Pages

Wednesday, March 18, 2015

ပြည်မြို့ ဧရာဝတီမြစ်ရေ ယခင်နှစ်ကထက်ကျဆင်း ရေကြောင်းသွားလာမှုများ အခက်အခဲရှိ


RangonNewsDaily:: March . 18 .2015
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့မြစ်ကြောတလျှောက် ဧရာဝတီမြစ်ရေမှာ ပြန်လည်မြင့်တက်လာသော်လည်း မတ်လ ၁၁ ရက်နေ့အထိ ခင်နှစ်အနိမ့်ဆုံးရေမှတ်ထက် ကျဆင်းနေဆဲဖြစ်ကြောင်း ပြည်ခရိုင်မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ သိရှိရသည်။

ပြည်မြို့မြစ်ကြောတစ်လျှောက် ဧရာဝတီမြစ်ရေမှာ ယခင်နှစ် မတ်လက အနိမ့်ဆုံးရေမှတ် ၁၆၈၃ စင်တီမီတာ ထိကျခဲ့ပြီး ယခုနှစ် မတ်လ(၁၁)ရက်နေ့တွင် ၁၆၇၆ စင်တီမီတာထိကျဆင်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဒီနှစ်က အရင်နှစ်တွေထက်စာရင် ပိုကျသွားတယ်။ လွန်ခဲ့တဲ့ရက်တွေက အထက်အညာဒေသမှာ မိုးရွာတဲ့ အတွက် ဒီလထဲမှာတော့ အနည်းငယ်ပြန်တိုးလာနိုင်တယ်။ သိသိသာသာကြီးတိုးဖို့တော့ မဖြစ်နိုင်သေးဘူး”ဟု ပြည်ခရိုင်မိုးလေ၀သနှင့်ဇလဗေရုံးမှ ဦးစီးအရာရှိ ဦးအောင်မြင့်ကြည်က ပြောသည်။

မြစ်ရေများကျဆင်းမှုကြောင့် ပြည်မြို့ မြစ်အထက်ပိုင်း ကံမမြို့အနီးတွင် မြစ်ကြောင်းကျပ်တည်းခြင်း ဖြစ်ပေါ်နေပြီး ပြည်မြို့အောက်ပိုင်းနှင့် မြန်အောင်မြို့အကြားတွင်လည်း မြစ်ကြောင်းကျပ်သည့် နေရာတစ်နေရာရှိနေပြီး တစ်ခါတစ်ရံမှသာ သွားလာသည့် သင်္ဘောများတွင် သောင်တင်မှုပြဿနာရှိကြောင်း သိရသည်။

သင်္ဘောကြီးများသွားလာမှုအတွက် ရေကြောင်းကျွမ်းကျင်သည့် ဌာနမှဝန်ထမ်းများအား ရေကြောင်းပြအဖြစ် ထည့်သွင်းပေးလေ့ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ) ပဲခူးတိုင်းဒေသကြီး မန်နေဂျာရုံးမှ သိရသည်။

“မြစ်ရေကနည်းပြီး သောင်ထွန်းတာတွေက တစ်နှစ်ထက်တစ်နှစ်များလာတော့ ရေလမ်းကြောင်းတွေက ပိုပြီးကြပ်လာတယ်။ သောင်တွေကို ကွေ့ပတ်မောင်းနေရတော့ အခက်အခဲကတော့ ရှိတယ်။ အဓိကကတော့ ရေစီးရေလာကောင်းအောင် လုပ်ပေးမယ်ဆိုရင်တော့ မောင်းရတာပိုပြီး အဆင်ပြေမှာပါ”ဟု ပြည်မြို့နှင့် မြစ်တစ်ဖက်ကမ်း ညောင်ပင်သာကျေးရွာသို့ မော်တော်ရေယာဉ်ပြေးဆွဲနေသော ကိုဇော်မင်းဌေးကပြောသည်။

ဧရာဝတီမြစ်ကမ်းပါးပြိုမှုများအား ကာကွယ်ရန်နှင့်မြစ်ကြောင်းရေစီးရေလာကောင်းမွန်ရန်အတို့အတွက်
ပြည်မြို့အထက်ပိုင်းတွင် သောင်းတူးခြင်းနှင့်ကျောက်စီရေကာလုပ်ပြုလုပ်ခြင်းလုပ်ငန်းများကို ဇန်န၀ါရီလ တတိယအပတ်မှစတင်ပြုလုပ်နေပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သန်းပေါင်း(၃၇၀)ကျော်ဖြင့် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်မြို့နယ် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မိုး/ဇလ ဌာန၏ တိုင်းထွာမှုမှတ်တမ်းအရ ပြည်မြို့ဧရာဝတီမြစ်ရေမှာ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ တွင် ၁၆၀၆ စင်တီမီတာထိ ကျဆင်းသွားခဲ့ဖူးကြောင်းနှင့် ယခုနှစ် မတ်လ ၁၂ ရက်နေ့တွင်မူ ၁၇၁၂ စင်တီမီတာ ထိပြန်လည်တက်လာကြောင်း မတ်လအတွင်း ၁ ပေ သို့မဟုတ် ပေ၀က်ခန့်ထိ တက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ ရုံးမှ သိရသည်။

ရွှေမြန်မာမီဒီယာ, KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment