Pages

Wednesday, January 23, 2013

ခွင့်ပြုမိန့်မရဘဲ ဆောက်ထားသည့် ရာနှင့်ချီ ကန်ထရိုက်တိုက်များကို စည်ပင်တရားစွဲ

ရန်ကုန်မြို့တွင် တရားဝင်ခွင့်ပြုမိန့်မရရှိဘဲ ဆောက်လုပ်ထားသော ရာနှင့်ချီရှိသည့် ကန်ထရိုက်တိုက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တရားစွဲဆိုလျက်ရှိပြီး အချို့သောတိုက်များကို ဖြိုဖျက်သည့်အထိ အရေးယူမှုများရှိကြောင်း ယင်းကော်မတီမှ သတင်းရရှိသည်။

တရားဝင် ဆောက်လုပ်ခွင့် ပါမစ်မရဘဲ တည်ဆောက်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်မှ ကန်ထရိုက်တိုက်အလုံး ၄၀၀ ကျော်နှင့် အခြားသော မြို့နယ်များဖြစ်သည့် လှိုင်၊ ကမာရွတ်နှင့် မရမ်းကုန်းမြို့နယ်တို့မှ အလုံးရေရာဂဏန်းကို တရားစွဲဆိုခြင်းများ ပြုလုပ်ထားပြီဖြစ်ကြောင်း ယင်းကော်မတီထံမှသိရသည်။ “ပုံစံနဲ့ မကိုက်၊ လမ်းလည်းကျဉ်းတဲ့ထဲမှာ ဆောက်ထားလို့ ရန်ကင်းက သုံးလုံးကိုဖျက်ပြီးပြီ” ဟု ရန်ကုန်မြို့
တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီဌာန (အဆောက်အအုံ) လက်ထောက်ဌာနမှူးဦးနေ၀င်းက ပြောသည်။

ဆောက်လုပ်သည့် နည်းစနစ်မမှန်ကန်၍ ပါမစ်မရရှိထားခြင်းကြောင့် ရန်ကင်းမြို့နယ်ရှိ ကန်ထရိုက်တိုက် သုံးလုံးကို တစ်တိုက်လုံး ဖြိုဖျက်ခဲ့ခြင်းမျိုးမဟုတ်ဘဲ သတ်မှတ်အမြင့် ပမာဏ အထပ်နှင့် အမိုးနေရာဆောက်လုပ်ရန်အတွက် ချန်ထားပြီး ဖြိုဖျက်စေခဲ့သည်ဟု ၎င်းကပြောသည်။

ဆောက်လုပ်ခွင့်ပါမစ်ပေးရာတွင် တိုက်အမြင့်ကို လမ်းအကျယ်အ၀န်း၏ နှစ်ဆနှင့် လေးပေခွဲခန့် ခွင့်ပြုထားရာ ပါမစ်မရရှိ သည့် ကန်ထရိုက်တိုက်များကို ကော်မတီအနေဖြင့် ဖြိုဖျက်ခွင့်ရှိသည်ဟု သိရသည်။

ခွင့်ပြုချက်မရှိဘဲတည်ဆောက်သည့်အတွက် ပုဒ်မ(၂၈)ဖြင့် စွဲဆိုရာတွင် ဒဏ်ငွေဆောင်၍ ဆောက်လုပ်မှု ရပ်ဆိုင်းထားရပြီး ဆက်လက်ဆောက်လုပ်ပါက ပုဒ်မ ၂၉ ဖြင့်တစ်ရက်လျှင် ကျပ်တစ်သောင်းမှ ငါးသောင်းအထိ ဒဏ်ကြေးရှိကြောင်း ဦးနေ၀င်းက ပြောကြားသည်။

တရားစွဲဆိုခြင်း ခံထားရသည့် ကန်ထရိုက်တိုက်များအနေဖြင့် အဆောက်အအုံဆိုင်ရာ ဒီဇိုင်းတွက်ချက်မှု ကျွမ်းကျင်လိုင်စင် ရရှိထားသည့်သူတစ်ဦး၏ လက်မှတ်နှင့် ဒဏ်ကြေးငွေပေးဆောင်ပါက တရားစွဲဆိုမှုကို ရုပ်သိမ်း၍ ဆောက်လုပ်ခွင့် ပါမစ်ထုတ်ပေးမည်ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ တည်ဆောက်မည့် ကန်ထရိုက်တိုက်များကိုမူ ပြန်လည် မဖျက်မချင်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

“တရားစွဲခံရတဲ့ တိုက်တွေက ဇန်န၀ါရီ ၃၁ ရက် မတိုင်ခင် လာတင်ရင် ပါမစ်ပေးမယ်။ ခိုင်ခံ့မှုကိုတော့ တာဝန်မယူဘူး။ သတ်မှတ်ထားတဲ့ ဒဏ်ကြေးပေးဆောင်ရမယ်” ဟု ဦးနေ၀င်းက ပြောကြားသည်။

ဆောက်လုပ်ခွင့် လိုင်စင်ကြေးမြင့်တက်ပြီး နောက်ပိုင်းတရားမ၀င် ဆောက်လုပ်မှုများပြားလာခြင်းဖြစ်ရာ အငှားလိုင်စင် ပြဿနာများလည်း ရှိလာပြီး ထိုဆောက်လုပ်မှုများမှာ မြို့နယ်များ၏ အတွင်းပိုင်း ချောင်ကျသည့် နေရာများ၌ အများဆုံးဖြစ်လေ့ရှိကြောင်း စမ်းချောင်းမြို့နယ်မှ လိုင်စင်ရ ကန်ထရိုက်တာ ဦးနေမင်းစိုးကပြောသည်။

“လာဘ်ပေး လာဘ်ယူဖြစ်စဉ်တွေက အဲဒီအပိုင်းတွေမှာ ရှိနိုင်တယ်။ လိုင်စင်ကို လျှောက်တိုင်းချပေးနေတယ်ဆိုရင် အရည်အသွေးပိုင်းက မေးခွန်းထုတ်စရာတွေ အများကြီးရှိလာပြီ” ဟု ၎င်းက ပြောသည်။
 
7Day News 

0 comments:

Post a Comment