Pages

Monday, July 16, 2012

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ဆင်မင်းဈေး(သိပ္ပံဈေး)အား (၈)ထပ်အဆင့်မြင့်ဈေးအဖြစ် ၂ နှစ် အတွင်း အပြီးသတ်တည်ဆောက်သွားမည်


ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ဆင်မင်းဈေး(သိပ္ပံဈေး)အား (၈)ထပ်အဆင့်မြင့်ဈေးအဖြစ် ၂ နှစ် အတွင်း အပြီးသတ်တည်ဆောက်သွားရမည်ဖြစ်ကြောင်း  ဈေးဆောက်လုပ်မည့်ကုမ္ပဏီထံက သိရှိရသည်။



“ဈေးကိုတော့ ၂နှစ်အတွင်း အပြီးဆောက်သွားမယ်။ ဈေးသည်တွေ ပြန်လည်ရောင်းချနိုင်အောင် အမြန်ဆုံးဆောက်သွားဖို့ ရှိ ပါတယ်။ အခုဈေးဟောင်းကို စဖြိုနေပါပြီ။ ဈေးသည်တွေကို သူ့နေရာနဲ့သူ သူ့ဆိုင်ခန်းနဲ့သူ ပြန်ပေးနိုင်မှာပါ။ ဒီအဆင့်မြင့်ဈေး မှာ လေ၀င်လေထွက်ကောင်းအောင်လို့လဲ အခန်းခြားဆောက်ဖို့ ရှိပါတယ်” ဟု  နေကမ္ဘာမြန်မာဆောက်လုပ်ရေးကုမ္မဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန့်ဇင်ဦးက ပြောသည်။ 


အဆိုပါဈေးအား အဆင့်မြင့်ဈေးအဖြစ်နေကမ္ဘာမြန်မာဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ပြီး (၂)နှစ်အပြီး တည်ဆောက်နိုင်မူမရှိပါက တစ်ရက်လျှင် ကျပ်(၁)သိန်းနှုန်း စည်ပင်ဈေးများ ဌာနသို့ ပေးဆောင် ရမည်ဖြစ်ကြောင်း  ကိုလည်း သိရှိရသည်။


တည်ဆောက်မည့် အဆင့်မြင့်ဈေးသစ်ကြီး၏ မြေညီထပ်တွင် သီးသန့် ဈေးဆိုင်ခန်းပေါင်း (၇၂၈) ခန်းထား ရှိကာ ကားပါကင်များ၊ ကော်ဖီဘားများ၊ Spa များ ၊ ရေကူးကန်များနှင့် ကွန်ဒိုများအား ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်သည်။ ဆင်မင်းဈေး
(သိပ္ပံဈေး)နေရာ၌ အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်ပြီးစီးပါက စည်ပင်မှ ကောက်ခံသည့် အခွန်အခ များဖြစ်သောသန့်ရှင်းရေးခွန်၊ ဆိုင်ခန်းခွန်၊ ရေခွန်နှင့် မီးခွန်များအား လက်ရှိကောက်ခံနေသာ အခွန်နူန်းထားများ အတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။


“ဈေးကို အဆင့်မြင့်ဈေးတည်ဆောက်မယ်ဆိုပေမယ့် အခွန်ခတွေ၊ဆိုင်ခန်းခတွေ တိုးကောက်ဖို့ မရှိပါဘူး။ အခုပြန်ဆောက်နေ တဲ့အချိန်မှာလည်း ဈေးသည်တွေ အဆင်ပြေစေဖို့ ယာယီဈေးဖွင့်ပေးထားတယ်။ အခု ယာယီဈေးမှာလည်း အခွန် ခတွေ လျော့ပေးထားတယ်။ ရေခွန်၊ မီးခွန်၊ ဆိုင်ခွန်ပဲ ကောက်ပြီး  အခြားအခွန်ခတွေ မကောက်ပါဘူး“ဟု ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 


ဆင်မင်းဈေးတွင် (၅)ပေပတ်လည် အကျယ်အ၀န်းရှိ ဆိုင်ခန်းပေါင်း (၇၂၇)ခန်းရှိ၍  ဈေးသူဈေးသားများအား ဇူလိုင်လ (၁)ရက်နေ့မှ (၇)ရက်တွင်း ရွှေ့ပြောင်းရန် သတ်မှတ်ခဲ့ပြီး လက်ရှိအချိန်တွင် ဈေးသစ်တည်ဆောက် နိုင်ရန် အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

Ref: မြစ်မခမီဒီယာ

0 comments:

Post a Comment