Pages

Thursday, May 15, 2014

မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့နယ်များတွင် ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် သဘာ၀၀န်းကျင် ထိခိုက်မှုရှိနိုင်သည့် အကြီးစားကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်မည်


RangonNewsDaily: May . 15 .2014
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်၊ မြိတ်မြို့နယ်နှင့် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်များတွင် ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန်အတွက် အကြီးစား ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စုအတွင်းရှိ မွှေ့ရှောင်ရွာတွင် မဂ္ဂါဝပ် ၂ဝဝဝ ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ရန်အတွက် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကုမ္ပဏီတာဝန်ရှိသူများမှာ မေ ၁ဝ ရက်က ဒေသခံများနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

“တွေ့ဆုံပွဲလုပ်တာကတော့ တုံးဗျောကျေးရွာ စာသင်ကျောင်းမှာ ပြုလုပ်တာပါ ဗင်းတေ့ခ်ျကုမ္ပဏီက ကိုယ်စားလှယ်လို့ပြောတဲ့ ဦးသန်းမြင့်ဆိုသူနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ရောက်လာပါတယ်။ မွှေ့ရှောင်ရွာမှာ လျှပ်စစ်ဓာတ်အားရရှိဖို့ ကျောက်မီးသွေးစက်ရုံကြီးတစ်ခု လာရောက်တည်ဆောက်မှာဖြစ်ကြောင်း ရွာမှာ လျှပ်စစ်မီးရရှိဖို့ လုပ်ပေးမှာဖြစ်သလို ကျောင်းတွေ၊ ဆေးရုံတွေကိုလည်း တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း သိမ်းခံထိမယ့် လယ်ယာမြေတွေကိုလည်း ကာလတန်ဖိုးရဲ့ သုံးဆ လျော်ကြေးပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်”ဟု တွေ့ဆုံပွဲသို့ သွားရောက်ခဲ့သူ တုံးဗျောကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောကြားသည်။
::
မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်း လျှပ်စစ်ဓာတ်အားရရှိရန်ဟု အကြောင်းပြချက်ဖြင့် ကျောက်မီးသွေးစက်ရုံများစွာကို တည်ဆောက်ရန်ရှိကြောင်း စောင့်ကြည့်နေသူ နိုင်ငံရေးအဖွဲ့အစည်းများက ပြောကြားသည်။

“မြိတ်ခရိုင်တစ်ခုလုံးမှာ လျှပ်စစ်ဓာတ်အားအတွက် တကယ်လိုအပ်တဲ့ မဂ္ဂါဝပ်က ၃ဝ လောက်ပဲ ရှိပါတယ်။ အခု လာရောက်တည်ဆောက်မယ့် ၂ဝဝဝ မဂ္ဂါဝပ်ဆိုတာက အရမ်းကို ကြီးမားနေပါတယ်။ သူတို့ကတော့ ထိုင်းနိုင်ငံကို လျှပ်စစ်ဓာတ်အား ရောင်းချမယ်လို့ ပြောတယ်။
::
တည်ဆောက်မယ့်နေရာကလည်း တနင်္သာရီမြစ်ပေါ်မှာ မေးတင်တည်ဆောက်ဖို့ ရှိပါတယ်။ ဒီက ဒေသခံတွေကတော့ အခုလာရောက်ဆောက်လုပ်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကန့်ကွက်သွားမယ်လို့ သိရတယ်” ဟု မြိတ်ခရိုင် ၈၈ မျိုးဆက်မှ ဦးပိုအင်က ပြောကြားသည်။

ယခုလက်ရှိ ကော့သောင်းမြို့နယ်တွင် ရှစ်မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု လည်ပတ်နေပြီး မြိတ်မြို့နယ်၊ လော့လော့ကျေးရွာတွင် ၅ဝ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များသို့ သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ဖြန့်ဝေရန် စီစဉ်ပြီးဖြစ်သော်လည်း မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်များကိုမူ ကျောက်မီးသွေးဖြင့်သာ လျှပ်စစ်ဓာတ်အားပေးရန် အနေထားဖြစ်နေကြောင်း သိရသည်။
::
“ထားဝယ်မှာကတော့ လာမယ့်အောက်တိုဘာလလောက်ဆိုရင် သဘာဝဓာတ်ငွေ့ကနေ ဈေးနှုန်းသက်စွာနဲ့ လျှပ်စစ်ဓာတ်အား ရရှိတော့မှာဖြစ်ပါတယ်။ မြိတ်နဲ့ ကော့သောင်းမှာကတော့ တစ်ယူနစ်ကို ကျပ် ၄၇ဝ နဲ့ လက်ရှိ သုံးစွဲနေရပါတယ်။

ထိုင်းနိုင်ငံအနေဖြင့်လည်း သဘာဝဓာတ်ငွေ့တွေကို ဝယ်ယူနေတဲ့အပြင် ဆိုးကျိုးရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အမည်ခံနှင့် ဒီမှာလာဆောက်ပြီး လျှပ်စစ်ဓာတ်အား ထပ်မံသွယ်တန်းဦးမယ်လို့ သိရတယ်။
::
ဆိုးကျိုးဖြစ်မယ့်အရာတွေကို သူတို့နိုင်ငံမှာ မတည်ဆောက်ဘဲ ဒီမှာအမည်ခံပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ လာဆောက်မယ့်အစီအစဉ်ကို ကျွန်တော်တို့မလိုလားပါဘူး။ ကျွန်တော်တို့ သဘာဝဓာတ်ငွေ့ကနေ လျှပ်စစ်ဓာတ်အားရရှိဖို့ လူအင်အားသိန်းနဲ့ချီပြီး လက်မှတ်ထိုး တောင်းဆိုသွားမှာပါ။ အခုလည်း လက်မှတ်သိန်းနှင့်ချီပြီး ရရှိနေပါပြီ” ဟု မြိတ်ခရိုင် ၈၈ မျိုး ဆက်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်လည်း မဂ္ဂါဝပ် ၉ဝဝ ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း မဟာဓာတ်အားလိုင်းမှာ မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်အတွင်း မရောက်ရှိနိုင်သောကြောင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကိုသာ တည်ဆောက်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီးပွား/ စီမံဝန်ကြီး ဦးသိန်းလွင်က ပြောကြားသည်။
::
၂ဝ၁၂ နိုဝင်ဘာတွင်လည်း မြိတ်ခရိုင် ၈၈ မျိုးဆက်မှ ဦးဆောင်ကာ နိုင်ငံရေးအင်အားစုများ၊ ဒေသခံပြည်သူများက ငါးမုန့်စက်မှအနံ့ဆိုးများ ထုတ်လွတ်နေမှုများ၊ လော့လော့ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အလိုမရှိကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးလာမှုတို့အတွက် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အတူ ၂ဝ၁၄ ဇန်နဝါရီလတွင်လည်း သမုတ်ကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာအုပ်စုနှင့် လော့လော့ကျေးရွာမှ ဒေသခံစစ်စစ်များက ၅ဝ မီဂါဝပ် ကျောက်မီးသွေးသုံးစက်ရုံအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
::
မြိတ်ခရိုင်အတွင်းနှင့် ကော့သောင်းခရိုင်အတွင်း တည်ဆောက်ရန် စီမံကိန်းဆွဲထားသော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ပတ်သက်ပြီး ဒေသခံများက လိုလားခြင်းမရှိဘဲ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားရရှိရန် လက်မှတ်ထိုး တောင်းဆိုထားကြောင်းသိရသည်။ 

၂ဝ၁၄ မတ်လတွင်လည်း ဒေသခံများ၏ လက်မှတ်ဖြင့် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားရရှိရေး လက်မှတ်ထိုးတောင်းဆိုခဲ့သလို သဘာဝပတ်ဝန်းကျင် နှင့်ပတ်သက်သည့် မှတ်ချက်ပြုပြောဆိုထားသော နိုင်ငံတော်သမ္မတကြီး၏စကားနှင့် ဆိုင်းဘုတ်များကိုလည်း စိုက်ထူခဲ့ကြကြောင်း သိရသည်။ 
::
ထို့အတူ မြိတ်နှင့်ကော့သောင်း ခရိုင်အတွင်း သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လက်မှတ်သိန်းနှင့် ချီရရှိရေး လှုပ်ရှားမှုများလည်း ဆောင်ရွက်နေပြီး လာမည့်လအတွင်း နိုင်ငံတော်သမ္မတအထိ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့တွင် တည်ဆောက်မည့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုများပြုလုပ်ရန် စီစဉ်စဉ်ကလည်း သတ္တုတွင်းဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာ (ငြိမ်း) ဦးစောမိုးမြင့်က မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံးစွဲမှုသည် အလွန်နည်းပါးပြီး နည်းပညာအခက်အခဲများရှိသဖြင့် ပြည်သူများကို ပွင့်လင်းမြင်သာစွာချပြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
::
သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦးက ကျောက်မီးသွေးစက်ရုံ တည်ဆောက်ပြီးပါက ဖြစ်ပွားလာနိုင်သော အခြေနေများနှင့် ပတ်သက်၍ “ကျောက်မီးသွေးစက်ရုံ ပြီးသွားရင် ပြာလွင့်မယ်။ ကာဗွန်ဒိုင်ဆောက်ဆိုဒ်တို့၊ နိုက်ထရိုဂျင်ဒိုင်ဆောက်ဆိုဒ်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပါမယ်။ သူတို့က ဒါတွေကို မပါအောင်လုပ်မယ်လို့ပြောတယ်။ အဲဒီလိုလုပ်နိုင်မယ့် နည်းတွေကိုချပြဖို့လိုတာပေါ့”ဟု ပြောကြားသည်။

ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများတွင် ကျောက်မီးသွေးအား လောင်စာအဖြစ် တန်ချိန်သန်းပေါင်းများစွာ အသုံးပြုနေသဖြင့် အက်စစ်မိုးကိုဖြစ်စေသော ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အိုဇုန်းလွှာအား ပျက်စီးပြီး ကမ္ဘာကြီးအား ပူနွေးလာစေသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့၊ ပြဒါး၊ ခဲ၊ သွပ်၊ ကတ်မီယံ၊ အာဆင်းနစ်၊ ပြာနှင့် အမှုန်အမွှားများ ထွက်ပေါ်ပျံနှံ့လျက်ရှိကြောင်း သိရသည်။
ကျောက်မီးသွေး အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းမှ ထွက်ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့သည် သဘာဝဓာတ်ငွေ့ကြောင့် ထွက်ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့၏ နှစ်ဆရှိကြောင်း သိရသည်။
::
ယခုလက်ရှိ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ၁၂ဝ မဂ္ဂါဝပ်ရှိ တီကျစ်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ရှစ်မဂ္ဂါဝပ်ရှိစက်ရုံနှင့် နောင်ချိုမြို့နယ်တွင် ၁၅ မဂ္ဂါဝပ်ရှိငွေရည်ပုလဲ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှာ လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာအုပ်စု မွှေ့ရှောင်ကျေးရွာတွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၂ဝဝဝ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ငါးနှစ်နှင့်အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း တနင်္သာရီမြစ်၏ ရေကိုအသုံးပြုသွားမည်ဖြစ်ကာ အနီးနားတွင် တုံးဗျောငယ်၊ မွေ့ရှောင်နှင့် ဝါရစ်ကျေးရွာများ တည်ရှိနေပြီး လယ်ယာလုပ်ငန်း၊ တံငါလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။
::
မဂ္ဂါဝပ် ၂၀၀၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် မွှေ့ရှောင်ရွာအား မေ ၁၃ ရက်က တွေ့ရစဉ်

Eleven Media ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment