ပဲ၌ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ပြီး နှစ်စဉ် ရွှေတံဆိပ်ဆုများစွာရရှိခဲ့သည်။

ထက်ထက်(မြစ်မခ)/မြန်မာခရိုနီကယ်

Rangonnewsdaily
RND:  :22.5.2013

0 comments:

Post a Comment