Pages

Tuesday, November 3, 2015

ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်တစ်စင်းမှောက်၊ လေးဦးသေ၊ ခြောက်ဦးပျောက်ဆုံး


RangonNewsDaily:: November . 3 .2015
မုံရွာဆိပ်ကမ်းမှ ဟုမ္မလင်းမြို့သို့ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီခန့်က ဆန်တက်သွားသော ခရီးသည် ၆၈ ဦးလိုက်ပါခဲ့သည့် မြန်မာဇမ္ဗူထွန်းရေယာဉ်အသင်းမှ ရာဇာထွန်းအမည်ရှိ လူစီးအမြန်ရေယာဉ်တစ်စင်း နိုဝင်ဘာ ၁ ရက် နံနက် ၅ နာရီခန့်က ကလေးဝမြို့အထက် ဂဇက်ကျေးရွာအနီးရှိ လောင်းဂရိတ်ဝဲကိုဖြတ်သန်းစဉ် ဝဲအတွင်းနစ်မြုပ်ခဲ့သောကြောင့် အမျိုးသမီးလေးဦးသေဆုံးကာ ခြောက်ဦးပျောက်ဆုံးနေကြောင်း ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးဦးမောင်ထူးက ပြောကြားသည်။
အဆိုပါရေယာဉ်မြုပ်ပြီးချိန်တွင် လောင်းဂရိတ်ဝဲအနီးရှိ ဂဇက်ကျေးရွာမှ စက်လှေများဖြင့်ကယ်ဆယ်ခဲ့ရာ ယင်းနေ့ ညနေ ၄ နာရီခန့်အထိ ခရီးသည် ၅၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

"မနက်ငါးနာရီလောက်မှာ ဝဲကိုဖြတ်နေတဲ့အချိန် မော်တော်ဦးလည်သွားတာ။ ဝဲထဲမှာ နာရီဝက်လောက်လည်ပြီးတော့မှ မြုပ်သွားတာ။ ကျွန်တော်တို့က မော်တော်ပေါ်မှာထိုင်နေတော့ မြုပ်တဲ့အချိန်ခုန်ချပြီး အနီးအနားရွာက လူတွေလာကယ်လို့ လွတ်သွားတာ” ဟု ဟုမ္မလင်းမြို့နယ်ရှိ ရွှေလုပ်ကွက်များသို့ သွားရောက်လုပ်ကိုင်ရန် မော်တော်ဖြင့်လိုက်ပါလာသည့် ဦးနေလင်းဦးက ဖြစ်စဉ်ကိုရှင်းပြသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်များသို့သွားရောက်လုပ်ကိုင်ရန် မော်တော်ပေါ်တွင် အဖွဲ့ဝင် ၂၃ ဦး ပါဝင်ခဲ့သော်လည်း ကယ်ဆယ်ရေးစခန်းရှိရာ ဂဇက်ကျေးရွာသို့ ရောက်ချိန်အထိ အဖွဲ့သားသုံးဦးသာ တွေ့ရကြောင်း၊ ကျန်သူများနှင့် အဆက်အသွယ်မရသေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။



ဆယ်ယူရရှိခဲ့သူများအနက် လေးဦးမှာဒဏ်ရာပြင်းထန်သောကြောင့် စက်လှေများဖြင့် ကလေးမြို့ရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း၊ အခြားဒဏ်ရာမရှိသူများကိုမူ ဂဇက်ကျေးရွာဇရပ်တွင် ယာယီကယ်ဆယ်ထားရကြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွင် ကိုယ်တိုင်ကူညီလုပ်ကိုင်ပေးနေသည့် ကလေးဝမြို့ခံ ဦးအောင်ဇော်ဦးက ပြောဆိုသည်။
“အပြင်းအထန်ဒဏ်ရာရတယ်ဆိုတဲ့သူတွေက အထက်တန်းတွေထဲမှာ လိုက်လာတဲ့သူတွေ။ သူတို့က မော်တော်မြုပ်တဲ့အချိန်မှာ မှန်ကိုခွဲပြီး ထွက်လာခဲ့ရတော့ ဦးခေါင်းမှာ ဒဏ်ရာရတာတွေရှိတယ်။ ကျွန်တော်တို့တွေက စက်လှေတွေနဲ့တင်လာပြီး ကလေးဝအထိခေါ်ခဲ့တယ်” ဟု ၎င်းကရှင်းပြသည်။


မုံရွာမြို့မှထွက်ခွာသွားစဉ်က အဆိုပါရေယာဉ်ပေါ်တွင် ခရီးသည် ၆၈ ဦးလိုက်ပါသွားကြောင်း မြန်မာဇမ္ဗူထွန်း ရေယာဉ်အသင်း မုံရွာဂိတ်တာဝန်ခံ ဦးညိုကြီးက ပြောကြားသည်။
ဂဇက်ကျေးရွာအနီးရှိ လောင်းဂရိတ်ဝဲတွင် ၂၀၀၂ ခုနှစ်က ငွေဇင်သိန်းအမည်ရှိ လူစီးအမြန်ရေယာဉ်တစ်စင်း နစ်မြုပ်ခဲ့ဖူးရာ အဆိုပါအမြန်ရေယာဉ်ကို လက်ရှိအချိန်အထိ ရှာဖွေမတွေ့ရှိတော့ကြောင်း၊ ယင်းအချိန်က မုံရွာတက္ကသိုလ်၌ အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ဒုတိယနှစ်နှင့် စတုတ္ထနှစ်ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူလေးဆယ်ကျော်သေဆုံးခဲ့ရသည်ဟု မုံရွာမြို့ခံ အမြန်ရေယာဉ်ပိုင်တစ်ဦးက ပြောဆိုသည်။

လက်ရှိနစ်မြုပ်ခဲ့သည့် ရာဇာထွန်းအမြန်ရေယာဉ်ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းအထိ ရှာဖွေ၍မရသေးကြောင်း၊ ရေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်ခြောက်ဦး ပျောက်ဆုံးနေသည်ဟုဆိုသော်လည်း ယင်းပမာဏထက်ပိုများကြောင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများ၏အဆိုအရ သိရသည်။
The Voice , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment