Pages

Sunday, August 26, 2012

မြန်မာ့စာတိုက်လုပ်ငန်း အရှုံးပေါ်လျက်ရှိ

 
 မြန်မာ့စာတိုက်လုပ်ငန်းရဲ့ အရည်အသွေး မပြည့်ဝတဲ့ ဝန်ဆောင်မှုတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဌာနက ဒုတိယအထွေထွေ မန်နေဂျာတစ်ဦးက ပြောပါတယ်။
 ‘မြန်မာ့စာတိုက်လုပ်ငန်းက အရည်အသွေး မပြည့်ဝတဲ့ ဝန်ဆောင်မှုတွေ ဖြစ်လာတဲ့အတွက် စာတိုက်လုပ်ငန်းကို သုံးစွဲသူ နည်းလာပါတယ်။ နည်းပါးလာတဲ့အတွက် လက်ရှိအချိန်မှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်’ လို့ စီမံကိန်းနှင့် လေ့ကျင့်ရေးဌာနက ဒုတိယအထွေထွေ မန်နေဂျာ ဦးခမ်းအောင်က ယခုလ ၁၇ ရက်နေ့က ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
 
 ယခင်က ပြည်တွင်း စာပို့ခ နှစ်ကျပ်နဲ့ ပြည်ပစာပို့ခ ကျပ် ၃၀ ကောက်ခံခဲ့တယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာတော့ မြန်မာ့ စာပို့လုပ်ငန်း အနေနဲ့ ကျပ်သန်းပေါင်း ၃၄၀၀ ကျော် အရှုံးပေါ် ခဲ့တဲ့အတွက် ပြည်တွင်းပြည်ပ စာပို့ခနှုန်းထားတွေကို ပြည်တွင်း ကျပ် ၁၀၀ နဲ့ ပြည်ပ ကျပ် ၅၀၀ အထိ တိုးမြှင့်ကောက်ခံခဲ့တယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာတော့ ကျပ်သန်းပေါင်း ၂၇၀၀ သာရှုံးခဲ့တယ်လို့ သိရပါတယ်။
 
 စာတိုက်လုပ်ငန်းအပေါ် တန်ဖိုးထား ဂုဏ်ယူခြင်းမရှိတဲ့၊ ခေါက်ရိုးကျိုးနေတဲ့၊ ခေတ်နောက်ပြန်ဆွဲနေတဲ့ ဝန်ထမ်းအချို့ စာတိုက်လုပ်ငန်းမှာ ရှိနေတဲ့အတွက် သုံးစွဲသူ ပြည်သူတွေရဲ့ ယုံကြည်မှုကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေဖြစ်နေတယ်။
 
 မြန်မာ့စာတိုက်လုပ်ငန်းမှာ နည်းပညာနဲ့ လေ့ကျင့်သင်ကြားပေးမှု အားနည်းတာကြောင့် ဝန်ဆောင်မှု အရည်အသွေး နိမ့်ကျလာတယ်။ ဝန်ဆောင်မှု အရည်အသွေး ကျဆင်းလာတဲ့အတွက် လုပ်ငန်းပမာဏလည်း ကျဆင်း လာတယ်လို့ ဆိုပါတယ်။ ‘ရည်မှန်းချက်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ရှိရမယ်၊ အဲဒီလိုရှိတဲ့အခါကျမှ ဝန်ဆောင်မှု အရည်အသွေး တိုးမြှင့်လာမှာ ဖြစ်သလို လုပ်ငန်း ပမာဏကလဲ တိုးတက်လာမှာ ဖြစ်ပါတယ်၊ 
 
လုပ်ငန်းပမာဏ တိုးလာရင် အမြတ်အစွန်း ရရှိလာမှာ ဖြစ်ပါတယ်၊ နည်းဥပဒေများ ပြင်ဆင်ပြောင်းလဲခြင်းနဲ့ စီးပွားရေးဆန်ဆန် ဆောင်ရွက်ဖို့ လိုအပ်ပြီ’ လို့ ဦးခမ်းအောင်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
 
ရွေဂုံတိုင်

0 comments:

Post a Comment