Pages

Tuesday, December 8, 2015

စည်းကမ်းရှိခြင်းဖြင့် အပြောင်းအလဲကို စတင်ပါ



RangonNewsDaily:: December . 8 .2015
ပြီးခဲ့သည့်ရက်က 7Day Daily သတင်းစာ၏ ဖေ့စ်ဘွတ်ခ်တစ်ခွင်ကဏ္ဍတွင် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ဆောက်လှူဒါန်း ထားသော ကျောက်စိမ်းစေတီ တော်မြတ်ကြီး၏ ရင်ပြင်တော်ထောင့်တစ်ခုတွင် စည်းကမ်းမဲ့စွာ ထွေးထားကြသော ကွမ်းတံ တွေးများအကြောင်းကို ဖတ်ရှုလိုက်ရ၍ များစွာ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ကျွန်တော်ကိုယ်တိုင် အခြား အခြားသောမိတ်ဆွေများ 'Share'ထားသော ညစ်နွမ်းနေသော ရင်ပြင်တော်ပုံကို မြင်ရသောအခါ ပို၍ စိတ်မကောင်းဖြစ်ခဲ့ရပြီး များ စွာလည်း စိတ်ပျက်မိပါသည်။
.
လွန်ခဲ့သည့်နှစ်ကလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုတွင် ခနဲ့တဲ့တဲ့ရေးထားသော အသိပေး စာတစ်ကြောင်းနှင့် စည်းကမ်းမဲ့ လုပ်ထားသောဖြစ်ရပ်ကို မှတ် တမ်းတင်ထားသောဓာတ်ပုံတစ် ပုံတွေ့ခဲ့ရသည်။ ‘အရှိဆုံးက စေတနာ၊ မရှိဆုံးကစည်းကမ်း’ဆို သောစာသားလေးဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံသားများ၏ စေတနာတရားကို မည်သည့်နိုင်ငံ ကမျှ လိုက်မီမည်မဟုတ်သေးပါ။ ကျွန်တော်တို့နိုင်ငံသားများ၏ရင် ထဲတွင် စေတနာ သဒ္ဓါတရား ကောင်းခဲ့ကြသော မိဘဘိုးဘွား များ၏ ရေခံမြေခံ သဘောတရား ကောင်းများက ကျွန်တော်တို့ နောင်လာနောက်သားများအထိ ကပ်ပါလာကြသည်။ စေတနာ သဒ္ဓါတရားနှင့် ပရဟိတစိတ် ဓာတ်များစွာရှိနေသောကြောင့် ကမ္ဘာကအသိအမှတ်ပြုထားရ သည်အထိ စေတနာသဒ္ဓါတရား များစွာကြီးမားပါသည်။
.
သို့သော် အထက်တွင်ဖော် ပြထားခဲ့သော စာကြောင်းလေးထဲ က‘မရှိဆုံးက စည်းကမ်း’ဆိုတာ မျိုးတော့ ကျွန်တော်တို့နိုင်ငံသား များကိုမဖြစ်စေချင်။ စည်းကမ်းရှိ ကြသော နိုင်ငံသားများစွာရှိကြ သည်။ စည်းကမ်းမလိုက်နာသော နိုင်ငံသားများလည်းရှိနေသည်။ ဘာကြောင့် ညာကြောင့်ဆိုသည် ကို အပြစ်တင်မနေတော့ဘဲ အချိန် မရွေး၊ နေရာဒေသမရွေး စနစ် တကျစည်းကမ်းရှိကြခြင်းအား ဖြင့် စည်းကမ်းမရှိမှု၊ စည်းကမ်းမဲ့ မှုမှ လွတ်မြောက်စေချင်ကြသည်။ အထူးသဖြင့် အထွတ်အမြတ်ထား ရာသာသနိကအဆောက်အအုံ များနှင့် သာသနာ့နယ်မြေများတွင် ထိုကဲ့သို့ စည်းကမ်းမဲ့မှုများက များစွာအကျည်းတန်စေပါသည်။
တစ်ခါက မိတ်ဆွေတစ် ယောက်၏ အလှူတစ်ခုသို့သွား ရင်း ဘုန်းကြီးကျောင်း၏တိုင်များ တွင် ချိတ်ဆွဲထားသော စာသား လေးများကို တစ်ပိုဒ်ချင်းအလိုက် ဖတ်ရင်း ကျွန်တော်တို့အတွက် လွန်စွာသတိပြုစရာကောင်း သော ကဗျာတစ်ပုဒ်ကိုတွေ့လိုက် ရ၍ ဆရာတော့်ကိုခွင့်တောင်းပြီး ကူးယူလာခဲ့ပါသည်။
.
‘‘ကျောင်းပေါ်တက်က ခြေ သုတ်ရ၊ ဦးချမြတ်ဗုဒ္ဓ၊ ဆေးလိပ် သောက်က ခွက်ခံမှ၊ ပြင်ပမချရ။
ကွမ်းစားတတ်သူ ထုံးဖြူဖြူ၊ တိုင်မှာမသုတ်ရ၊ နေရာမရွေး၊ ကွမ်းတံတွေး၊ ထွေးတိုင်းမသင့်လှ’’
.
ထိုကဗျာလေးကို များစွာ သတိပြုစေချင်ပါသည်။ ခက်ခဲ လွန်းသောကိစ္စမဟုတ်ပါဘဲနှင့် အလွယ်တကူ စည်းကမ်းမဲ့မှု ကြောင့် ပတ်ဝန်းကျင်ကိုညစ်နွမ်း စေခဲ့ရသလို မြင်ရတွေ့ရသူများ ကိုလည်း များစွာစိတ်အနှောင့် အယှက်ဖြစ်စေသည်။ ကျွန်တော် တို့နိုင်ငံတွင်း ‘‘ကွမ်းတံတွေး၊ ဆေးလိပ်ငွေ့၊ အမှိုက်နှင့်ပတ်ဝန်း ကျင်ကို နားမခံနိုင်စေသော အလွန်အကျွံ စက်ဖွင့်မှုများကို စနစ်တကျပြုပြင်ထိန်းသိမ်းပေး ခြင်းနှင့် စနစ်တကျ လိုက်နာနိုင် ခြင်းများရှိခဲ့ကြမည်ဆိုလျှင် နိုင်ငံ တစ်ဝန်းသန့်ရှင်းပြီး စိတ်အနှောင့် အယှက်ဖြစ်ရခြင်းများ နည်းပါး သွားနိုင်ပါသည်။
အထူးသဖြင့် ကွမ်းတံတွေး ဖြင့် ညစ်နွမ်းနေရသော အဆောက်အအုံများစွာ၊ နေရာများစွာရှိနေ သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်လာ သော ခေတ်ကြီးနှင့် ပြောင်းလဲ လာသောခေတ်စနစ်ထဲတွင် ကွမ်းတံတွေးကြောင့် နေရာစုံမှာ ‘ညစ်နွမ်းအကျည်းတန်ရခြင်း’များ ကမရှိသင့်တော့ပြီဖြစ်သည်။ ကွမ်းစားတတ်သော မည်သည့်နိုင် ငံသားမဆို ကွမ်းတံတွေးကြောင့် ပတ်ဝန်းကျင်ကို မညစ်နွမ်းစေဖို့ လိုအပ်သည်။ စည်းကမ်းမဲ့ကွမ်း တံတွေးများကြောင့် ကျွန်တော်တို့ နိုင်ငံ၏ ပုံရိပ်ကို မထိခိုက်စေချင် ပါ။
.
လူအများကြားထဲ၊ ကလေး သူငယ်များ၏အနီးအနားတွင် ဆေးလိပ်သောက်ခြင်းသည်လည်းဆေးလိပ်မသောက်တတ်သောလူများနှင့် ကလေးများအတွက် များစွာ အနှောင့်အယှက် ဖြစ်စေပါသည်။ စီးကရက်တစ်လိပ်တွင်လူကို အန္တရာယ်ပြုစေနိုင်သော ဓာတ်ပေါင်း ၄,၀၀၀ ကျော်ရှိသည်ဟုဆိုကြပါသည်။ ဆေးလိပ်ငွေ့များ ကို တစ်ဆင့်ရှူရှိုက်နေရခြင်း သည်လည်း ဆေးလိပ်သောက် သုံးသူတစ်ယောက်ကဲ့သို့ ရောဂါဖြစ်နိုင်သည်ကို ဆေးလိပ်သောက်သူများ အနေဖြင့် သတိပြုသင့်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ နေရာအချို့တွင်လည်း ဆေးလိပ်မသောက်ရသည့်ဇုန်အချို့ ဖော်ဆောင်ထားသည်ကို တွေ့ရ သည်။ တိကျစွာအရေးယူမှုမရှိခြင်း၊ ဒဏ်ရိုက်မှုမရှိခြင်းများက စည်းကမ်းမဲ့မှုကို ပို၍ဖြစ်စေခဲ့ သည်ဟုထင်မိပါသည်။ တစ်ဦးချင်းစီ၏ အသိစိတ်ဓာတ်များ ထွန်းကားကြမည်ဆိုလျှင် ပတ်ဝန်းကျင် တွင် စည်းကမ်းမဲ့မှုများ နည်းပါး ပပျောက်သွားနိုင်ပါသည်။
