Pages

Thursday, January 22, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် CNA သတင်းဌာနတို့၏ တပ်မတော်နှင့် ပြည်သူ ဆက်ဆံရေး၊ Social Media ကိစ္စရပ်များနှင့် ပတ်သက်သည့် အမေးအဖြေကဏ္ဍ




RangonNewsDaily:: January . 22 .2015
နေပြည်တော်....
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် CNA သတင်းဌာနအား လက်ခံတွေ့ဆုံ၍ တပ်မတော်နှင့်ပြည်သူ ဆက်ဆံရေး၊ Social Media ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့ပါသည်။
၎င်းမေးခွန်းများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖြေကြားချက် အပြည့်အစုံအား အောက်ပါ အတိုင်း ဖော်ပြအပ်ပါသည်-

CNA မြန်မာနိုင်ငံဟာ အချိန်တိုအတွင်းမှာ အများကြီးရှေ့ကို ရောက်ခဲ့ပါတယ်။ အခုအချိန်မှာ ပြည်သူတွေက တပ်မတော်နဲ့ တပ်မတော်သားတွေ အပေါ်မှာ ဘယ်လိုတွေ ပြောင်းလဲလာခဲ့ ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး- တပ်မတော်ရဲ့ သမိုင်းကြောင်းပေါ့။ စောစောက ကျွန်တော်ပြောခဲ့တယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုကနေပြီး ယနေ့ကာလထိ နိုင်ငံရဲ့သမိုင်းနဲ့ တပ်မတော်ရဲ့သမိုင်း ခွဲခြားလို့မရဘူးလို့ ကျွန်တော် ပြောခဲ့တယ်၊ တပ်မတော်ရဲ့ ဆောင်ရွက်မှု အခန်းကဏ္ဍတွေကို ပြည်သူတွေ အများကြီး သိပါတယ်။ 

သို့သော်လည်း သူတို့လဲခံစားချက် တွေရှိမှာပေါ့လေ။ အခုအချိန်မှာ ကျွန်တော်တို့ အနေနဲ့ တကယ်ကို နိုင်ငံတော် ကာကွယ်ရေးအတွက် ကျွန်တော်တို့ ထမ်းဆောင်နေတယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးနေတယ်။ ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတယ် ဆိုတော့ ပြည်သူက လက်ခံလာတယ်။ အခုကျွန်တော်တို့ လုပ်နေတာတွေ အများကြီးရှိတယ်။ ကျွန်တော်ထင်ပါတယ်။ ပြည်သူ အများစုက ကျွန်တော်တို့ အပေါ်မှာ ယုံကြည်မှု အပြည့်အဝရှိတယ်လို့ ယုံကြည်ပါတယ်။ မကြိုက်တဲ့ လူဆိုတာကလည်း ရှိရင်ရှိမှာပေါ့လေ။ ဒါကတော့ ပြောလို့မရဘူးလေ။

CNA ပြည်သူတွေက တပ်မတော်ကို နားလည်အောင် အများကြီးလုပ် နေတာတွေ ရှိတယ်လို့ ပြောပါတယ်။ ဘာတွေများ လုပ်နေလဲဆိုတာ သိပါရစေ။

ဗိုလ်ချုပ်မှူးကြီး- ဒါကလည်း ကျွန်တော်တို့သမိုင်းမှာ ၁၉၆၂ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်ပေါ့။ တော်လှန်ရေး ကောင်စီ တပ်မတော် အစိုးရပေါ့။ ၁၉၇၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကိုယ်စားပြုတဲ့ အစိုးရ တစ်ပါတီစနစ်၊ ၁၉၈၈ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်၊ မတ်လအထိ တပ်မတော် အစိုးရ အုပ်ချုပ်ခဲ့တယ်။ 

ဒီအုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာ လူပုဂ္ဂိုလ်တစ်ဦးချင်း အနေနဲ့ သော်လည်းကောင်း၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ ခံစားချက်တွေ ရှိနိုင်ပါတယ်။ အဲဒီတော့ သူတို့ရဲ့ ဒီခံစားချက်တွေကို ကျွန်တော်တို့တွေ အနေနဲ့ တတ်နိုင်သလောက် ဖြေရှင်းဆောင်ရွက် ပေးနေပါတာ၊ သူတို့ရဲ့အကျိုးစီးပွား တွေ ဖော်ဆောင်ပေးနေတာ ကျွန်တော်တို့တွေရဲ့ လုပ်ဆောင် ချက်တွေဖြစ်ပါတယ်။ 

အဲဒီတော့ တစ်ယောက်နဲ့ တစ်ယောက်က မတူနိုင်ဘူးပေါ့။ ကွားခြားချက်တော့ ရှိနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ တပ်မတော်ဟာ ပြည်သူကြားက ပေါက်ဖွားလာ တဲ့တပ်မတော် ဖြစ်တဲ့အတွက် ပြည်သူတွေ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ ဖော်ဆောင်ပေးတဲ့ တပ်ဖြစ်အောင်၊ နိုင်ငံကိုလုံခြုံအောင် ကာကွယ်ပေးနိုင်တဲ့ တပ်မတော် ဖြစ်တယ်ဆိုတဲ့ အကြောင်း ပြည်သူက အမြဲတမ်းထာဝရ ယုံကြည်နေအောင် ကျွန်တော်တို့ အနေနဲ့ လုပ်ဆောင် နေပါတယ်။ ဒါဟာလက်တွေ့လုပ် ဆောင်ချက် တွေမှာ ကြည့်လိုက်ရင် သိပါတယ်။

CNA ပြည်သူတွေ သတိထားမိစေမယ့် ဘယ်လိုမျိုးအချက်တွေကို လုပ်ဆောင်ပေးပါသလဲ။

ဗိုလ်ချုပ်မှူးကြီး- ဥပမာအားဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်နေတာ ရှိပါတယ်။ တချို့ ပြည်နယ်တွေနဲ့ တိုင်းတွေမှာ အချို့တော်တော်လေးအား နည်းတယ်၊ ဥပမာအားဖြင့် နေရေး၊ ထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကိစ္စရပ်တွေမှာ ကျွန်တော်တို့ အများကြီး လုပ်ပေးနေတယ်။

 နောက်တစ်ခါ ပြည်သူတွေရဲ့ အသက်အိုး အိမ်စည်းစိမ်ကို ကျွန်တော်စောစောက ခင်ဗျားပြောခဲ့သလို တိုင်းရင်းသား လက်နက်ကိုင် ပြဿနာလေးတွေ ရှိခဲ့ပါတယ်။ တချို့နေရာတွေဟာ လုံခြုံမှု စိတ်မချရတဲ့ နေရာတွေရှိပါတယ်။ အဲဒီ စိတ်မချရတဲ့ နေရာတွေမှာ ကျွန်တော်တို့တွေ သက်ဆိုင်ရာ လုံခြုံရေး အကာအကွယ်အတွက် လုံခြုံရေး တာဝန် ထမ်းဆောင်နေတဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့တွေကို အကူအညီ ပေးပြီးတော့မှ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတယ်။ 

ဒါတွေကို ပြည်သူကသိတယ်။ နောက်တစ်ခုကတော့ သိသာထင်ရှားတဲ့ အလုပ်တစ်ခုဆိုရင် ဥပမာအားဖြင့် နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ပြည်သူတွေ အလုပ်လုပ်နိုင်ဖို့လို တယ်။ အလုပ်လုပ်နိုင်ဖို့ဆိုရင် ကျန်းမာဖို့လိုတယ်။ အဲဒီ ကျန်းမာနိုင်ဖို့ အတွက်ကို ကျွန်တော်တို့ တပ်မတော်က ဆေးတပ်ဖွဲ့တွေနဲ့ တပ်မတော်သားတွေက ပြည်သူ့ကျန်းမာရေး လုပ်ငန်းရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်။ တစ်နိုင်ငံလုံးမှာ လုပ်ပေးတယ်။ 

ဒါလည်းအစိုးရက လုပ်တာလည်း အများကြီးရှိတယ်။ သို့သော်လည်း အစိုးရကတချို့နေရာတွေမှာ မရောက်နိုင်တာလေး တွေရှိတယ်။ ကျွန်တော်တို့က အားဖြည့် ပေးတာပေါ့။ ဒါတွေက ကျွန်တော်တို့ နိုင်ငံမှာ သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တစ်ခု ထဲမှာပါတယ်။

CNA ခုနကပြောပြခဲ့တဲ့ အရာတွေက သူတို့အတွက် ဘယ်လောက်ပဲ အကျိုးရှိရှိ ပြည်သူတွေ အရင်တုန်းက ပြုလုပ်ခဲ့တဲ့ သမိုင်းမှာထင်ခဲ့တဲ့ ကိစ္စတွေကြောင့် ပြည်သူတွေက ဒီဟာကို အသိအမှတ် မပြုဘူးလို့ ထင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး- ဒီလိုတော့ပြောလို့မရဘူး။ တစ်နိုင်ငံလုံးကို ခြုံကြည့်မယ်ဆိုရင် တပ်မတော်ရဲ့ လုပ်ဆောင် ချက်တွေကို လက်ခံတဲ့နေရာတွေ အများကြီးရှိနေတယ်။ ဒီလိုပြောနေတာတွေက အနည်းအကျဉ်းပဲ ဖြစ်တယ်။ ခုနကပြောတဲ့ လူပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ နိုင်ငံရေးအရ ဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ အဲဒီအချိန်မှာ သူတို့ရဲ့ နစ်နာမှုနဲ့ ပတ်သက်ပြီး ခံစားချက်ရှိတဲ့ လူတွေကနေပြီး ပြောဆိုချက်တွေပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာတဲ့ အကျိုးသက်ရောက်မှုလို့ ကျွန်တော်ပြောချင်တယ်။

CNA တပ်မတော်က အကောင်းတွေ လုပ်နေတာကို ပြည်သူတွေကအဆိုးပဲ မြင်နေတယ်လို့ စိတ်ထဲမှာ ခံစားရပါသလား။
ဗိုလ်ချုပ်မှူးကြီး- ကျွန်တော်မခံစားရဘူး။ သူတို့နားလည်တဲ့အချိန်ကျရင် သူတို့လက်ခံ လာလိမ့်မယ်။ နားလည်တဲ့လူလည်း နားလည်နေပါပြီ။ နောက် ကျွန်တော်တို့မှာ ခုနကပြောတဲ့အတွေ့ အကြုံတွေဆိုတာ နည်းပါးတယ်။ 

အတွေ့အကြုံနည်းတော့ ဒီလူတွေကို ခုနကပြောတဲ့ ခံစား ချက်ရှိတဲ့လူတွေကို ဒါမှမဟုတ်ရင် နိုင်ငံရေးနှင့် ပတ်သက်ပြီးတော့မှ စိတ်ဝင်စားတဲ့လူတွေက ပြောဆိုတာတွေရှိတာပေါ့။ ဒီအပေါ်မှာ သူတို့ နားယောင်ပြီးတော့မှ တချို့လည်း ကျွန်တော်တို့အပေါ်မှာ အမြင်မကောင်းသေးတာလဲ ရှိပါတယ်။ ကျွန်တော် မရှိဘူးလို့မပြောပါဘူး။ ဒါပေမယ့် အများစုကတော့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် တွေအပေါ်မှာ အကောင်းမြင်တယ်လို့ ကျွန်တော်ခံယူထားပါတယ်။

CNA Social Media တွေကနေပြီးတော့ ပြည်သူလူထုက တပ်မတော်အပေါ်မှာ ပိုပြီးတော့ နားလည်လာအောင် ဘယ်လို ဆောင်ရွက်နေတာများ ရှိပါလဲ။

ဗိုလ်ချုပ်မှူးကြီး- အဓိကကတော့ တပ်ကလည်း သူ့စည်းကမ်းနဲ့သူ နေတာပေါ့။ သူ့စည်းကမ်းနဲ့သူ နေပြီးတော့မှ တိုင်းပြည်ကို အကျိုးပြုတယ်ဆိုရင် ပြည်သူကလည်း နားလည်မှာဘဲ။ ဒါကို ကျွန်တော်ဦးစားပေး ဆောင်ရွက်နေတယ်။ တပ်မတော်ဆိုတာက စည်းကမ်း အင်မတန် အရေးကြီးတယ်။ ထို့အတူပဲ ဥပဒေကို လိုက်နာရတယ်။ 

အဲဒီတော့ စည်းကမ်းကောင်းတယ်။ ဥပဒေ လိုက်နာတယ်ဆိုလို့ရှိရင် ပြည်သူ လူထုက ကျွန်တော်တို့ အပေါ်မှာ အထင်အမြင်လွဲစရာ အကြောင်းတော့မရှိဘူး။ ဒါကိုကျွန်တော်က ဦးစားပေးပြီး လုပ်တယ်။ အခုလည်း ကျွန်တော် စည်းကမ်းကိုင်ပြီးတော့မှ ဥပဒေနဲ့အညီဖြစ်အောင် ဆောင်ရွက်မှုတွေ အများကြီး ရှိပါတယ်။ 

လူဆိုတာကတော့ မတစ်ထောင်သား ဖြစ်တဲ့အတွက်ကြောင့် စည်းကမ်း ဖောက်တဲ့သူ မရှိဘူးလို့ ကျွန်တော်မပြောပါဘူး။ မရှိဘူးတော့မဟုတ်ဘူး။ ရှိမှာဘဲ။ သို့သော်လည်း စည်းကမ်း ဖောက်လာရင် ပြင်းပြင်းထန်ထန် အရေးယူတာပေါ့။ တစ်ဘက်ကလည်း ပြည်သူလူထုနဲ့ ပတ်သက် တဲ့ ကိစ္စဆိုရင်တော့ ဥပဒေနဲ့အညီ ကျွန်တော် အရေးယူမယ်။ 

တကယ်လို့ ဥပဒေနဲ့အညီ လုပ်လို့ သူ့ဘက်က စည်းကမ်းချိုးဖောက်တာ၊ သူ့လုပ်ဆောင်ချက်က ဥပဒေနဲ့မညီဘူးလို့ ပေါ်လွင်တယ် ဆိုရင်တော့ အပြင်မှာ၊ အရပ်ဘက်မှာ အရေးယူတာထက် ကျွန်တော်တို့က ပိုပြင်းထန်တယ်။ မလုပ်ရဲအောင် ကျွန်တော် ပြစ်ဒဏ်ချတယ်။ ဒါကတော့ ကျွန်တော်တို့ ဘက်က လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ပြည်သူက သိတယ်ဆိုရင် ပြည်သူက ကျွန်တော် တို့အပေါ်မှာ လက်ခံမှာဘဲဖြစ်ပါတယ်။

CNA တပ်မတော်သားတွေက စည်းကမ်း လိုက်နာရတယ်။ ပိုပြီးတော့စည်းကမ်း ကြီးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စရပ်တွေမှာ တပ်မတော်သားတွေက အပြစ်ကနေ လွတ်မြောက်နေတာကို ဘယ်လို ဖြေရှင်းပေးမှာပါလဲ။

ဗိုလ်ချုပ်မှူးကြီး- အဲဒါဆို သူတို့နစ်နာမှုအတွက် တိုင်လို့ရတယ်။ နံပါတ်တစ် အချက်က ပြည်သူက တကယ်နစ်နာမှု ရှိတယ်ဆိုရင် တိုင်လို့ရတယ်။ နောက်တစ်ခုက ဒီတပ်မတော်သားတွေ တာဝန် ထမ်းဆောင်တဲ့ နယ်မြေနဲ့ အခြေအနေအပေါ်မှာလည်း မူတည်တယ်။ ပြည်သူတစ်ယောက် အနေနဲ့ ကြည့်မယ်ဆိုရင်တော့ အပြစ်လို့ ယူဆပေမယ့် သူက သူ့ရဲ့ လုပ်ပိုင်ခွင့်အရ လုပ်တဲ့ဟာမျိုးဆိုရင်တော့ သူ့အတွက်က အပြစ် မဟုတ်ဘူး။ 

ဒါပေမယ့် ဒါကိုပြည်သူက အပြစ်လို့ မြင်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က လက်နက်ကိုင်ပြီး တာဝန် ထမ်းဆောင်နေတဲ့ လူတွေဖြစ်တာကိုး။ လက်နက်ကိုင်ပြီး တာဝန်ထမ်း ဆောင်နေတဲ့ လူတွေဖြစ်တဲ့ အတွက်ကြောင့် အမှားအယွင်းတော့ပါမှာပဲ။ ဒါ့ကြောင့် လက်နက်ကိုင်တဲ့ လူတစ်ယောက်ကိုလည်း သူ့ရဲ့ လုပ်ပိုင်ခွင့်တွေပေး ထားသလိုပဲ၊ ကန့်သတ်ထားတဲ့ ဟာတွေကလည်း အများကြီး ရှိတယ်။ လုပ်ပိုင်ခွင့်နဲ့ ပါတ်သက်ရင်လည်း သူ့အတွက် Right ပဲဖြစ်တယ်။

 ကန့်သတ်ချက်နဲ့ ပတ်သက်လာရင် လေးစားရတယ်။ ကန့်သတ်ချက်ထက် ကျော်လွန်ရင်တော့ သူ အရေးယူခံရမယ်။ ဒါကြောင့် တကယ်လို့သာ အဲဒီလို ဖြစ်တယ်ဆိုရင်လည်း ပြည်သူတွေ အနေနဲ့ အချိန်မရွေး တင်ပြလို့ရတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဖြေရှင်း ဆောင်ရွက်ပေးဖို့ အဆင်သင့် ရှိနေပါတယ်။

CNA တပ်မတော်ရဲ့ အောက်မှာရှိတဲ့ တပ်သားတွေအားလုံးက ဘယ်ပြစ်မှု ကျူးလွန်ပြီးတော့မှ ပြစ်ဒဏ် မခံရတာ မဖြစ်စေပါဘူးလို့ ကတိပေး ပါသလား။

ဗိုလ်ချုပ်မှူးကြီး- မှန်တယ်။ ဥပဒေနဲ့ အညီပဲဖြစ်ရမယ်။ ဒီမှာ ကျွန်တော်တို့က ဥပဒေ မရှိဘဲနဲ့ ဘာမှ လုပ်လို့မရဘူး။ ကျွန်တော်တို့ဆီမှာ ခုနက ပြောတဲ့ စည်းကမ်းတွေ ရှိတယ်။ စည်းကမ်းဆိုတာ တစ်ချို့ဟာတွေက တိုက်တွန်း ချက်တွေ၊ တစ်ချို့ဟာတွေက တားမြစ်ချက်တွေ၊ ဒီလို တိုက်တွန်းချက်နဲ့ တားမြစ်ချက်စ ည်းကမ်းတွေကို မလိုက်နာဘူး ဆိုရင် ဥပဒေအရ အရေးယူရမယ်။ ဒါပေမယ့် ဥပဒေမှာ သူသတ်မှတ်ထားတဲ့ အကြောင်းအရာ တွေရှိတယ်။ 

ဘယ်ဟာနဲ့ မကိုက်ညီဘူး။ မညီညွတ်ဘူးဆိုရင် ပြစ်မှုမြောက်တယ်။ ပြစ်မှုမမြောက်ဘူးဆိုတာ ရှိတယ်။ ဒီအပေါ်မူတည်ပြီးတော့ပဲ အပြစ်ရှိတယ်၊ မရှိဘူး ဆိုတာ ဆုံးဖြတ်ရတာပဲဖြစ်တယ်။ ခုနက ကျွန်တော်ပြောသလိုပဲ။ ပြည်သူကတော့ သူက အပြစ်ရှိတယ်လို့ သူ့ရဲ့ ဥပဒေအရ ပြောပေမယ့်လည်း ဒါတွေက ရှေ့နေတို့၊ တရားသူကြီးတို့က ဥပဒေနဲ့ ညီညွတ်ခြင်း ရှိ/မရှိ လေ့လာပြီးတော့မှ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာ ဆုံးဖြတ်မှာဖြစ်တယ်။ 

ခုနက ခင်ဗျားပြောတာ ကတော့ ပြည်သူရဲ့ ဆန္ဒပေါ့။ ပြည်သူရဲ့ဆန္ဒကို ကျွန်တော်က လေးစားပါတယ်။ ကျွန်တော့ဆီမှာကို နေ့စဉ်နဲ့အမျှ ကျွန်တော့်ဆီ စာရေးနေတာ တွေရှိပါတယ်။ တစ်ချို့ဟာတွေကို ကျွန်တော် စိစစ်တဲ့အခါ ကျတော့ သူတို့လိုချင်တဲ့ ဆန္ဒကိုပြောတာ၊ တကယ်တော့ ဥပဒေနဲ့မညီဘူး၊ စည်းကမ်းနဲ့မညီဘူး၊

 ဒီလိုလည်း ကျွန်တော်တွေ့တယ်။ တစ်ချို့ကြ တော့လည်း မှန်တာကိုတွေ့တယ်။ တစ်ချို့က ကျွန်တော်တို့ တပ်မတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေရှိတယ်။ တစ်ချို့ကြတော့ တပ်မတော်နှင့် မဆိုင်တဲ့ ကိစ္စတွေရှိတယ်။ ဒါတွေဆိုရင် သက်ဆိုင်ရာ ဌာနတွေကိုပေးပြီးတော့ ဒါတွေကို စိစစ်ပေးပါလို့ ကျွန်တော်ပြောပါတယ်။ 

တစ်ချို့ဟာကြတော့လည်း တပ်မတော်က တာဝန်ရှိတဲ့ လူတွေကို ဒါတွေစစ်ကြည့်ပါလို့ ကျွန်တော်ပြောတယ်။ အဲဒီအချိန်မှာ တစ်ချို့ဟာတွေ မှားယွင်းနေတာ တွေ့တယ်။ တစ်ချို့ ဟာတွေမှန်နေ တာလည်းတွေ့တယ်။ မှန်လို့ရှိရင်၊ တပ်နဲ့ဆိုင်လို့ရှိရင် တပ်မတော်က အရေးယူ၊ တပ်နဲ့မဆိုင်ရင် သက်ဆိုင်ရာဌာနတွေက အရေးယူပေါ့။ သက်ဆိုင်ရာဌာနတွေကို ကျွန်တော်က အကြောင်း ကြားပေးတယ်။ ကျွန်တော် လုပ်နိုင်တာက ဒါပဲရှိပါတယ်။

CNA တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် တာဝန်ကို ထမ်းဆောင် ပြီးနောက်ပိုင်းမှာ ပြုပြင် ပြောင်းလဲမှုတွေ အများကြီးလုပ်ခဲ့ပါတယ်၊ အခုလို မီဒီယာတွေ လက်ခံတွေ့ဆုံတာမျိုးအပြင် ရှေ့ဆက်ပြီးတော့ ဘာတွေ ဆက်လုပ်ဖို့ ရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး- လုပ်ရမှာတော့ အများကြီးပဲ အများကြီးရှိတယ်၊ မီဒီယာနဲ့တွေ့ တယ်ဆိုတာကလည်း ကျွန်တော်တွေ့သင့်တဲ့ လုပ်ငန်းတစ်ခုပါပဲ၊ ကျွန်တော်တို့ဘက်က ဖြစ်ချင်တာ၊ ပြည်သူဘက်က နေပြီးတော့ သိချင်တာ ပြည်သူဘက်က ခံစားချက်နဲ့ ပတ်သက်တာ၊ ဒါတွေကို ကျွန်တော်တို့က ဖြေရှင်းလို့ရတဲ့ လမ်းကြောင်းတစ်ခုလို့ မြင်တယ်၊ ကျွန်တော်တို့ တပ်မတော်က နိုင်ငံအတွက် ဘာတွေလုပ်နေတယ် ဆိုတာကိုလည်း ပြောနိုင်တဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်တယ်။ 

ဒါကြောင့် ကျွန်တော့်အနေနဲ့က မီဒီယာနဲ့ ဆောင်ရွက်မှု အပိုင်း အနေနဲ့ ဆက်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်၊ တစ်ဖက်ကလည်း ကျွန်တော်တို့ နိုင်ငံအနေနဲ့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံအတွက် တကယ်အကျိုးရှိတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ်ဆိုတာ သိအောင်လုပ်ရမယ်၊ ဒီလုပ်ငန်းရပ်တွေကလည်း အများကြီးရှိ တယ်၊ 

ခုနက ကျွန်တော်ပြောခဲ့ပါတယ် နိုင်ငံတော် ကာကွယ်ရေးဆိုရာမှာ ကျွန်တော်တို့ တိုက်ရိုက်လုပ်လို့ရတဲ့ ကိစ္စတွေရှိသလို ကျွန်တော်တို့ တိုက်ရိုက်လုပ်လို့ မရတဲ့ နယ်ပယ်တွေလည်း ရှိတယ်၊ ဒါမျိုးကျလို့ဆိုရင်လည်း ဆောင်ရွက်ပေးနိုင်တာကို တစ်ကယ် ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကို ကူညီပေးတာမျိုးပေါ့၊ ဒါတွေကို ကျွန်တော်တို့က ပိုပြီးတော့ ထိထိရောက်ရောက် အလေးထားဆောင် ရွက်ပေးသွားမှာ ဖြစ်တယ်။ ဒါတပ်မတော်ရဲ့တာဝန်ပဲ။

CNA အခုဒီအချိန်ဟာ မီဒီယာနဲ့တွေ့ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောဖို့ အချိန်ရောက်ပြီလို့ ထင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး- ကျွန်တော်တို့ သွားနေတာ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း သွားနေတာပဲ နိုင်ငံတကာ မှာလည်း ဒီလိုပဲသွားနေတာပဲ ဥပမာအားဖြင့် ကျွန်တော် ဂျပန်နိုင်ငံကို သွားတယ်၊ ဂျပန်နိုင်ငံက ကျွန်တော့်ကို ရှင်းပြတယ်၊ ကိုးရီးယားနိုင်ငံကို သွားတယ်၊ ကိုရီးယားနိုင်ငံက ကျွန်တော့်ကို ရှင်းပြတယ်၊ သူတို့ရဲ့ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေ သူတို့လုပ်ဆောင်ချက်တွေကို ပြည်သူကနေသိရှိတဲ့ အခါမှာ သူတို့လုပ်ရတဲ့ လုပ်ငန်းတွေ ပိုပြီးချောမွေ့လာတယ်လို့ သူတို့ပြောတယ်၊ ရှင်းပြတယ်၊ 

ဒါကျွန်တော့်အတွက် အတွေ့အကြုံ တစ်ခုပါပဲ၊ ဒီမိုကရေစီ လမ်းကြောင်းဆိုတာ ပြည်သူနဲ့မထိတွေ့လို့ မရဘူး၊ ပြည်သူနဲ့ ထိကိုထိတွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူနဲ့ ထိတွေ့တယ် ဆိုတိုင်းလည်း ပြည်သူရဲ့ တောင်းဆို ချက်တွေအားလုံး လုပ်ပေးရမယ်လို့ ဘယ်မှာမှ မဆိုထားဘူး၊ သူ့စည်းကမ်းတွေ ဥပဒေ တွေနဲ့အညီ သွားရမယ်၊ 

