Pages

Thursday, February 12, 2015

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပုံစံအသစ်ဖြင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်

RangonNewsDaily:: February . 12 .2015
ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် လိုင်းကားစီးနင်းသူများ အကြား ပုံစံအသစ်ဖြင့် ငွေကြေး လိမ်လည်မှုများ ဖြစ်ပွားလျှက်ရှိနေကြောင်း စုံစမ်း သိရသည်။
ငွေကြေး လိမ်လည်သည့် ပုံစံများမှာ ကားပေါ်တွင် မိမိအိတ်အား ကိုင်ခိုင်းရာမှ အိတ်ကိုင်ခိုင်းသူ ဆင်းကာနီး အချိန်တွင် မိမိအိတ် အခွဲခံရသည့် ပုံစံအနေဖြင့် လည်းကောင်း၊ ကလေးငယ်များအား ချီခိုင်းထားပြီးနောက် ကလေးငယ်တွင် ဆင်ထားသည့် ရွှေများပျောက်သည့် ပုံစံ အနေဖြင့် လည်းကောင်း ဇာတ်လမ်းများ ပြုလုပ်ကာ စွတ်စွဲ လိမ်လည်နေကြခြင်း ဖြစ်ကြောင်း နှင့် ယင်းဖြစ်ရပ်များမှာ ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်း မြို့နယ်များ၊ သင်္ကန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် မြို့တွင်း လူစည်ကားရာ မြို့နယ်များတွင် ဖြစ်ပွားလျှက် ရှိနေကြောင်းလည်း သိရသည်။

“ကျွန်မ ဘ၀မြင့် မှတ်တိုင်ကနေ ကားစီးလာတုန်း အနားကို အမျိုးသမီး တစ်ယောက် လာရပ်တယ်၊ အသက်က (၄၀)လောက်ရှိမယ်၊ လူပုံစံက ခပ်သန့်သန့်ပါပဲ၊ သူ့မှာ အထုတ်နှစ်ခုပါတယ်၊ တစ်ခုက စာရွက်စာတမ်းတွေ ထည့်လာတဲ့ ပုံစံရှိပြီး နောက်တစ်ခုက မိန်းမကိုင် သားရေအိတ် တစ်လုံးပါ၊ ကျွန်မလည်း ကိုယ့်နားမှာ အထုတ်တွေနဲ့ဆိုတော့ အားနာပြီး ကိုင်ပေးလိုက်တယ်၊ ကျွန်မဆင်းမယ့် မှတ်တိုင် ရောက်လို့ ဆင်းမယ်လည်းဆိုရော အဲ့ဒီအမျိုးသမီးက ထအော်တော့တာပဲ၊ သူ့ပိုက်ဆံအိတ် အခွဲခံရတယ်၊ အထဲမှာ iPhone 5sနဲ့ ငွေတစ်သိန်းကျော် ပါသွားတယ် ကျွန်မလုပ်တာပါဆိုပြီး အတင်းစွပ်စွဲတယ်၊
::
ကျွန်မလည်း ရှက်ကလည်းရှက် မဟုတ်ကြောင်းလည်း တောင်းပန်တယ်၊ ဒါပေမယ့် သူကဘယ်လိုမှ မရဘူး၊ အဲ့ဒါနဲ့ ရဲစခန်းကိုသာ မောင်းပါတော့လို့ဆိုတော့ ကားပေါ် ပါသူတွေက တစ်ယောက်တစ်ပေါက် အော်ဆူနေပဲ သူတို့ မလိုက်နိုင်ဘူးတဲ့၊ အဲ့ဒါနဲ့ သီတာလမ်းမှာရှိတဲ့ ရဲစခန်းကို နှစ်ယောက်တည်းပဲ သွားခဲ့တယ်၊ ဟိုရောက်တော့ စခန်းက စစ်ဆေးတယ်၊ ကျွန်မ မဖြစ်နိုင်ဘူး ပြောတယ်၊ သူက အခု သူ့အလုပ်တွေ အားလုံး နောက်ကျကုန်ပြီ ဘာညာနဲ့ ပြောတယ်၊ ကျွန်မလည်း မတတ်နိုင်တော့တာနဲ့ အမအလုပ်ကိစ္စ သွားလိုက်ပါ အစ်မ ပြန်လာချိန်ထိ ညီမ ရဲစခန်းမှာ စောင့်နေပါ့မယ်လို့ ပြောလိုက်ပြီး သူ့အလုပ်ကိစ္စ အတွက် တက္ကစီခ ၅၀၀၀ ပေးလိုက်တယ်၊

သူသွားပြီး ခဏကြာတော့ အမှုစစ်လို့ ထင်ရသူက ဟိုအမျိုးသမီး ဘယ်မှာလဲလို့ မေးပြီး ကျွန်မကို ဘာလို့ပိုက်ဆံ ပေးလိုက်ရတာလဲလို့ ပြောတယ်၊ ပြီးတော့ အဲ့ဒီမိန်းမ ပြန်လာတော့မှာ မဟုတ်ဘူး၊ ညီမပြန်ပါလို့ ပြောခဲ့လို့ တော်သေးတယ်”ဟု စွပ်စွဲခံရသူ အသက်(၂၅)နှစ်အရွယ် မမေသူက Tomorrow ဂျာနယ်သို့ ပြောခဲ့သည်။
::
အဆိုပါ ဖြစ်ရပ်များကဲ့သို့ပင် အလားတူ ဖြစ်စဉ်များစွာ ဖြစ်ပွားလျှက် ရှိနေကာ ငွေကြေး လိမ်လည်သူများမှာ သူတို့စွပ်စွဲပြီးနောက် အကျိုးမြတ် ရနိုင်ခြေ ရှိသူများကို ပစ်မှတ်ထားကာ ပြုမူလျှက် ရှိနေကြောင်းနှင့် အချို့သော သူများမှာလည်း ရဲစခန်းအား ကြောက်ခြင်း၊ သိက္ခာကျမည်ကို ကြောက်ရွံ့ခြင်းများကြောင့် ယင်းတို့ ပျောက်ဆုံးခဲ့သည် ဆိုသည်များအား ရဲစခန်း မရောက်မီ ညှိနှိုင်းကာ ပေးလျှော်ကြကြောင်း၊ ယင်းသို့သော အနေထားမျိုးအား လိမ်ညာသူများမှ လိုလားကြ၍ ဇာတ်လမ်း ဆင်ကြခြင်းမျိုး ဖြစ်ကြောင်းလည်း အမှုစစ်တစ်ဦးမှ သတိပေး ပြောကြားခဲ့သည်။
::
အဆိုပါ ဖြစ်စဉ်များကဲ့သို့ပင် ဖြစ်စဉ်များစွာ ဖြစ်ပွားလျက်ရှိနေကာ သင်္ကန်းကျွန်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့ဆီမှာတော့ အဲ့ဒီလို ဖြစ်ရပ်မျိုးနဲ့ လာတိုင်တာမျိုး မရှိသေးပါဘူး၊ နေရာအနှံ့မှာ ဖြစ်နေတယ်တော့ ကြားနေရတာပါပဲ၊ ဒီလို ကိစ္စမျိုးတွေက မြို့ထဲဘက်သွားတဲ့ ယာဉ်လိုင်းတွေမှာ ဖြစ်တာများတယ်”ဟု ပြောသည်။

Tomorrow ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment