Pages

Saturday, September 20, 2014

ဖောင်စီးရင်း ရေငတ်သူများ

RangonNewsDaily:: September . 20 .2014
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆယ့်တစ်နိုင်ငံမြောက် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု အများဆုံးနိုင်ငံ ဖြစ်သော်လည်း ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့ အသုံးချမှု အနည်းဆုံး နိုင်ငံစာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည်မှာ နားလည်ရ ခက်လှသည်။
ကုန်ခဲ့သည့် လအနည်းငယ်ခန့်က ထိုင်းနိုင်ငံမှ အိမ်သုံးဓာတ်ငွေ့များ အဝင်တန့်သွားခဲ့သည့်အတွက် ထိုင်းနိုင်ငံထက် သဘာဝဓာတ်ငွေ့ သယံဇာတ ပိုကြွယ်ဝသော မြန်မာနိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် ဓာတ်ငွေ့ဈေး အဆမတန် တက်သွားခဲ့ရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ အများဆုံး ဝယ်ယူသော နိုင်ငံဖြစ်ပြီး ဘန်ကောက်မြို့တော်တွင် သုံးစွဲထွန်းညှိနေသော လျှပ်စစ်စွမ်းအား၏ သုံးပုံတစ်ပုံမှာ မြန်မာနိုင်ငံမှ ဝယ်ယူထားသော သဘာဝဓာတ်ငွေ့ စွမ်းအင်ကို အသုံးပြုထားခြင်း ဖြစ်သည်။


ထို့အပြင် လက်ရှိအစိုးရ၏ စက်သုံးဆီဆိုင်ရာ မူဝါဒ အပြောင်းအလဲကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ သတ်မှတ်ချက်များနှင့်အညီ လောင်စာဆီဆိုင်များ ဖွင့်လှစ်ကာ နိုင်ငံတကာ ပေါက်ဈေးအတိုင်း မြန်မာကျပ်ငွေနှင့် တန်ဖိုးသင့် ရောင်းချခွင့် ရှိလာခဲ့သည်။


သို့သော် စက်သုံးဆီ တင်သွင်းခွင့်ကိုမူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် လုပ်ငန်းရှင်ကြီး အချို့ကိုသာ ပေးအပ်ထားရာ ပြည်တွင်းတွင် စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချသူများက ၎င်းတို့ထံမှ တစ်ဆင့် ပြန်လည်ဝယ်ယူ ရောင်းချနေရခြင်း ဖြစ်သည်။


ထိုသို့ တစ်ဆင့်ပြန်လည် ဝယ်ယူ ရောင်းချနေရသည့် အပြင် မတန်တဆ အမြတ်လိုချင်သည့် မတော်လောဘကြောင့် တွက်ခြေကိုက်စေရန် အရည်အသွေး မပြည့်မီသောဆီများ တင်သွင်းလာခြင်း၊ ထိုအရည်အသွေး မမီသော အောက်တိန်း၊ ပရီမီယံ အမျိုးအစား ဆီများအတွင်း သာမန် ဓာတ်ဆီ၊ ဒီဇယ်ဆီများ ရောနှော ရောင်းချခြင်း၊ ထိုသို့ ရောနှောရောင်းချမှန်း မသိသာစေရန် အရောင်ဆိုးခြင်း၊ အလေးအချိန်အတွယ် ကစားခြင်း၊ မမှန်ခြင်းကဲ့သို့ မသမာမှုများ တင်းကျမ်း ဖြစ်လာတော့သည်။


ထိုအခါ နိုင်ငံတကာ ပေါက်ဈေးအတိုင်း မြန်မာကျပ်ငွေဖြင့် ဝယ်ယူ သုံးစွဲနေရသော်လည်း နိုင်ငံတကာကဲ့သို့ ဝင်ငွေမရှိသေးသူ မြန်မာစားသုံးသူ ပြည်သူလူထုမှာ များစွာ နစ်နာကြရသည်။ အထူးသဖြင့် မသန့်သော ဆီများကြောင့် ဆီစစ်ဆန်ခါများ၊ ပလပ်များ မကြာခဏ လဲလှယ်ရခြင်းနှင့် အခြားပြဿနာ များစွာနှင့် ကြုံတွေ့နေကြရသည်။


အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ အသီးသီး အပါအဝင် စင်ကာပူကဲ့သို့ ဗဟိုချုပ်ကိုင်မှု ရှိနေသေးသော နိုင်ငံမျိုးတွင်ပင် နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများကို ဝင်ရောက် ရောင်းချခွင့် ပေးခြင်းဖြင့် စားသုံးသူများလည်း ဈေးနှုန်းမှန်၊ အရည်အသွေးမီ စက်သုံးဆီများ သုံးစွဲရသည့်အပြင် နိုင်ငံတော်အနေနှင့်လည်း ယိုပေါက်၊ ဟာပေါက်မရှိ အခွန်ငွေ ထိထိရောက်ရောက် ရရှိနိုင်ပေသည်။


ယခုပုံစံအတိုင်းသာ ထိုင်းနိုင်ငံကို မှီခိုနေရသော ဓာတ်ငွေ့ဈေးကွက်နှင့် လူတစ်စုကသာ အရည်အသွေးမမီ ဆီများတင်သွင်း၊ နာမည်ပေါင်းစုံ တပ်ထားသည့် ဆီဆိုင်များက အရောအနှော၊ ဆေးဆိုး၊ လီတာမမှန် ပုံစံဖြင့် တစ်ဆင့်ဝယ်ယူ ရောင်းချမှု ပုံစံများ ဆက်လက်တည်မြဲနေပါက မိမိပိုင် ပစ္စည်းဥစ္စာကိုပင် ယနေ့အချိန်အထိ နှစ်ပေါင်းများစွာ အများနည်းတူ ရယူသုံးစွဲခွင့် မရရှိသေးသူ မြန်မာတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် သယံဇာတပုံကြီးပေါ် ဖင်ခုထိုင်ကာ ဖောင်စီးရင်း ရေငတ်နေဦးမည် ဖြစ်ကြောင်း သိစေအပ်ပေသည်။


အယ်ဒီတာ (၁၈-၉-၂၀၁၄)
The Voice Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment