Pages

Sunday, January 11, 2015

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲကျပါက ပြန်ဖြေခွင့်ပေးမည်

RangonNewsDaily:: January . 11 .2015
ပညာရေး ဝန်ကြီးဌာနက လာမည့် ဖေဖော်ဝါရီလတွင် စစ်ဆေးမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများတွင် ကျရှုံးသော ကျောင်းသား၊ ကျောင်းသူများကို ၂၀၁၅-၂၀၁၆ ပညာသင် နှစ်စပိုင်းတွင် စာမေးပွဲ ပြန်လည်စစ်ဆေးပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
ကျောင်းသား၊ ကျောင်းသူများသည် ကျရှုံးဘာသာရပ်များကို ခရိုင်စစ်မေးခွန်း အဖြစ် လည်းကောင်း၊ တိုင်းစစ်မေးခွန်း အဖြစ် လည်းကောင်း ပြန်လည် ဖြေဆိုခွင့်ရရှိမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျွန်တော့်ဆီကို အမှတ်စာရင်းတွေ မရောက်သေးဘူး။ ကျောင်းအလိုက်၊ မြို့နယ်အလိုက် တောင်းထားတယ်။ အခုထိ မရသေးဘူး” ဟု စာစစ်အဖွဲ့ဦးစီးဌာန တာဝန်ရှိသူက ထပ်လောင်း ပြောကြားသည်။

ပညာရေး ဝန်ကြီးဌာန၏ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲ အောင်စာရင်းများကို အဆင့် Grade A၊ Grade B၊ Grade C နှင့် Grade D (ကျရှုံး) အဆင့်ဆင့် ခွဲထားပြီး Grade D အဆင့်ရှိသော ကျောင်းသား၊ ကျောင်းသူများသည် နောက်တစ်ကြိမ် ပြန်လည်ဖြေဆိုရမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

“ပြန်ဖြေခိုင်းဖို့တော့ ညွှန်ကြားစာ မထွက်သေးဘူး။ အရင်တုန်းက အဲလိုမျိုးဆို စာထုတ်ပြီး ပြောတယ်။ ခုက စမ်းသပ်ကာလ ဖြစ်နေလို့လား မသိဘူး။ နှုတ်မိန့်နဲ့တော့ ပြောထားတာ ရှိတယ်” ဟု မူလတန်းလွန် ကျောင်းအုပ်ဆရာကြီး တစ်ဦးက The Voice သို့ ရှင်းပြသည်။

ယင်းအပြင် ဒီဇင်ဘာလအတွင်းက ကျင်းပသော စတုတ္ထတန်း စာမေးပွဲတွင် ကျရှုံးသူ အများအပြားရှိပြီး အောင်မြင်သူ ၃၀ ရာခိုင်နှုန်း နီးပါးသာ ရှိကြောင်း ၎င်း၏ ပြောကြားချက်အရ သိရှိရသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း တတ်မြောက်မှု စစ်ဆေးခြင်း အကြိုစာမေးပွဲကို ဒီဇင်ဘာလ ၁၆ ရက်မှ ၂၃ ရက်နေ့ထိ တစ်နိုင်ငံလုံး အခြေခံပညာကျောင်းတိုင်းတွင် စစ်ဆေးခဲ့ပြီး ဖြေဆိုသူ ၅၇၀,၀၀၀ နီးပါးရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ကြေညာထားသည်။

The Voice , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment