Pages

Thursday, February 12, 2015

ထိုင်းရဲများ လိုက်လံဖမ်းဆီးမှုကြောင့် မြန်မာအမျိုးသမီး ၁ ဦး ရေနစ်သေဆုံး

RangonNewsDaily:: February . 12 .2015
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ဆူရတ်ဌာနီမြို့မှာ ထိုင်းရဲနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ လိုက်လံ ဖမ်းဆီးမှုကြောင့် မြန်မာအလုပ်သမား အမျိုးသမီးတဦး ရေထဲကျပြီး သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့က ရပ်ကွက်ထဲမှာ ဖဲကစားတဲ့ လူတွေကို ရဲကလိုက်လံဖမ်းဆီးရာမှာ သေဆုံးသူအမျိုးသမီးပါ အထိတ်တလန့် ထွက်ပြေးခဲ့ရင်း ရေထဲပြုတ်ကျသေဆုံးခဲ့တာလို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“လွန်ခဲ့တဲ့ ၃ ရက်လောက်က ဖဲရိုက်တဲ့ လူတွေကို ထိုင်းရဲနဲ့ ပြည်သူ့စစ်တွေက ၀ိုင်းလိုက်ရင်း သူတို့စက်ရုံဝင်းထဲ ရောက်လာတယ်။ အလိုက်ခံရတဲ့ လူက မြန်မာတွေကိုပါ ပြေးပြေး ပုလိပ်လာတယ်လို့ ပြောပြီး ပြေးခိုင်းတယ်။ အဲဒီက မြန်မာအလုပ်သမားတွေပါ ကြောက်လန့်ပြီးပြေးတော့ တချို့က စက်ရုံနောက်က ရေကန်ထဲကျသွားတယ်။ ရေတိမ်ထဲကျတဲ့ လူတွေက ပြန်ထွက်လာပြီး သူကျတဲ့နေရာက နက်တော့ ရေနစ်သေသွားတယ်လို့ ကျနော်တို့အဖွဲ့ကို လာပြီး တိုင်ကြားပါတယ်။”
::
သေဆုံးသူအမျိုးသမီးမှာ အသက် ၃၀ နှစ်ရွယ် မတင်မာ ဆိုသူဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းကနေ ဆူပါဆန်းဖာရာဝှဒ်သစ်ခွဲစက်ရုံမှာ အလုပ်လာလုပ်နေတာလို့ သူကဆက်ပြောပါတယ်။

သူရေနစ်နေတဲ့အချိန် လုပ်ဖော်ကိုင်ဘက်အလုပ်သမားတွေက ကူဖို့ကြိုးစားပေမယ့် ပြည်သူ့ စစ်တဦးက သေနတ်ထောင်ပြီး ခြိမ်းခြောက်ဟန့်တားခဲ့ကြောင်း၊ အလုပ်ရှင်ရောက်လာပြီး ဆယ်ခိုင်းလိုက်တဲ့ အချိန်မှာ သေဆုံးနေပြီဖြစ်တဲ့အတွက် အလုပ်သမားတွေက မကျေမနပ် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
::
သေဆုံးသူ မတင်မာဟာ အမ်အိုယူလမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲကို တရားဝင် ၀င်ရောက် လာပြီး အရင်လုပ်တဲ့ နေရာမှာ အလုပ်မရှိလို့ ဒီကိုရောက်လာတာလို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေက သူ့ရဲ့ အသုဘကုန်ကျစရိတ်တွေ တာဝန်ယူပေးသွားပြီး သေမှုသေခင်းနဲ့ ပတ်သက်လို့ ဆက်လက်စစ်ဆေးနေတုန်းပဲလို့ ဆိုပါတယ်။

ထိုင်း-မြန်မာသံရုံးအနေနဲ့လည်း အလုပ်သမားဆိုင်ရာ နစ်နာကြေးတွေ ရရှိဖို့ ဥပဒေကြောင်းကနေ ဆောင်ရွက်နေတယ်လို့ ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment