Pages

Monday, June 25, 2012

ရန်ကုန်မြို့နယ်အတွင်းရှိ လမ်းကြမ်းများအတွက် တက္ကစီယာဉ်ဟောင်းများကိုသာ အားထားနေရဆဲ

ရန်ကုန်မြို့နယ်အတွင်းရှိ လမ်းကြမ်းများအတွက် တက္ကစီယာဉ်ဟောင်းများကိုသာ အားထားနေရဆဲ


ရန်ကုန်မြို့အတွင်းရှိ တက္ကစီကားအသစ်များမှာလမ်းကြမ်းများနှင့်ခရီးဝေးလျှင် မလိုက်လို၍ ယခင်ပြေးဆွဲလျက်ရှိသော တက္ကစီအိုဟောင်းယာဉ်များကိုသာ အားထားနေရဆဲဖြစ်ကြောင်း ခရီးသွားများထံကသိရှိရသည်။
အစိုးရသစ်၏ ကားတင်သွင်းများပေါ်တွင် ချမှတ်သော မူဝါဒများနှင့်ယာဉ်အိုယာဉ်ဟောင်း  လဲလှယ်ခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်းတွင်
မော်တော်ယာဉ်အသစ်များပိုမိုများပြားလာပြီး ယခင်ရှိခဲ့သောလမ်းဟောင်းများနှင့် ကိုက်ညီမှု မရှိသောကြောင့် ယခုကဲ့သို့သော ပြဿနာများ
ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း လုပ်သက် (၂၀)ရှိ ကားဈေးကွက် ကျွမ်းကျင်သူဦးကျော်ကပြောသည်။

“အခုနောက်ပိုင်းဝင်လာတဲ့တက္ကစီအသစ်တွေကနေရာတိုင်းကိုမလိုက်ဘူး၊လမ်းမကောင်းရင်ခရီးဝေးရင်မလိုက်ဘူး။ လိုက်တဲ့သူကြတော့ လည်းဈေးကိုမတန်တဆ ပိုတောင်းကြတယ်၊ တက္ကစီဟောင်းတွေကတော့နေရာတော်တော်များများကို လိုက်ပေးတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှဗဟန်းမြို့နယ်သို့ နေ့စဉ် သင်တန်းသွားနေသူ မနွယ်ကပြောသည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်တွင်းသို့ဝင်ရောက်လာသည့်မော်တော်ယာဉ်အရေအတွက်မှာ မေလ ၃၁ ရက်နေ့ အထိ အစီးရေ (၄၈၁၉၃)စီးရှိပြီးယာဉ်အိုယာဉ်ဟောင်းလက်ခံ၍ ကားသစ်တင်သွင်းမှုမျှာ ဇွန်လ(၁၄) ရက်နေ့အထိအစီးရေ(၂၇၉၇၁) စီးရှိပြီဖြစ်ကြောင်း   သက်ဆိုင်ရာ ဌာနများမှသတင်းထုတ်ပြန်ထားသည်။


ရန်ကုန်မြို့တွင်း မော်တော်ယာဉ်လမ်းများ တိုးချဲ့နေခြင်း၊ လမ်းတံတားများတည်ဆောက်နေခြင်းနှင့် မော်တော်ယာဉ် အသစ်များ များပြားလာခြင်းတို့ကြောင့်ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေလျက်ရှိပြီးခရီးသွားပြည်သူအများစုမှာလည်း   အဌားယာဉ်များကိုသာ အားထားနေရသည်။

“အရင်ကဆိုရင်ကားတစ်စီးပြည့်ဖို့ စောင့်နေရသေးတယ်။ အခုနောက်ပိုင်းဆိုရင်ကားတွေတောင်သိပ်မလောက်တော့ဘူး။မနက်ပိုင်းမှာ အဌားကားစီးတဲ့လူတွေပိုများလာတယ်”ဟု မြောက်ဥက္ကလာအဝိုင်းရှိ စုပေါင်းတက္ကစီ လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်း လက်ရှိပြေးဆွဲနေသော တက္ကစီများမှာ ဓါတ်ဆီကားများဖြစ်၍လမ်းကြမ်းတမ်းမှုဒဏ်မခံနိုင်ခြင်း၊ ကိုယ်ထည် သေးငယ်ခြင်း၊
ခရီးသည်ရွေးခြင်းနှင့် ခရီးဝေးများမလိုက်နိုင်ခြင်းစသည့်အချက်များကြောင့် တက္ကစီယာဉ်ဟောင်းများကိုသာ အားပြုနေရဆဲဖြစ်သည်။

“အခုဆွဲနေတဲ့ကားတွေကိုကြည့်လိုက် သေးသေးလေးတွေချည်းပဲ။ တစ်ချို့ဆိုရင်ရွှေငါးတို့၊ ကာဒီးနား(စက်ရုပ်) တို့ ဘာတို့ကိုတောင် တက္ကစီလုပ်တဲ့သူတွေရှိတယ်။ အဲဒီတော့ နဲနဲဝေးတဲ့ခရီး လမ်းသိပ်မကောင်းနိုင်တဲ့ ခရီးတွေဆိုရင်မလိုက်ကြတော့ဘူး။   ဟိုးအရင်က တက္ကစီတွေကတော့ ဒူပေဒါပေခံတယ်”ဟုစုပေါင်းတက္ကစီလုပ်ကိုင်သူက ပြောသည်။

ကျော်ဇင်မန်း(မြစ်မခ)

0 comments:

Post a Comment