Pages

Tuesday, July 8, 2014

အိန္ဒိယတွင် ကုန်လှောင်ရုံနံရံ ပြိုကျပြီး (၁၁)ဦး သေဆုံး

RangonNewsDaily:: July . 8 .2014
အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ကုန်လှောင်ရုံတစ်ခု နံရံပြိုကျမှု ဖြစ်ပွားရာ ကလေးငယ်တစ်ဦး အပါအဝင် လူ(၁၁)ဦး သေဆုံးသွားကြောင်း သိရှိရသည်။တမီလ်နာဒူ ပြည်နယ်တွင် အဆောက်အအုံတစ်ခု ပြိုကျပြီး လူ(၆၁)ဦး သေဆုံးခဲ့သည့်ဖြစ်ရပ် ပေါ်ပေါက်ပြီး တစ်ပတ်မျှ အကြာတွင် နောက်ထပ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။
ယခု ကုန်လှောင်ရုံနံရံ ပြိုကျမှုတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့လည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဗီရာရက်ဟာဗာရာအိုက ပြောကြားခဲ့သည်။

ဇူလိုင်(၆)ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နံရံပြိုကျရာ အစအန အစိတ်အပိုင်းများက နံရံနံဘေးတွင် ကပ်၍ ဆောက်လုပ်ထားသည့် အလုပ်သမား တန်းလျားများနှင့် တင်းကုပ်ငယ်များပေါ် ပြုတ်ကျပိမိခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူများထဲတွင် တမီလ်နာဒူ အနီးရှိ အန်ဒရာ ပရာဒက်ရှ် ပြန်နယ်မှ လာရောက် အလုပ်လုပ်နေသည့် လုပ်သားများလည်း ပါဝင်ကြောင်း ရာအိုက ဆိုသည်။


“အလောင်း(၁၁)လောင်းကို အပျက်အစီးတွေ ကြားထဲကနေ ဆွဲထုတ်နိုင်ခဲ့ပါတယ်။ ပြီးတော့ အနီးဆုံး ဆေးရုံကို ပို့ပြီး သေမှုသေခင်း စစ်ချက်ယူဖို့ လုပ်ဆောင်မှာပါ”ဟု ရာအိုက ပြောကြားခဲ့သည်။ ၎င်းက အပျက်အစီးများအောက်တွင် နောက်ထပ် ပိတ်မိနေသူများ ရှိမရှိကိုမူ တိတိကျကျ မှတ်ချက်မပေးခဲ့ချေ။


အိန္ဒိယ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “မိုးက သည်းသည်းမည်းမည်း ရွာတယ်။ အဲဒီတော့ နံရံရဲ့ အောက်ခြေကို ရေတိုက်စားပြီး အားပျော့သွားပုံပါပဲ။ တစ်ရက်တည်းမှာပဲ အဲဒီလို ဖြစ်ရပ်မျိုး နှစ်ခု၊ သုံးခုလောက် ကျွန်တော်တို့ဆီ သတင်းပေးပို့လာတယ်။ 


ကျန်တဲ့နေရာတွေမှာ အသေအပျောက် မရှိတာက အဆိုးထဲက အကောင်းလို့ ပြောရမယ်”ဟု ပြောကြားခဲ့သည်။
အိန္ဒိယတွင် အရည်အသွေး ညံ့ဖျင်းခြင်း၊ ဆောက်လုပ်မှု နည်းပညာစံနှုန်း အားနည်းခြင်းများကြောင့် အဆောက်အအုံ ပြိုကျမှုများ မကြာခဏ ပေါ်ပေါက်လေ့ရှိသည်။


Reuters , 7 Day Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment