Pages

Wednesday, October 31, 2012

မြန်မာသို့ ရိုက်ခတ်လာသော K-Pop Music အဖွဲ့ရဲ့ Oppa Gangnum Style

မြန်မာသို့ ရိုက်ခတ်လာသော K-Pop
 
တီးလုံးသံ စတင်သည်နှင့် လူငယ် တစ်ဦး ခြေချိတ်ထိုင်ကာ စည်းချက်နှင့်အညီ ယိမ်းထိုးနေသည်။ ထို့နောက် မြူးကြွကြွ တေးသံနှင့် အညီ အဆိုပါ လူငယ်နှင့် အတူ လူငယ် တစ်စု ကခုန် နေကြသည်ကို တွေ့မြင် ရသည်။ ၄င်းတို့ အဖွဲ့သည် ယခု လတ်တလော ကမ္ဘာအနှံ့ K-Pop Music ရေပန်း စားလာခြင်းနှင့် အတူ ၂ဝ၁၂ ခုနှစ် ဇူလိုင်လ၁၅ ရက်နေ့က ဖြန့်ချိလိုက်သော K-Pop သီဆိုသူ
PSY သီဆိုထားသည့် Oppa Gangnum Style သီချင်းကို ပုံစံတူကခုန်ပြီး Youtube တွင် Oppa Burma Style  ဟူ၍ လွှင့်တင်ထားကြခြင်းဖြစ်သည်။
လူငယ်တစ်စု ဖုန်းတွင်း အင်တာနက်မှ တစ်ဆင့် ယခုလပိုင်း အတွင်း ခေတ်စားလာနေသော Oppa Burma Style  ကို ကြည့်ရှုနေကြသည်။
Oppa Gangnum Style  အကမှာ တောင် ကိုရီးယား Pop ဂီတ ပညာရှင် PSY က တောင် ကိုရီးယားနိုင်ငံရှိ Gangnum ဒေသ အကြောင်းကို သရုပ်ဖော်ထားသည့် သီချင်းဖြစ်ပြီး မြူးမြူးကြွကြွ ကပြ ထားသဖြင့် ယင်းအကမှာ ကမ္ဘာ တစ်ဝန်း ကျော်ကြားလာခြင်း ဖြစ်သည်။
 
ထိုကဲ့သို့ ကျော်ကြား လာသည်နှင့် အမျှ နိုင်ငံ ပေါင်းစုံမှလည်း ထိုအကကို အတုယူကာ Oppa Burma Style ၊ Obama Style ၊ Hitler Style စသည်ဖြင့် ပုံစံတူ ရိုက်ကူး လာကြသည်ကို Youtube တွင် တွေ့မြင်နေရသည်။
 
အဆိုပါ PSY ၏ Oppa Gangnum Style သီချင်းကို Oppa Burma Style ဟူ၍ ကကြသူထဲတွင် အပါအဝင် ဖြစ်သော ဘလော့ဂါ တစ်ဦး ဖြစ်သူ မနန်းညီ က "MICT ကို Barcamp အတွက် အစည်းအဝေး သွားရင်း အဓိက သရုပ်ဆောင်က PSY ရဲ့ ဆံပင်ကေ ညှပ်လာလို့ ဝိုင်းစရင်းနဲ့ ကဖြစ်သွားတာ။ ရိုက်ပေး တာက ကိုရဲအောင်သူပါ။ ကကြတာ ကိုးယောက် လားတော့ မသိဘူး။ ကျန်တဲ့ သူတွေတော့ ပါတယ်။ ဒါပေမဲ့ နည်းနည်းပဲ။ ကတာ သုံးနာရီ လောက်တော့ ကြာသွားတယ်"ဟုဆိုသည်။
 
Oppa Burma Style ကရသည့် ခံစားချက် ကို မနန်းညီက "သူငယ်ချင်းတွေ အပျော်ကကြတာ ဆိုတော့ စလိုက် နောက်လိုက်နဲ့ ပျော်ပါတယ်။ မူရင်း PSY ကတော့ မိုက်ပါတယ်။ သူက တစ်ခုခုကို လှောင်ထားတယ် ဆိုတာ ပေါ်လွင်တော့ လူကြိုက် များတာ ထင်တယ်"ဟု သူ့ခံစားချက်ကို ဖွင့်ဟသည်။
 
"မူရင်းဆိုထားတဲ့ PSY ရဲ့ Oppa Gangnum Style ကတော့ Channal V မှာ လာတုန်းက ကြည့် ဖူးတယ်။ အဲဒါက ကိုရီးယားတင် မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ အရမ်း ကျော်ကြားသွားတဲ့ သီချင်းလေ။ အခု Oppa Burma Style ဆိုပြီး မြန်မာတွေ ကတော့လည်း စိတ်ဝင်စားလို့ ကြည့်ဖြစ်တယ်။ မူရင်း သီချင်း MTV က အရမ်းရယ်ရတော့ အခု ပုံစံတူ လုပ်ထားတဲ့ မြန်မာတွေ ကလည်း ကောင်းပါတယ်" ဟု မူရင်း အဆိုရှင် PSY ရဲ့ Oppa Gangnum Style သီချင်းရော မြန်မာများ ပုံစံတူ ကခုန်ထား သော Oppa Burma Style သီချင်းပါ ကြည့်ရှု ဖူးသူ မနန္ဒာက ဆိုသည်။
 
မူရင်းသီဆိုထားသော PSY ၏ Oppa Gangnum Style သီချင်းသည် စတင် ဖြန့်ချိသည့် အချိန်မှစ၍ ယနေ့ထက်တိုင် Youtube တွင် Like အများဆုံး ရရှိ ထားသော တေးသီချင်း တစ်ပုဒ် ဖြစ်သည်။ ထို့အပြင် အဆိုပါ သီချင်းကို Youtube တွင် ဝင်ရောက် ကြည့်ရှုသူ သန်းပေါင်း ၅၂၀ ကျော်သွားပြီဖြစ်သည်။ 
 
ထိုသို့ Oppa Gangnum Style သီချင်း ကမ္ဘာတစ်လွှား လူကြိုက်များလာသည့် နည်းတူ နိုင်ငံအနှံ့အပြား အဆိုပါ သီချင်း MTV ထဲက ကကွက်များကို ကခုန် ကြရာတွင် မြန်မာနိုင်ငံ ၌လည်း Oppa Burma Style၊ မလေးရှားရောက် မြန်မာများ မြန်မာစာသားများ သွတ်သွင်း သီဆို ကခုန်ထားသော Oppa Myanmar Style ကို Youtube တွင် တင်ထားပြီး လက်ရှိအချိန်ထိ Oppa Burma Style ကိုကြည့်ရှုသူ ၉၀,၀၀၀ ကျော်ရှိကာ Oppa Myanmar Style သီချင်းကို ကြည့်ရှုသူ ၄၀၀၀၀ နီးပါး ရှိသည်ကို တွေ့မြင်ရသည်။
 
"PSY ရဲ့ လူချမ်းသာတွေ အပေါ် သရော် ထားတဲ့ သီချင်းကို သဘောကျတယ်။ ပြီး Oppa Burma Style သီချင်းကို ရိုက်ထားတာက လူငယ် ဘလော့ဂါတွေ အပျော်ရိုက်ထား ကြတာ။ လူငယ် ပီပီ ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလေး လုပ်ထားတာ ဆိုတော့ သဘောကျပါတယ်"ဟု ချင်းမိုင်တွင်  ရေဒီယို သင်တန်းတစ်ခု တက်ရောက်နေသူ ကိုသူရမျိုး က အဆိုပါ သီချင်း အပေါ် သူ၏ အမြင်ကို ပြောပြ သည်။
 
ကိုသူရမျိုးက ဆက်လက်ပြီး ၄င်းလက်ရှိ တက်ရောက်နေသော သင်တန်းတွင် အိပ်ငိုက်မည် စိုးသဖြင့် သင်တန်းဆရာက အဆိုပါ Oppa Gangnum Style အကကို ကခိုင်းကြောင်း ရယ်မောပြောဆိုသည်။
မြန်မာနိုင်ငံရှိ နိုင်ငံတကာသို့ တရားဝင် ခေါ်ဆို နိုင်သော အင်တာနက်ဖုန်း ဖြစ်သည့် Ytalk ကလည်း အဆိုပါ Oppa Gangnum Style သီချင်း ကို ယူရေနီယံ အဖွဲ့၏ အကများဖြင့် Online တွင် ထုတ်လွှင့်ထားသည်။
 
"ကမ္ဘာနဲ့ အညီ လှုပ်ရှားတဲ့ ပုံတွေအတိုင်း လှုပ်ရှားမယ်ဆိုပြီး Event တစ်ခု အနေနဲ့ လုပ်ဖြစ် တာ။ ယူရေနီယံ အဖွဲ့နဲ့လည်း ရင်းနှီး နေတော့ သူတို့က ကူညီပေးတာ။ ပြည်သူ့ ဥယျာဉ်ထဲမှာ ကဖြစ်တာ။ ပြန်ကြားရတဲ့ Feedback တွေက ကောင်းတယ်။ ကြိုက်ကြပါတယ်"ဟု Ytalk ၏ ဈေးကွက် မန်နေဂျာ အသက် ၂၉ နှစ်အရွယ် ကိုဇေယျာဖြိုးဝေက အဆိုပါ Oppa Gangnum Style သီချင်း အသုံးပြု ရခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။
 
Ytalk တွင် Oppa Gangnum Style ကဖြစ် ပုံနှင့် ပတ်သက်၍ ယူရေနီယံအကအဖွဲ့မှ သင်တန်း ဆရာမ မခိုင်လေးက "မစမိုင်းတို့နဲ့ ကျွန်မတို့နဲ့က ခင်နေတာ ကြာပါပြီ။ သူတို့က Ytalk ကို Oppa Gangnum Style နဲ့ ကချင်တာဆိုတော့ စဉ်းစား ကြည့်ကြတယ်။ အစကတော့ ထပ်တူ ဖြစ်ပါ့မလား ဆိုပြီး စိတ်ပူကြသေးတယ်။ တစ်ပိုဒ် နှစ်ပိုဒ် လောက်ပဲ ဆိုတော့လည်း ကိစ္စ မရှိပါဘူးဆိုပြီး လက်ခံပြီး ကဖြစ်သွားတာပါ။ 
 
ကတော့လည်း သင်တန်းသားရော ဘာရော ပေါင်းပြီး ၄၀ လောက် ရှိပါတယ်။ အားလုံး ပျော်ပျော်ရွှင်ရွှင် ပါပဲ။ သင် တန်းမှာက သင်တန်းသားတွေက အဲဒီအက ကို သိပ်က ချင်နေကြတော့ သင်ခန်းစာ တစ်ခုအနေနဲ့ မဟုတ်ဘဲ အပျော် သင်ပေးဖူးပါတယ်။ ဒါကြောင့် Ytalk မှာ ကတော့ သိပ်ပြီး အချိန်မပေးရဘူး။ ရက်ပိုင်းလောက်ပဲ လေ့ကျင့်ပြီး ကဖြစ် သွားတာပါ" ဟု ဆိုသည်။
 
မခိုင်လေးက Oppa Gangnum Style  အက ကသည့် PSY ကို ဂုဏ်ယူကြောင်း၊ ပျော်စရာ ကောင်းသည့် အကတစ်ခု ဖြစ်ကြောင်း သူ၏ ခံစား ချက်ကို ပြောပြသည်။
 
မူရင်း သီဆိုသူ PSY ၏ Oppa Gangnum Style ကို ကြိုက်နှစ်သက် သော်လည်း မြန်မာများ ပြန်၍ ရိုက်ကူး ထားသည်ကို ကြိုက်နှစ်သက်မှု မရှိ သောသူများကိုလည်း တွေ့ရသည်။
 
"PSY ကတဲ့ မြင်းစီး အကက ပေါတောတော ပေမယ့် ကျွန်တော်ကြိုက်တယ်။ ပြီးတော့ PSY က ဆရာကျတယ်။ MTV Award မရလည်း သူက ဂင်းနစ် စံချိန်ဝင် သွားပြီ။ ပြီးတော့ သူ့ရဲ့ Video ကြည့်တဲ့သူ အရမ်းများလို့ YouTube ကသူ့ကို သန်းနဲ့ချီပြီး ပိုက်ဆံပေးတယ်လေ။ ကျွန်တော်က တော့ အခု မြန်မာတွေ ပြန်ကတာကို လုံးဝကို မကြိုက်ဘူး၊ မညီလို့"ဟု မြန်မာများ ပြန်ကခြင်းကို သဘော မကျကြောင်း အသက် ၂၃ နှစ်အရွယ် ကိုမင်းထိုက်ကျော်က ဆိုသည်။
 
PSY ကို လေးစားကြောင်း၊ အသက်ကြီး သော်လည်း အမေရိကက ဂီတဘွဲ့ ရအောင်ယူထား ပြီး သူ့ဂီတကို အသေအချာ ပုံဖော် ထားသည်ကို တွေ့ရကြောင်း၊ PSY သီချင်း၏ ၉၀ ရာခိုင်နှုန်း လောက်ကို နားမလည် သော်လည်း နားထောင်၍ ကောင်းကြောင်း၊ မြန်မာထဲမှ ပြန်ရိုက် ထားသည်ထဲမှ နှစ်ခုသာ ကြည့်ဖူးကြောင်း၊ YouTube တင် သည့်အတွက် ဒီထက်ကောင်းအောင် ရိုက်စေချင် ကြောင်း Oppa Gangnum Style ကိုကြိုက်နှစ်သက် သူ ကိုမင်းမောင်ဟန်က သူ့အမြင်ကိုပြောဆိုသည်။
 
"ကျွန်တော် သူတို့လိုလည်း မရိုက်နိုင်ဘူး။ အဲဒီလို အိုင်ဒီယာ ကောင်းကောင်းလည်း မရှိဘူး။ ဒါပေမဲ့ သူတို့ ဒီထက်ပိုပြီး ကောင်းအောင် ရိုက်နိုင် ရင် ပိုကောင်းမယ်။ ဘာဖြစ်လို့လဲဆိုတော့ YouTube က တစ်ကမ္ဘာလုံး ကြည့်နေတာ ဆိုတော့"ဟု မြန်မာများ Oppa Gangnum Style ရိုက်ကြခြင်း နှင့်ပတ်သက်၍ ကိုမင်းမောင်ဟန်က သူ့အမြင်ကို ပြောဆိုသည်။
 
ထိုကဲ့သို့ ကမ္ဘာတစ်ဝန်း လူသိများနေသော် PSY ၏ Oppa Gangnum Style အကနှင့် သီချင်း သည် မြန်မာလူငယ်များ ကြားတွင် ရေပန်းစားနေသည် သာမက အောက်တိုဘာလ ၆ ရက်နေ့က ကျင်းပခဲ့သော ရွှေ FM ၏ ဆုပေးပွဲ အခမ်းအနား ၌ အစီအစဉ် တင်ဆက်သူ အဖြစ် ပြုလုပ်ခဲ့သော တေးသံရှင် ရဲလေးနှင့် သရုပ်ဆောင် ကျော်ကျော်ဗို တို့သည်လည်း အဆိုပါ အကဖြင့် ကပြခဲ့သည်ကို တွေ့မြင်ရသည်။
 
"ကျွန်တော်တို့ PSY ရဲ့အကကို ကဖြစ်တာ က အားလုံး ပျော်အောင်လို့ပါ။ PSY ကိုလေးလည်း လေးစားပါတယ်။ Asia ကဖြစ်ပေမယ့် အခုလို ကမ္ဘာက သိတဲ့ တေးသံရှင် တစ်ယောက်မို့လို့။ သူ့ သီချင်းက ပျော်ဖို့ကောင်းလို့ ကဖြစ်တာ။ ကျွန် တော်တို့ ဒီသီချင်းကဖို့ တိုက်ဖြစ်တာ ၁၅ မိနစ်ပဲ အချိန်ရပေမယ့် အားလုံး ပျော်ရပါတယ်"ဟု တေး သံရှင် ရဲလေးက PSY ၏ Oppa Gangnum Style ကဖြစ်ပုံကို ပြန်ပြောင်း ပြောပြသည်။
 
ထိုကဲ့သို့သော နာမည်ကြီး အောင်မြင်နေသည့် Oppa Gangnum Style အကသာမက Version မျိုးစုံဖြင့် ရိုက်ကူး ထားကြသည်များကို ကြည့်ရှုသူများ အတွက် တဒင်္ဂ စိတ် ပျော်ရွှင်စေသည် မှာ အမှန်ပင်ဖြစ်သည်။
 
 
The Voice Journal

0 comments:

Post a Comment