Pages

Saturday, November 8, 2014

မြန်မာလုပ်သားနှစ်ဦး မိဘများကို ရန်ကုန်ပြန်ပို့သူ အမည်မည်းစာရင်းသွင်းခံရ

RangonNewsDaily:: November . 7 .2014
ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး၏ မိဘများကို ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သော မြန်မာသံရုံးအထူးအဖွဲ့မှ ဦးကျော်သောင်းကို မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနက နာမည်ပျက် (Black List) စာရင်းသွင်းလိုက်ကြောင်း သတင်းရရှိသည်။
ဦးကျော်သောင်းသည် ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးအား နိုဝင်ဘာ ၄ ရက်ညက မြန်မာနိုင်ငံသို့ လိုက်လံပို့ဆောင်ပြီး နိုဝင်ဘာ ၆ ရက်က ထိုင်းနိုင်ငံသို့ပြန်ရန် ရန်ကုန်လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဌာနကို ဖြတ်သန်းချိန်မှသာ နာမည်ပျက်စာရင်းသွင်းခံထားရကြောင်းကို သိရှိခဲ့ရသည်ဟု ထိုင်းနိုင်ငံသို့ပြန်လည်ရောက်ရှိနေပြီဖြစ်သော ဦးကျော်သောင်းက 7Day Dailyသို့ ပြောကြား သည်။

ဦးကျော်သောင်းသည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများအရေး အကူအညီပေးနေသူတစ်ဦး ဖြစ်သကဲ့သို့လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံရသော မြန်မာလုပ်သားနှစ်ဦးအမှုအား ကူညီဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအမတ်ကြီး ဦးဝင်းမောင်က ဖွဲ့စည်းထားသော သံရုံးအဖွဲ့တွင် ဦးဆောင်ပါဝင်သူဖြစ်သည်။
::
‘‘ဒီနေ့ မနက်မှာသံရုံးမှာ အထူးအစည်းအဝေးရှိလို့ မနက်လေယာဉ်နဲ့ ပြန်လာဖို့အတွက်လ၀ကကို ဖြတ်တဲ့အချိန်မှာ လ၀ကကနာမည်ပျက်စာရင်းသွင်းထားတယ်လို့ပြောတယ်။ အဲဒါနဲ့ လ၀ကရုံးက ခေါ်ပြောတာ အချိန်တစ်နာရီလောက်ကြာတယ်။ ထိုင်းမှာရှိတဲ့ မြန်မာတွေကို ကူညီနေတဲ့သူကို နာမည်ပျက်စာရင်းသွင်းတာ လ၀ကကိုနားမလည်ဘူး။
ဒီခရီးစဉ်ကိုလည်း သံအမတ်ကြီးက လိုက်ပို့ခိုင်းတာပါ။ နာမည်ပျက်စာရင်းသွင်းခံရတာနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲလုပ်သွားမယ်’’ဟု ရွေ့ပြောင်းမြန်မာလုပ်သားများအရေးကူညီပေးသူဦးကျော်သောင်းကပြောသည်။
::
‘‘အလုပ်သမားအရေးဆောင်ရွက်နေတဲ့သူကို မြန်မာအစိုးရ၀န်ကြီးဌာနအချို့က အခုလိုနာမည်ပျက်စာရင်းသွင်းတာဟာ အလုပ်သင့်မလုပ်ထိုက်တာပဲ။
အခုလိုမျိုးနာမည်ပျက်စာရင်းသွင်းခံရတာဟာ အထူးသဖြင့် လိပ်ကျွန်းအမှုလုပ်ဆောင်နေချိန်မှာ ဒီလိုမျိုးဖြစ်တာဟာ လုပ်ငန်းအတွက် အတားအဆီးဖြစ်စေပါတယ်’’ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ပြောသည်။
::
ဦးကျော်သောင်းသည် ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး၏ မိဘများကို အောက်တိုဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ရန် လာရောက်ခေါ်ဆောင်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ရန်ကုန်မြို့သို့ပြန်လည်ပို့ဆောင်ပေးခဲ့သူ ဖြစ်သည်။

7day ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment