Pages

Friday, April 10, 2015

ဖားကန့်တွင် မြေပြိုမှု ထပ်မံဖြစ်၊ လူ ၇၀ ခန့် ပျောက်ဆုံး

RangonNewsDaily:: April . 10 .2015
မြေပြိုမှုများ မကြာခဏ ဖြစ်ပွားနေသော ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အနီးတွင် ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က မြယမုံကုမ္ပဏီ၏ ကျောက်စိမ်းတူးဖော်ရေးတွင်း မြေပြိုကျရာ လူ ၇၀ ခန့် ပျောက်ဆုံးနေကြောင်း လုံးခင်းနယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ကျောက်စိမ်းတူးဖော်ရေးတွင်းမှာ ပေ ၅၀ ခန့်နက်ပြီး တွင်း၏ ကမ်းပါးမှ မြေများ ပြိုကျလာစဉ် ယင်းတွင်းထဲတွင် အလုပ်လုပ်နေသော အလုပ်သမားများပေါ်သို့ မြေကြီးများ ပေ ၂၀ ခန့် ဖုံးလွှမ်းခဲ့ကြောင်း၊ ယင်းမြေပြိုမှုကြောင့် လူ ၇၀ ခန့်နှင့်အတူ မြေတူးယာဉ်နှင့် မြေသယ်ယာဉ် အစီး ၃၀ ခန့်ပါ နစ်မြုပ်ခဲ့ကြောင်း အဆိုပါကျေးရွာမှ ဒေသခံ ဦးလှမြင့်က ပြောကြားသည်။

“အောက်ကို တဖြည်းဖြည်းနက်လာတော့ အပေါ်က ကမ်းပါးတွေက ပြိုကျလာတာ။ အပေါ်ယံက အလောင်းလေးလောင်းလောက်ပဲ သယ်လာတာ တွေ့သေးတယ်” ဟု ၎င်းက ပြောကြားသည်။
အဆိုပါမြေပြိုမှုတွင် ပျောက်ဆုံးနေသော လူအများအပြားမှာ မြန်မာနိုင်ငံသားများ ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို မြယမုံကုမ္ပဏီ၏ ဝန်ထမ်းများကသာ အဓိက လုပ်ဆောင်နေကြောင်း ၎င်းက ပြောဆိုသည်။
::
ယင်းမြေပြိုမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ ရရှိရန်အတွက် ဖားကန့်မြို့နယ် ရဲစခန်း၊ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် လုံးခင်းကျေးရွာ ရဲစခန်းများထံ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း သက်ဆိုင်ရာ အရာရှိများ ကွင်းဆင်းစစ်ဆေးနေခြင်းကြောင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း အဆိုပါ ရဲစခန်းများနှင့် ရုံးမှ တာဝန်ကျ အရာရှိများက ပြောကြားသည်။
::
မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဖားကန့်မြို့နယ် ဆွင်အောင်ကျေးရွာရှိ ရာဇဌာနီ ကုမ္ပဏီမှ စွန့်ပစ်သော မြေစာပုံတွင် ရေမဆေးကျောက် ရှာဖွေနေစဉ် အမြင့်ပေ ၃၀၀ အလျားပေ ၈၀ ခန့် ရှိသော မြေစာပုံပြိုကျခဲ့ရာ လူကိုးဦး သေဆုံးပြီး ၃၀ ခန့် ပျောက်ဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment