Pages

Wednesday, June 4, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားအဖြစ် စတင်အကောင်အထည်ဖော်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄/၇ အနီးအား မေလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
RangonNewsDaily: June . 4 .2014
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့သွားရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဇွန် ၃ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။
မေ ၁၂ရက်တွင် အဆိုပါအမြန်လမ်းမကြီးပေါ်၌ ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးပြီးသည့်နောက်တွင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးအား လေးလမ်းသွားမှ ရှစ်လမ်းသွားအထိ တိုးချဲ့ဆောက်လုပ်မည့် အစီအစဉ်အား အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အမြန်လမ်းမကြီးကို ရှစ်လမ်းသွားအဖြစ် ပြင်ဆင်သွားဖို့ စီစဉ်နေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အချက်အလက်အကုန်လုံးကို သမ္မတကိုတင်ပြထားပါတယ်။ အခုအရင်ဆုံးအနေနဲ့ တံတားအပိုင်းတွေကို တိုးချဲ့ဆောင်ရွက်နေပါပြီ။ အမြန်လမ်းမှာ လုံခြုံရေးနဲ့ စည်းကမ်းပိုင်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် အမြန်လမ်းရဲတပ်ဖွဲ့အင်အားကိုလည်း ဖွဲ့စည်းပုံအင်အားထက်ပိုပြီး တိုးချဲ့သွားပါမယ်" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး၊ အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ဇွန် ၃ ရက်တွင်ဆိုသည်။

ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လမ်းညွှန်သတိပေးဆိုင်းဘုတ်များကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးဖြင့် ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၁၂ရက် ည ၇နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ ပျဉ်းမနား-တောင်တွင်းကြီး မီးရထားခုံးကျော်တံတားအောက်သို့ ရာဇာမင်းခရီးသည်တင်ယာဉ်မှာ ပြုတ်ကျခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၆ဦးသေဆုံးခဲ့ပြီး ၂၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုဖြစ်ခဲ့သည့် ရာဇာမင်းခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်ကို ပိတ်သိမ်းထားကြောင်း သိရသည်။

Eleven Media , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment