Pages

Wednesday, June 27, 2012

ရန်ကုန်မြို့တွင်းရှိ လမ်းများအနက် ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးနေသော လမ်းများ ဖြစ်နေ


ရန်ကုန်မြို့တွင်းရှိ လမ်းများအနက် ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးနေသော လမ်းများ ဖြစ်နေ

w7381
ရန်ကုန်မြို့တွင်းရှိ လမ်းများအနက် ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးနေသော လမ်းများဖြစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရှိရသည်။

လက်ရှိရန်ကုန်မြို့ရှိ လမ်းများတွင် အမျိုးအစားလေးမျိုး ခွဲခြားထားပြီး အဆိုပါလေးမျိုးတွင် ကောင်းသောလမ်း၊ အသင့်အတင့်ရှိသောလမ်း၊ လက်ခံ၍ ရသောလမ်း၊ အချို့မှာ ဆိုးရွားသောလမ်း(ကတ္တရာကုန်၍ ကျောက်များပေါ်နေသောလမ်း) များ စသည်တို့ ဖြစ်ကြောင်း သိရှိရသည်။ လမ်းပျက်စီးမှု များပြားခြင်းမှာလည်း လမ်းသားများ၏ အရည်အသွေး၊ ယာဉ်သွားလာမှု များပြားခြင်းတို့အပေါ် များစွာမူတည်နေသည်ဟု သိရသည်။
"ရန်ကုန်မြို့တွင်းက လမ်းတွေရဲ့ ၇၀ ရာခိုင်နှုန်းက ပျက်စီးနေတဲ့ လမ်းတွေပါ။ မြို့တွင်းလမ်းတွေက ကတ္တရာသားတွေ ကုန်နေပြီ"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လမ်းများ၏ ပျက်စီးမှု အနေအထားများကြောင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တစ်မြို့လုံးနီးပါးရှိ လမ်းမကြီးများနှင့် မြို့တွင်းမြို့နယ်များ အတွင်းရှိ လမ်းသွယ်များကို ပြန်လည်ခင်းကျင်းမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း၊ ရေမကြီးသည့် လမ်းများကို ကတ္တရာလမ်းများအဖြစ် လည်းကောင်း၊ ရေကြီးရေကျော်သော လမ်းများကို ကွန်ကရစ် လမ်းများအဖြစ် ခင်းကျင်းသွားရန် ရှိကြောင်း သိရှိရသည်။ ယင်းကဲ့သို့ ခင်းကျင်းရန် အတွက် ကတ္တရာများကို ပြည်ပမှ မှာယူတင်သွင်း သွားမည်ဖြစ်ပြီး ဘဏ္ဍာငွေ အခြေအနေပေါ် မူတည်၍ ခင်းကျင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"အခုရန်ကုန်မြို့မှာ အချို့လမ်းတွေကတော့ ပြန်ခင်းတာ ကောင်းနေပါပြီ။ ဒါပေမယ့် လမ်းမကြီးအချို့နဲ့ လမ်းသွယ်အချို့ကတော့ ဆိုးနေတုန်းပါပဲ။ တစ်ခါတလေ လမ်းဆိုးတဲ့ ဘက်တွေကို ကားငှားရင် မလိုက်ချင်ဘူး"ဟု ရန်ကုန်မြို့တွင်း အငှားယာဉ် မောင်းနှင်သူတစ်ဦးက ပြောပြခဲ့သည်။
ယခုလက်ရှိ မိုးရာသီကာလ ဖြစ်သောကြောင့် မိုးရွာသွန်းမှု များပြားနေသည့် ကာလအတွင်း ရန်ကုန်တစ်မြို့လုံး၌ လမ်းခင်းခြင်း လုပ်ငန်းထက် လမ်းပေါက်ဖာခြင်းကို ဦးစားပေး ပြုလုပ်လျက်ရှိကြောင်း၊ မိုးရွာသွန်းမှု နည်းပါးသည့် အချိန်မှသာ လမ်းခင်းခြင်းကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
"ကတ္တရာက ရေကြောက်တော့ မိုးရွာတဲ့အချိန် လမ်းခင်းရတာ အဆင်မပြေဘူး။ ဒါကြောင့် မိုးများတဲ့အချိန်မှာ လမ်းခင်းတာကို ရပ်ထားမယ်။ မိုးရွာတာ ကျဲပါးတဲ့ အချိန်တွေမှသာ လမ်းခင်းတာကို လုပ်မယ်။ အခုပြည်လမ်းရဲ့ တစ်ဖက်ကို ၁၀ မိုင်ကုန်းကနေ စခင်းတာ ၆ မိုင်ခွဲအထိရောက်တော့ ခဏရပ်ထားတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်တစ်မြို့လုံးတွင် ကတ္တရာလမ်း ၂၁၀၀ ကျော်၊ ကွန်ကရစ်လမ်း ၃၂၉၀ ခန့်နှင့် ကတ္တရာ ကွန်ကရစ်လမ်း ၁၇၆၀ ခန့်ရှိပြီး ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်းက ရန်ကုန်မြို့ရှိ လမ်းမကြီး အရေအတွက် ၂၁ လမ်း၊ ပေအားဖြင့် ၅၉၀၀၀ကျော်ကို ခင်းကျင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Eleven Media Group:

0 comments:

Post a Comment