Pages

Wednesday, December 3, 2014

ကြံခုတ်သူများ လိုက်ပါသည့် FAW ကား သပိတ်ကျင်းတွင် တိမ်းမှောက်၊ ၁၈ ဦးသေ ၁၈ ဦးဒဏ်ရာရ

RangonNewsDaily:: December . 3 .2014
ကြံအဓိက စိုက်ပျိုးရာ ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ကြံခုတ်ရန် သွားရောက်သည့် လူ ၄၁ ဦးခန့် လိုက်ပါလာသည့် FAW မော်တော်ယာဉ် တစ်စီးသည် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်း ၇ မိုင်လမ်းရှိ ၆ မိုင် ၇ ဖာလုံတွင် တိမ်းမှောက်ရာ ၁၈ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိကြောင်း သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။
ရွှေဘိုမှ ဗန်းမော်သို့သွားမည့် အဆိုပါယာဉ်သည် တကောင်း ၇ မိုင်လမ်းရှိ ကျောက်ကြီးအကွေ့တွင် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ တိမ်းမှောက်ခဲ့ကြောင်း အဆိုပါ သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါ ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ ရွှေဘိုနှင့် ဝက်လက်မြို့နယ်မှ နေ့စား လုပ်သားများဖြစ်ကာ သေဆုံးသူများထဲတွင် အရွယ်မရောက်သေးသည့် ကလေးများလည်း ပါဝင်ကြောင်း အဆိုပါ ရဲစခန်းထံမှ ထပ်မံသိရသည်။

“ဆေးရုံကို ဒီနေ့မနက် ၁ နာရီ လောက်ရောက်တယ်။ ပြင်ပလူနာအနေနဲ့ ၁၀ ယောက်ကျော်လောက် ကုသနေရတယ်။ အတွင်းလူနာလည်း ၁၀ ယောက် ကျော်လောက်ရှိတယ်။ ဆေးရုံရောက်ပြီး သေဆုံးတာ မရှိသေးဘူး။ စိုးရိမ်ရလောက်တဲ့ အနေအထား မရှိဘူးလို့ ထင်ပါတယ်” ဟု မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးနှင့် ပြည်သူ့ဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ဆိုသည်။

အဆိုပါ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်နေပြီး ၎င်းကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က)၊ ၃၃၈၊ ၃၃၇ အရ သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက အမှုအမှတ် (ပ) ၆၁/၂၀၁၄ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကို ကျောက်ကြီး တပ်မတော်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်ရှိ လူမှုကူညီရေးအသင်း ၁၅ သင်း၊ ကြက်ခြေနီတပ်ဖွဲ့တို့က စုပေါင်း ကူညီကြကြောင်း ရွှေမေတ္တာ လူမှုကူညီရေး အသင်းထံမှ စုံစမ်းသိရှိရသည်။

The Voice , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment