Pages

Tuesday, February 5, 2013

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်း၌ မိုဘိုင်းကော်မတီ တစ်ခုကို တိုးချဲ့ဖွဲ့စည်းမည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်း၌ မိုဘိုင်းကော်မတီတစ်ခုကို မကြာမီ ကာလအတွင်း ဖွဲ့စည်းသွားရန် အစီအစဉ် ရှိသည်ဟု သတင်းရရှိသည်။ အသင်းအတွင်း၌ Mobile, Hardware, Software & Training, Network & Security ဟူ၍ ကော်မတီလေးခု ဖွဲ့စည်းသွားမည် ဖြစ်သည့်အပြင် မတ်လ နည်းပညာ ပြပွဲ၌လည်း အဆိုပါဇုန် ၄ ခုကို သီးခြားခွဲ၍ ပြသသွားရန် စီစဉ်ထားရှိသည်ဟု သိရသည်။ လုပ်ငန်းရှင် အသင်းဝင်များ၌ မိုဘိုင်းနယ်ပယ်မှ စီးပွားရေးလုပ်ငန်းရှင်များ နည်းပါးနေသေးကြောင်း၊ အချို့သော မိုဘိုင်းစီးပွားရေး လုပ်ငန်းရှင်များသည် အသင်းဝင်ရန် စိတ်ပါဝင်စားခြင်း မရှိကြသည့်အတွက် နှိုးဆော်မှုများ ပြုလုပ်နေရကြောင်း သိရသည်။ “မိုဘိုင်းဆိုတာ ကွန်ပျူတာနဲ့လည်း ဆက်နွယ်နေလို့ အသင်းဝင် ဖြစ်ခဲ့တာပါ။ အကျိုးအမြတ်ကတော့ အင်ဖော်မေးရှင်းတွေ လွယ်ကူစွာ ရတာပေါ့။ ကိုယ်က Community ထဲမှာ နေတာ ဆိုတော့ ကောင်းတာပေါ့” ဟု အသင်းဝင်တစ်ဦးဖြစ်သည့် မိုဘိုင်းစီးပွားရေး လုပ်ငန်းရှင် ဦးပြည်စိုးထွန်းက ပြောသည်။
 မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းအနေဖြင့် ယခင်က မိုဘိုင်းစီးပွားရေး လုပ်ငန်းရှင် အသင်းဟူ၍ သီးခြားဖွဲ့စည်းနိုင်ရန် စဉ်းစားထားရှိခဲ့သော်လည်း အသင်းထပ်မံ ဖွဲ့စည်းရန် မဖြစ်နိုင်သေးသည့် အတွက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း လက်အောက်၌ မိုဘိုင်းကော်မတီဟူ၍ သီးခြားဖွဲ့စည်းရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ 
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်း၌ အသင်းဝင် ၃၀၀ ဝန်းကျင် ရှိသော်လည်း မိုဘိုင်းစီးပွားရေး လုပ်ငန်းရှင်မှာ ဆယ်ဂဏန်းမျှသာ အရေအတွက် ရှိကြောင်း၊ အသင်းအနေဖြင့် မိုဘိုင်းစီးပွားရေး လုပ်ငန်းရှင် အသင်းဝင်များ တိုးပွားလာရန် နှိုးဆော်မှုများ ပြုလုပ်လျက်ရှိပြီး အသင်းဝင်ရန်အတွက် ကုမ္ပဏီမှတ်ပုံတင် သို့မဟုတ် စည်ပင်မှတ်ပုံတင် တစ်ခုခုရှိရုံဖြင့် အသင်းဝင်နိုင်ကြောင်း သိရသည်။

Internet Journal

0 comments:

Post a Comment