.
စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများနှင့် စည်းကမ်းမဲ့ ဆူညံသံ များသည်လည်း နေရာအချို့တွင် များစွာရှိနေပါသည်။ ပတ်ဝန်း ကျင်ကို များစွာအနှောင့်အယှက် ဖြစ်စေပါသည်။ သက်ဆိုင်ရာဌာန များအနေဖြင့် ဆူညံသံ၊ အသံချဲ့ စက်သံများကို စည်းကမ်းတကျ ဖြစ်အောင်ထိန်းချုပ်ပေးသင့်ပါ သည်။ ယနေ့လူမှုပတ်ဝန်းကျင် တွင် ကျယ်လောင်လွန်းသော အသံချဲ့စက်များသည် လူအများ အတွက် နားဒုက္ခ အကြီးအကျယ် ဖြစ်နေသည်မှာ အမှန်ပင်ဖြစ်ပါ သည်။ ယခုကတည်းက မထိန်း ချုပ်နိုင်လျှင် ရှေ့ဆက်၍ ပို၍ဆိုး လာသောအနေအထားများဖြစ် သွားနိုင်ပါသည်။
.
အစိုးရသစ်၏မူဝါဒသစ်များ အောက်တွင် ပြည်သူအားလုံး စည်းကမ်းရှိစွာပြုမူနေထိုင်ရေး အတွက် မည်သို့မည်ပုံဖြစ်ရမည်၊ လိုက်နာပြုကျင့်ရမည်ဆိုသော အချက်အလက်အကြောင်းအရာ များပါဝင်လိမ့်မည်ဟု မျှော်လင့်မိ ပါသည်။ ယခုပင် လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် က ဒီချုပ်အမတ်များဦးဆောင် အမှိုက်ကောက်ရန် တိုက်တွန်းမှု အပြီး နိုင်ငံတစ်ဝန်းရှိပြည်သူအချို့ အမှိုက်ကောက်လာသည်ကို အား တက်ဖွယ်တွေ့ရသည်။ အမှိုက် ကောက်ခြင်းအမှုမှ စည်းကမ်း တကျနေထိုင်ကြရန် တိုက်တွန်းမှု များ ပိုမြင်တွေ့ရပြီဖြစ်သည်။ 
.
ကျွန်တော်တို့ ပြည်သူများအနေ ဖြင့် အပြောင်းအလဲကို လိုလား ကြသူများပီပီ အစိုးရတစ်ရပ် ပြောင်းလဲသွားရုံဖြင့် ပြီးဆုံးသွား သည်မဟုတ်ဘဲ လူမှုဝန်းကျင်တွင် အဘက်ဘက်မှ စည်းကမ်းရှိခြင်း ဖြင့် မကောင်းသောအမူအကျင့် နှင့် စည်းကမ်းမဲ့ခြင်းများကို အလုံးစုံပြောင်းလဲကြရမည်ဖြစ်သည်။ သို့မှသာ ကျွန်တော်တို့မျှော်လင့်ခဲ့ ကြသော ‘စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်’ဖြစ်လာပါ လိမ့်မည်။ ကိစ္စမှန်သမျှကို သေး ငယ်သည်ဟု သဘောမထားဘဲ နိုင်ငံကြီးသားပီသစွာဖြင့် လူမှု ဝန်းကျင်တွင် စည်းကမ်းရှိရှိ ပြုမူ နေထိုင်ခြင်းအားဖြင့် ကျွန်တော် တို့နိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်နိုင် မည်ဟု ယုံကြည်မိပါသည်။
Byညီစစ်ငြိမ်း
7Day , 
KOLATT(PBDN)

RangonNewsDaily




0 comments:

Post a Comment