Pages

Sunday, September 7, 2014

မြန်မာပြည် ချန်ပီယံ စော င မန်း နှင့် စိန် ခေါ် သူ ထွန်းထွန်းမင်း တို့၏ ရွှေခါးပတ် လုပွဲကြီး ကျင်းပမည်


RangonNewsDaily:: September . 6 .2014
မြန်မာပြည် လက်ရှိ ချန်ပီယံ စောငမန်း (ရွှေဖူး)ကို လက်ဝှေ့ကျော် ထွန်းထွန်းမင်း(မုဒုံသား)က စိန်ခေါ် ထိုးသတ်မည့် မြန်မာပြည် ချန်ပီယံ လုပွဲကြီးကို ရန်ကုန်မြို့ သိမ်ဖြူ အားကစားရုံ၌ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၂နာရီတွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ ရွှေခါးပတ် ချန်ပီယံလုပွဲနှင့် ပတ်သက်၍ လက်ရှိမြန်မာပြည် ချန်ပီယံ စောငမန်း (ရွှေဖူး)က ''ဒီပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ အပြင်းအထန် လေ့ကျင့် နေပါ တယ်။ အတတ်နိုင်ဆုံး ရွှေခါးပတ်ကို ကာကွယ်သွား မှာပါ။ တူးတူးနဲ့ ပွဲမှာ ထိုးပွဲဝေး ခဲ့တဲ့အတွက် သက်လုံအားနည်း ခဲ့ပါတယ်။

အခုကြိုတင် ပြင်ဆင် လေ့ကျင့်နေပါပြီ။ တူးတူးနဲ့ လည်း ထပ်မံ ယှဉ်ပြိုင်ချင်ပါသေးတယ်။ သူတို့နှစ်ယောက် စလုံး လက်ဝှေ့ သမား ကောင်းတွေပါ။ လောလော ဆယ်မှာ ကျွန်တော် မအိုသေးတဲ့အတွက် နောက်တက် လာမယ့် လက်ဝှေ့ကျော်တွေနဲ့ ကြိုးစားထိုးသတ် သွားချင် ပါသေးတယ်။ ပိုင်လောက်ပြီ ထင်လို့ သူတို့ စိန်ခေါ်တော့ လည်း မြန်မာပြည် ရွှေခါးပတ် လွယ်လွယ်နဲ့ မရဘူး ဆိုတာ သက်သေ ပြသွားမှာပါ''ဟု ပြောကြားခဲ့သည်။

ထိုချန်ပီယံ လုပွဲကြီး၏ ရွှေခါးပတ် ချန်ပီယံ စောငမန်း (ရွှေဖူး)သည် ၂ဝဝ၉ ခုနှစ်တွင် မြန်မာပြည် ချန်ပီယံ လုံးချော(ညောင်တုန်း)အား အမှတ်ဖြင့် အနိုင်ယူ ယှဉ်ပြိုင် ကာ ချန်ပီယံ ရွှေခါးပတ် ရယူနိုင်ခဲ့သူ ဖြစ် သည်။

 စောငမန်း သည် လက်ရှိတွင် အသက် ၃၄နှစ်ရှိပြီ ဖြစ်ပြီး ပြိုင်ပွဲပေါင်း ၅၅ပွဲတွင် နိုင်ပွဲ ၂၈ပွဲ၊ သရေပွဲ ၂၅ပွဲ၊ ရှုံးပွဲ နှစ်ပွဲ ထိုးသတ် နိုင်ခဲ့ပြီး ဒဂုံရွှေအောင်လံ သုံးထပ်ကွမ်း ဆုနှင့် လက်ရှိ မြန်မာပြည် ချန်ပီယံ ရွှေခါး ပတ်ပိုင်ရှင် ဖြစ်သည်။
''ဒီပြိုင်ပွဲမှာ မြန်မာပြည် ချန်ပီယံဖြစ်အောင် ကြိုးစားယှဉ်ပြိုင် သွားမှာပါ။ လက်ဝှေ့ စထိုးပြီး ဒီလောကထဲ ရောက်လာကတည်းက ချန်ပီယံဖြစ်ဖို့ အဓိကပါ။ အခုလည်း အစွမ်း ကုန်ကြိုးစားပြင်ဆင် နေပါတယ်။ 


အနည်းဆုံး သရေမှန်း ထားပေမယ့် ချန်ပီယံဖြစ်အောင် အနိုင်ထိုးဖို့ ဆုံးဖြတ်ထားပါတယ်။ ရမရ ကတော့ ကြိုးဝိုင်းထဲမှာ အဖြေရှာ ရတော့မှာပါ''ဟု စိန်ခေါ်သူ ထွန်းထွန်းမင်း (မုဒုံသား)က ပြောကြားခဲ့သည်။

စိန်ခေါ်ယှဉ်ပြိုင် ထိုးသတ်မည့် ထွန်းထွန်းမင်း (မုဒုံသား)သည် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ ရွှေတံဆိပ်ဆုနှင့် ဒဂုံရွှေအောင်လံ ဆုရှင်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပလက်ဝှေ့ ပွဲပေါင်း ၄၆ပွဲတွင် နိုင်ပွဲ ၃၅ပွဲ၊ သရေပွဲ ၁၁ပွဲ၊ ရှုံးပွဲမရှိစံချိန် တင်ထားသူဖြစ်သည်။ ထွန်းထွန်းမင်းသည် လတ်တလောတွင် သြဂုတ် ၃၁ရက်က စင်ကာပူတွင် ကျင်းပသော လက်ဝှေ့ စိန်ခေါ်ပွဲ၌ နာမည်ကြီး မရွမ်(ထိုင်း)ကို အနိုင် ထိုးသတ်ထားသည်။


ထိုချန်ပီယံ ရွှေခါးပတ် လုပွဲကြီးနှင့်အတူ ငါးဦးစိန်ခေါ် ယှဉ်ပြိုင်ထိုးသတ်သွားမည့် တွဲဆိုင်းများမှာ ဖိုးကေ(မန္တလေး)နှင့် စောရန်ပိုင် (မိဂသီ-ဘားအံ)၊ ဖိုးလပြည့်(ရွှေဖူး) နှင့် ကျားပေါက် (ရွှေသောင်ရင်း၊ မြဝ တီ)၊ စော အယ်လေး(T&T)နှင့် သားတသဲ တစ်ပွင့်(စွမ်းကေကေ၊ မန္တလေး)၊ ဖြူလေး(မုဒုံသား)နှင့် ရှမ်းလေး(ဝါဆို)၊ ထွန်းနိုင်ဦး (အဖြူရောင် သွေးသစ်)နှင့် မြင့်အောင်(မုဒုံသား)၊ မိုးဟိန်း(မိဂသီ-ဘားအံ) နှင့်  စောသဲဦး(T&T) တို့ဖြစ်သည်။ 


အဆိုပါ မြန်မာပြည် ချန်ပီယံ လုပွဲကြီးအား မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးပြီး H&S Group မှ စီစဉ်ကာ ဝင်ကြေးတစ်ဦးလျှင် ငွေကျပ် ၈ဝဝဝ၊ ၁၅ဝဝဝ၊ ၂ဝဝဝဝနှင့် ၃ဝဝဝဝ အထိ အထူးတန်း များဖြင့် လာရောက် အားပေး နိုင်ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ) , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment