Pages

Tuesday, May 24, 2016

မြို့လယ်ခေါင်တွင် လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး


RangonNewsDaily::Tuesday. May 24.2016 
ရန်ကုန်ဘူတာကြီးဝင်းရှိ အထူးတန်းလတ်မှတ်ရုံ ဝင်ပေါက်အနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေးပလက်ဖောင်းတွင် ယနေ့ (မေလ ၂၄ ရက်) ညနေ ၄ နာရီခန့်က လမ်းဖြတ်ကူးသူ အသက် ၁၆ နှစ်အရွယ် အမည်မသိ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါအမျိုးသားသည် ရန်ကုန်ဘူတာကြီးဘက်ခြမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေးတွင်ရပ်ထားသည့် မော်တော်ယာဉ်များကြားမှ ပလက်ဖောင်းသို့ လမ်းဖြတ်ကူးစဉ် လမ်းဘေးဓာတ်တိုင်အနီး ရေဝပ်နေသည့် ရေအိုင်ထဲ ဆင်းမိရာမှ ဓာတ်လိုက်ပြီး လဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“သေဆုံးသူက ဆာကူရာတာဝါဘက်ခြမ်းကနေ ရန်ကုန်ဘူတာကြီးဘက်ကို လမ်းဖြတ်ကူးလာတာ၊ ဘူတာကြီးဘက်ခြမ်းက ပလက်ဖောင်းအနီးမှာရှိတဲ့ လမ်းဘေးဓာတ်တိုင်နားက ရေအိုင်ထဲဖြတ်ကူးချိန် ဓာတ်လိုက်ပြီး သေဆုံးခဲ့တာ၊ ဓာတ်တိုင်အောက်ခြေနားမှာ တပ်ဆင်ထားတဲ့ ဓာတ်ကြိုးမိန်းဘောက်စ်တွေထဲက ဝါယာကြိုးတစ်စက ရေထဲကျနေပြီး လျှပ်စီးဝင်နေတာလို့ စစ်ဆေးသိရှိရတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါဓာတ်လိုက်လူသေဆုံးမှုကို မြို့နယ်လျှပ်စစ်အဖွဲ့မှ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိပြီး အမည်မသိ သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ သေမှုသေခင်းဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ဓာတ်ပုံ - Kalayar Sukyi / The Voice::--KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment