Pages

Saturday, October 6, 2012

ပုံပြင်ထဲက သားရှေ့နေ (ဆရာမောင်ဝံသ ရဲ့-ပြောချင်လွန်းလို့)

မပြီးနိုင်တဲ့ စစ်ပွဲဆိုတာ မရှိ

လောကမှာ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာဆိုတာ မရှိပါဘူး။ အဲသလိုပဲ မပြီးဆုံးနိုင်တဲ့ စစ်ပွဲဆိုတာလည်း မရှိပါဘူး။ အနည်းဆုံးတော့ ကျွန်တော်တို့နိုင်ငံက ပြည်တွင်းစစ်ဟာ ပါလက်စတိုင်း - အစ္စရေး ပဋိပက္ခနဲ့ အခြားအနည်းငယ်သော နိုင်ငံချင်းချင်း ပဋိပက္ခ တွေလို ကမ္ဘာနာတစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် တန်းတူရည်တူ အခြေခံပေါ်မှာ အမြော် အမြင်ရှိရှိ သဘောထားကြီးကြီးထားပြီး ဖြေရှင်းရင် မကျေလည်စရာအကြောင်း မရှိပါ ဘူး။ သဘောထားကြီးရမယ် ဆိုရာမှာလည်း အာဏာကို ကိုင်တွယ်ထားတဲ့ နိုင်ငံတော် အစိုးရဘက်က ထားရှိရမယ့် သဘောထားပါ။ ကချင်ပြည်နယ်  ငြိမ်းချမ်းရေး

အခု ကျွန်တော်ပြောချင်နေတဲ့ လိုရင်းက ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စပါ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ၂၇ စက်တင်ဘာ ၂၀၁၂ မှာ အင်မတန်ကောင်းတဲ့ မိန့်ခွန်းတစ်ရပ် မိန့်ကြားခဲ့တယ်။ မြန်မာ့ အရေး ကမ္ဘာ့အရေး စုံစုံလင်လင် ပြောသွားတယ်။ ကျယ်ပြန့် ပြည့်စုံတယ်။ အပြု သဘောဆောင်တယ်။ တိုင်းပြည်အတွက် အားတက်စရာ မျှော်လင့်ချက်တွေကို ပေးသွားခဲ့တယ်။

        အခု ကျွန်တော် ဦးတည်နေတဲ့ အကြောင်းအရာနဲ့ ဆက်စပ်လို့ သမ္မတကြီးရဲ့ မိန့်ခွန်းထဲက ကျွန်တော် သတိထားမိတဲ့ စာပိုဒ်တချို့ကို ကူးယူဖော်ပြပါမယ်။

        “စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခများ အားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်”

        “မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစား နိုင်ဖို့အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ခေါင်းဆောင် များနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အကြား အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ ယုံကြည်မှု တည်ဆောက်မှုများ ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခကြောင့် မည်သည့်ဘက်ကဖြစ်စေ၊ အသက်နဲ့ အိုးအိမ်ပစ္စည်း ဆုံးရှုံးမှုရှိပါက မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်”

စစ်ဆေးကြည့်ရင်  သိနိုင်ပါတယ်

အထက်ပါ ဖော်ပြချက်တွေဟာ ဘယ်သူမှ မငြင်းနိုင်အောင် မှန်ကန်ကောင်းမွန်ပါ တယ်။ သွေးထွက်အောင် မှန်တယ်ဆိုရင်လည်း မမှားပါဘူး။  အသေးစိတ်တွေ မပြောတော့ဘဲ လိုရင်းပြောရရင်ဖြင့် ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် အသက်နဲ့ အိုးအိမ်ဆုံးရှုံးမှုတွေ၊ စစ်ပြေးဒုက္ခသည်တွေ ရှိနေပါတယ်။
 
 သူတို့ဟာ ဘယ်သူ တွေလဲ၊ ဘာကြောင့် ခုလိုဆိုးမျိုးဒုက္ခတွေ ကြုံနေကြရသလဲ၊ သူတို့ကို ဘယ်သူတွေက ကူညီစောင့်ရှောက်နေသလဲ။ စစ်ဆေးကြည့်ရင် အဖြေတွေ့နိုင်ပါတယ်။

ငြိမ်းချမ်းရေး  လမ်းပြမြေပုံ

သမ်္မတကြီးက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရရှိခဲ့ပြီး နှစ်ဖက်အပြန်အလှန် ယုံကြည်မှုတွေကို ကြိုးပမ်းတည်ဆောက်လျက် နှစ်ဖက်ဆွေးနွေးပွဲတွေကို ဆက်လုပ်သွားမယ်လို့ ပြောတယ်။ 
 
အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝအဆုံးသတ်စေမယ့် အပြီးသတ် သဘောတူညီချက်ရအောင် ဆောင်ရွက်သွားမယ်လို့ ငြိမ်းချမ်းရေး လမ်းပြမြေပုံကို ဩန်းဆိုသွားပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ သိသလောက်တော့ ကချင်မပါသေးဘူး ထင်ပါတယ်။

မော်ကွန်းတင်ခံရမယ့်   အခွင့်အရေး
အထူးသဖြင့် ကမ္ဘာ့ အခြေအနေရော မြန်မာ့ အခြေအနေပါ အခွင့်သာမှု ရှိနေတဲ့ အခုလို အချိန်မျိုးမှာ ရာစုနှစ်တစ်ဝက်ကျော် ကြာလာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို အပြီးတိုင် ရပ်စဲ ချုပ်ငြိမ်းသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အစိုးရတစ်ရပ်အဖြစ် ကမ္ဘာသမိုင်းမှာ မော်ကွန်းတင်ခံရမယ့် အခွင့်အရေးကို လက်မလွှတ်သင့်တဲ့အကြောင်း ကောင်းမြတ် သော မနသီကာရဖြင့် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကျွန်တော် ဆောင်းပါး အချို့ ရေးခဲ့ဖူးပါတယ်။ 
 
တစ်ခါတော့ ကျွန်တော်က ရှေ့နေသားအဖ ဟာသပုံပြင် တစ်ခုကို ကိုးကားပြီး ယခင်ခေတ်တစ်ခေတ်က အချိန်ဆွဲနေခဲ့သူတွေ အကြောင်း ပြောခဲ့ဖူးတယ်။ အခု အဲဒီပုံပြင်လေး ပြန်ပြောပါမယ်။

အဲဒီ အမှုနဲ့   မင်းကို   ကျောင်းထားခဲ့တာ

နိုင်ငံရေး စိတ်ဝင်စားတဲ့ မြန်မာစာဖတ် ပရိသတ် အများစုကတော့ ကြားဖူးပြီးသား ဖြစ်မှာပါ။ ပုံပြင်က တိုတိုလေးပဲ။ သားရှေ့နေက ဖခင်ရှေ့နေ တစ်သက်လုံး လိုက်ခဲ့ ပေမယ့် မပြီးပြတ်ခဲ့တဲ့ သူဌေးကြီးတစ်ဦးရဲ့ အမှုကို သူပြီးပြတ်အောင် လိုက်နိုင် ခဲ့ကြောင်း အဖေကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုတဲ့  အခန်းနဲ့ပုံပြင်ကို  ဖွင့်ပါတယ်။  အဲဒီတော့  အဖေရှေ့နေက “မင်း တော်တော်မိုက်ပါလား၊ မင်းဘွဲ့တွေ ဘာတွေရပြီး အခုလို ရှေ့နေဖြစ်တဲ့အထိ အဲဒီသူဌေးကြီး အမှုကရတဲ့ငွေတွေနဲ့ ကျောင်းထားခဲ့တာကွ၊ နားလည်လား” လို့ ပြောလိုက်ပါသတဲ့။ ပုံပြင်လေးက ဒါပါပဲ။

ပြည်တွင်းစစ်ကို   အချိန်ဆွဲနေခဲ့သလို

အဲဒီပုံပြင်လေးရဲ့ သက်တမ်းဘယ်လောက် ရှိခဲ့ပြီဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်စပြီး ကြားဖူးတာတင် ဆယ်စုနှစ် အတော်ကြာခဲ့ပြီမို့ တော်တော်တော့ အသက်ကြီး နေလောက်ပါပြီ။ နိုင်ငံရေး စကားဝိုင်းတွေမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းစစ်အကြောင်း ရောက်လာတိုင်းလိုလိုမှာ အဲဒီပုံပြင်လေးကို ကြားရလေ့ရှိပါ တယ်။ ပါလီမန် ဒီမိုကရေစီကို ဖျက်သိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အစိုးရတွေဟာ (ပုံပြင်ထဲက ဖခင်ရှေ့နေကြီး အမှုကို အချိန်ဆွဲ လိုက်နေသလိုမျိုး)  ပြည်တွင်းစစ်ကို မပြီးနိုင်အောင် တမင် အချိန်ဆွဲနေခဲ့ကြတာ ဖြစ်တယ်ဆိုတဲ့အချက် ပေါ်လွင်အောင် ဖော်ပြဖို့ အဲဒီပုံပြင်လေးကို တီထွင်ခဲ့တာဖြစ်မှာ သေချာပါတယ်။

        ပုံပြင်တို့ ပြက်လုံးတို့ဆိုတာက သူတို့ရဲ့ အခြေခံ သဘာဝအရကို ကွင်းကွင်း ကွက်ကွက် ထိထိမိမိ စူးစူးရှရှ ကွဲကွဲပြားပြားဖြစ်အောင် ဖော်ပြရတာမျိုး ဖြစ်တာကြောင့် တကယ့် အခြေအနေမှန်ကို ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး။ အထူးသဖြင့် ဖိနှိပ်မှု အောက်မှာ နေနေရတယ်လို့ ခံစားနေကြရတဲ့ ပြည်သူတစ်ရပ်ဟာ သူတို့က ဖိနှိပ်သူလို့ မြင်နေတဲ့ လူတန်းစားအကြောင်း ပြောဆိုရာမှာ လွန်ကဲတဲ့ ဥပမာတွေ၊ ဥဒါဟရုဏ်တွေ သုံးစွဲကြလိမ့်မယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။

သားရှေ့နေအဖြစ်  မြင်ချင်ပြီ

ကျွန်တော်ကတော့ စစ်အစိုးရ အဆက်ဆက်ဟာ သူတို့ အကျိုးစီးပွားအတွက် ပြည်တွင်းစစ်ကို မပြီးအောင် တမင်အချိန်ဆွဲပြီး မွေးထားခဲ့ကြတာ ဖြစ်တယ်လို့ မယုံကြည်ပါဘူး။ အဲဒီအစား အတ္တတွေ၊ မာနတွေ၊ အာဃာတတွေ၊ သံသယတွေ၊ ဒေါသတွေကြောင့်သာ ပြည်တွင်းစစ် အခုအထိ သက်ဆိုးရှည်နေတာ ဖြစ်တယ်လို့ ယူဆသူပါ။

        ကျွန်တော်တို့ကတော့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကို ပုံပြင်ထဲက သားရှေ့နေအဖြစ် မြင်လိုလှပြီ ဖြစ်ကြောင်းပါဗျာ။         
                                 
၂၉၊ ၉၊ ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၁၄၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၄)

0 comments:

Post a Comment