သူတို့ကို ကျွန်တော်တို့က ရှင်းပြမယ်။ သူတို့ လိုလားချက်တွေကို နားထောင်မယ်၊ အဲ့ထဲမှာမှ ဖြစ်သင့် တာတွေကို လက်ခံပြီးတော့ အရေးယူဆောင်ရွက်မယ်၊ မဖြစ်သင့်ဘူးဆို လို့ရှိရင်လည်း သူတို့ကို ဒါကတော့ရှင်းလင်း ပြောပြမယ်၊ ကျွန်တော့် တပ်မတော် တစ်ခုတည်းမဟုတ်ဘူး ဘယ်အဖွဲ့အစည်းမဆို ဒီအတိုင်း သွားရမှာဖြစ်တယ်။ တရားရေး လည်း တရားရေးအလျောက်၊ အုပ်ချုပ်ရေးလည်း အုပ်ချုပ်ရေး အလျောက်၊ အစိုးရလည်း အစိုရ အလျောက်ပေါ့၊ လွှတ်တော်လည်း လွှတ်တော် အလျောက်ပေါ့၊ ဒီလိုပဲသွားရမှာ ဖြစ်တယ်၊ ပြည်သူနဲ့ ထိတွေ့နေဖို့ လိုပါတယ်၊ ဒါကြောင့်ကျွန်တော်တို့ ဆက်ဆံပါတယ်။

CNA ခုလိုအချိန်မှာ ဆောင်ရွက်တာဟာ လာမယ့် ရွေးကောက်ပွဲအတွက် လမ်းကြောင်း တစ်ခု ဖြစ်နိုင်တယ်လို့ ယူဆပါသလား။

ဗိုလ်ချုပ်မှူးကြီး- ရွေးကောက်ပွဲကလည်း ရွေးကောက်ပွဲကော်မရှင်က လုပ်ရမယ့်ကိစ္စ၊ ကျွန်တော်တို့အနေနဲ့က ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကိုသွားပြီ ဆိုတဲ့ အတွက်ကြောင့် ဒီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာဖြစ်ဖို့ လိုတယ်၊ တစ်ဖက်ကလည်း ရွေးကောက်ပွဲဆိုတာလည်း သူ့သတ်မှတ်ထားတဲ့ ကာလအတွင်းမှာတော့ လုပ်တော့ လုပ်နေကြရမှာပဲ၊

 ဒီဟာလုပ်တဲ့အခါမှာ ရွေးကောက်ပွဲ ကိုယုံကြည်မှု ရှိဖို့လိုတယ်၊ ဒါကတော့ ကျွန်တော်တို့ လုပ်ဆောင် ချက်တွေက တစ်ကဏ္ဍအနေနဲ့ ပါသလိုပဲ၊ ဒီကဏ္ဍပေါင်းစုံတွေမှာ တာဝန်ရှိတဲ့သူတွေ အဖွဲ့အစည်း တွေပြည်သူလူထု တွေအားလုံး ပါမှရမယ်၊ ကျွန်တော်လုပ်ဆောင် ချက်တစ်ခုတည်းနဲ့ မဖြစ်ဘူး၊ မလုံလောက်ဘူး၊ အားလုံးပါမှရမယ်၊ 

အားလုံးကနားလည်ရမယ်၊ အားလုံးကရင့်ကျက်ဖို့ လည်းလိုတယ်၊ ဥပမာအားဖြင့် ကျွန်တော်တို့ အိမ်နီးနားချင်း နှစ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိုင်းနိုင်ငံပေါ့၊ သူတို့ လွန်ခဲ့တဲ့ သုံးနှစ်ကာလ အတွင်းမှာလုပ်တဲ့ ရွေးကောက်ပွဲရှိခဲ့တယ်၊ တစ်ပါတီက နိုင်သွားတယ်၊ တစ်ပါတီကို သူတို့ကိုထောက်ခံတဲ့ သူတွေကမကျေနပ်ဘူး၊ မကြိုက်ဘူး ဒါတွေလည်းအများကြီး ဖြစ်ခဲ့တာတွေ အများကြီးပဲ၊ 

ဒါဘာလဲဆိုရင် ရင့်ကျက်မှုမှာလည်း စကားအများကြီးပြောတယ်၊ ဒါတွေကလည်း ရွေးကောက်ပွဲ အောင်မြင်မှုမှာ အများကြီးသက် ရောက်မှုရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ တပ်မတော် လုပ်ဆောင်ချက် တစ်ခုတည်းတင် မဟုတ်ဘူး၊ သက်ဆိုင်ရာအားလုံး ပြည်သူလူထု အားလုံးပါပြီးတော့ လုပ်မှရမယ်လို့ ကျွန်တော်မြင်တယ်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment