Pages

Tuesday, April 8, 2014

သတင်းသွားမေးသော DVB သတင်းထောက်အား ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုများဖြင့် မကွေးမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်၊ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းသည် သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိ


RangonNewsDaily: April . 7 .2014
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးက ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုနှင့် အားပေးကူညီမှုတို့ဖြင့် တရားစွဲဆိုထားသော ဒီဗွီဘီသတင်းထောက် ဦးသူရသက်တင် (ခ) ဦးဇော်ဖေနှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့အား ထောင်ဒဏ်တစ်နှစ်စီကျခံရန် မကွေးမြို့နယ်တရားရုံးက ဧပြီ ၇ ရက်က အမိန့်ချမှတ်ခဲ့သည်။

ဒီဗွီဘီသတင်းထောက် ကိုသူရသက်တင်နှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့အား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၅၃ အရ ထောင်ဒဏ်တစ်နှစ်၊ ပုဒ်မ ၄၄၈ အရ ထောင်ဒဏ်တစ်နှစ်၊ အဆိုပါပြစ်ဒဏ်များအား တစ်နှစ်တပေါင်းတည်းကျခံရန် အမိန့်ချမှတ်ခဲ့သည်ဟု ကိုသူရသက်တင်၏ ရှေ့နေဖြစ်သူဦးသိန်းထွန်းက ပြောကြားသည်။

၂၀၁၂ ခုနှစ် သြဂုတ် ၂၄ ရက်က ကျောင်းသားမိဘနှင့်အတူ ဒီဗွီဘီသတင်းထောက်တို့သည် ဂျပန်နိုင်ငံသို့ KIZUNA ပရောဂျက်ဖြင့် လေ့လာရေးစေလွှတ်မည့် ကျောင်းသားကျောင်းသူများ၏ အရည်အချင်းသတ်မှတ်ချက်များအား ပညာရေးမှူးရုံးသို့ သွားရောက်မေးမြန်းမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် သြဂုတ် ၂၅ ရက်က မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး လက်ထောက်ပညာရေးမှူး ဦးမောင်ငွေက တရားလိုပြုလုပ်၍ ၎င်းတို့အား တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်က တရားစွဲဆိုခံရသူနှစ်ဦး၏ နောက်ဆုံးလျှောက်လဲချက်အား ကြားနာခဲ့ကာ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အမှုစစ်ဆေးချိန်အတွင်း စွဲချက်ချသည့်အမိန့်ကို ဗဟိုတရားရုံးချုပ်အဆင့်အထိ အယူခံဝင်ခဲ့သော်လည်း ပလပ်ခြင်းခံခဲ့ရကြောင်း သိရသည်။

"ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့်အမှုသည်မှာ အပြစ်မရှိဘူးလို့ မြင်ပါတယ်။ ကျွန်တော့်အနေနဲ့ ခရိုင်၊ တိုင်းအဆင့်ကနေ ဗဟိုအဆင့်အထိ ဆက်လက်အယူခံဝင်သွားမှာပါ" ဟု ရှေ့နေဦးသိန်းထွန်းက ပြောကြားသည်။

ထိုသို့အမိန့်ချမှတ်ခဲ့မှုအပေါ် ဒီဗွီဘီသတင်းထောက် ဦးသူရသက်တင်က "ကျွန်တော် သတင်းထောက်တစ်ယောက်အနေနဲ့ လုပ်စရာရှိတာ လုပ်ခဲ့တာပါ။ အခုလိုတရားစွဲဆိုပြီး ထောင်ချခဲ့တာဟာ တရားဥပဒေ စိုးမိုးမှုမရှိဘူးလို့ ပြောချင်ပါတယ်။ ဒါဟာမီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ရှိတယ် သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီဖော်ဆောင်မှု ဘယ်လောက်ရောက်နေပြီလဲဆိုတာကို ဖော်ပြလိုက်တာပါပဲ။
ကျွန်တော့်အနေနဲ့ကတော့ အမှုဖြစ်စဉ်တစ်လျှောက်လုံးကို ဥပဒေနဲ့အညီပဲ ရင်ဆိုင်ခဲ့ပါတယ်။ တရားရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အောက်မှာရှိနေလား၊ သီးခြားလွတ်လပ်စွာရှိနေလားဆိုတာ ကျွန်တော့်ကိုချမှတ်တဲ့အမိန့်က ပေါ်လွင်သွားပါပြီ။ ဒီဖြစ်စဉ်ကိုလည်း ပြည်သူလူထုကိုအပ်ပါတယ်။ လူထုကမှားတယ်လို့ ဆုံးဖြတ်တယ်ဆိုရင် ဒီသတင်းလောကကနေ အပြီးသတ်ထွက်သွားလိုက်ပါမယ်" ဟုပြောကြားသည်။

ကျောင်းသားမိဘဖြစ်သူ ဦးဝင်းမြင့်လှိုင်ကလည်း "အခုလိုထောင်ချမှတ်ခဲ့တဲ့အတွက် ဌာနဆိုင်ရာတွေနဲ့ ပတ်သက်လာရင် ပြည်သူလူထုဟာ အကြောက်တရားနဲ့ နေနေတော့မှာပါ" ဟုပြောကြားသည်။

ထိုသို့အမိန့်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အမိန့်ချမှတ်ပြီးသည့်အချိန်တွင် The Daily Eleven အနေဖြင့် မြို့နယ်တရားသူကြီး ဒေါ်မန်ဟောက်နျန်ထံသို့ ရုံးစာရေးမှတစ်ဆင့် တွေ့ဆုံမေးမြန်းခွင့် တောင်းဆိုခဲ့ရာတွင် တွေ့ဆုံရန်ငြင်းပယ်ခဲ့သည်။

ထို့အပြင် မြို့နယ်တရားသူကြီး ဒေါ်မန်ဟောက်နျန်အနေဖြင့် စီရင်ချက်အမိန့်ဖတ်ကြားရာတွင် ခေါင်းငုံ့ကာဖတ်ကြားပြီး အသံတိုးလွန်းသဖြင့် မည်သည့်အတွက်ကြောင့် ထောင်ဒဏ်မည်မျှချမှတ်သည်ကို ကောင်းစွာကြားသိခဲ့ရခြင်းမရှိကြောင်း တရားခံနှစ်ဦးနှင့် ၎င်းတို့၏ ရှေ့နေအပါအ၀င် တရားခွင်အတွင်း ၀င်ရောက်နားထောင်သူများက ပြောကြားသည်။

ယခုကဲ့သို့ သတင်းထောက်နှင့် ကျောင်းသားမိဘအပေါ် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းသည် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၏ အမိန့်အာဏာသက်ရောက်မှု မကင်းနိုင်ကြောင်း ဒေသခံသတင်းထောက်များက သုံးသပ်ပြောကြားသည်။

၎င်း၏လက်ထက်တွင် သတင်းမီဒီယာသမားများအား ဖမ်းဆီးမှုများရှိခဲ့ပြီး Eleven Media Group မှ မကွေးမြို့ခံ သတင်းထောက်နှစ်ဦးအား သတင်းဓာတ်ပုံနှင့်ဆက်စပ်ပြီး ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးသည်။ မကြာသေးမီကလည်း မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှ လက်နက်စက်ရုံ သတင်းဖော်ပြခဲ့မှုနှင့်ပတ်သက်ပြီး ယူနတီသတင်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးမှာ ပခုက္ကူခရိုင်တရားရုံး၌ တရားရင်ဆိုင်နေရလျက်ရှိသည်။ အဆိုပါအမှုနှင့်ပတ်သက်ပြီး တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦးက နိုင်ငံတော်သမ္မတ ရုံးညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းလက်မှတ်ရေးထိုးလျက် ၎င်းအားတရားလိုအဖြစ် အမှုဖွင့်ဆောင်ရွက်သွားရန် တာဝန်ပေးသည့်စာကို လက်ခံရရှိခဲ့ပြီး ပေါက်မြို့မရဲစခန်း၌ စာဖြင့်ရေးသားပြီး အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

သမ္မတရုံးမှတာဝန်ပေးသည့် စာတွင် (၁) ၂၅-၁-၂၀၁၄ ရက်ထုတ် ယူနတီနိုင်ငံရေးနှင့် တိုင်းရင်းသားသတင်းဂျာနယ်တွင် "ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက်ဓာတုလက်နက်စက်ရုံ" ခေါင်းစဉ်ပါဆောင်းပါး၌ မိမိနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင်ငံများက အထင်အမြင်လွဲမှားစေနိုင်သည့် ကာကွယ်ရေး၊ လုံခြုံရေးနှင့်သက်ဆိုင်သော နိုင်ငံတော်လျှို့ဝှက်ချက်ဓာတ်ပုံများ ဆောင်းပါးအချက်အလက်များ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ (၂) အဆိုပါအမှုကိစ္စတွင် ဥပဒေချိုးဖောက်ကြောင်း၊ သံသယရှိသူများအား ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေအရ အရေးယူနိုင်ရန်အတွက် "ကြည်း ၂၈၂၉၉၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ဌာနမှူး၊ စစ်ဆေးရေးဌာန အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ" က တရားလိုအဖြစ် အမှုဖွင့်လှစ်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အားပေးပို့ပါသည်ဟု ပါရှိသည်။

ဒီဗွီဘီသတင်းထောက် ကိုသူရသက်တင်သည် ယခင်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ် မေလအတွင်းက နတ်မောက်မြို့နယ် သမုန်းပင်ကျေးရွာ၌ သောက်သုံးရေရှားပါးမှုသတင်းအတွက် ရုပ်သံရိုက်ကူးမှုနှင့် ပတ်သက်၍ လိုင်စင်မဲ့ဗီဒီယိုရိုက်ကူးမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်သုံးနှစ်ကျခံခဲ့ရကာ ၂၀၁၂ ခုနှစ်အတွင်းက ပြန်လည်လွတ်မြောက်ခဲ့သူလည်း ဖြစ်သည်။

"ကျွန်တော်တို့သတင်းထောက်ကို ထောင်ချလိုက်တဲ့နေရာမှာ ကိုးကားထားတဲ့ ပုဒ်မတွေက ပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနဲ့ ပိုင်နက်ကျူးလွန်မှု ပုဒ်မ-၄၄၈ နဲ့ဖြစ်တယ်။ အဲ့ဒီနေရာမှာ ပုဒ်မ-၃၅၃ ၀တ္တရားနှောင့်ယှက်တယ်လို့ပြောတယ်။ ကျွန်တော်တို့သတင်းထောက်က အများပြည်သူနဲ့ဆိုင်တဲ့ရုံးမှာ အစိုးရ၀န်ထမ်းတစ်ယောက်ကို အများပြည်သူသိသင့်တဲ့ သတင်းအချက်အလက်ကိုသွားမေးတာ ၀တ္တရားနှောက်ယှက်မှု လုံးဝမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ 

တာဝန်ဝတ္တရားနှောင့်ယှက်မှုဆိုတာ အကြမ်းဖက်မှု ခြိမ်းခြောက်မှု ဒါမျိုးတွေပါမှ အဲဒီပြစ်မှုမြောက်တယ်။ အခုကျွန်တော်တို့ သတင်းထောက်က ကင်မရာပဲပါတယ်။ ဗီဒီယိုမှတ်တမ်းရိုက်တာပဲရှိတယ်။ ပြီးတော့ သတင်းမေးတာပဲရှိတယ်။ ဒါဟာဝတ္တရားနှောက်ယှက်မှုမြောက်လောက်တဲ့ ပြစ်မှုမဟုတ်ဘူးလို့ ကျွန်တော်တို့ မြင်ပါတယ်။ နောက်ပုဒ်မတစ်ခုက ပုဒ်မ ၄၄၈၊ အဲဒီပုဒ်မက ပိုင်နက်ကျူးလွန်မှု။ ပုဒ်မ ၄၄၈ နဲ့ ပတ်သက်ပြီး ပြစ်မှုမြောက်မမြောက်ကို ကျွန်တော်တို့ရှေ့နေနဲ့ တိုင်ပင်ကြည့်ပါတယ်။ အဲဒါက ပုဂ္ဂလိကပိုင်ဆိုင်မှုတွေထဲကို ကျူးကျော်ဝင်ရောက်တဲ့ ပြစ်မှုဖြစ်ပါတယ်။

ခုဟာက အများပြည်သူနဲ့သက်ဆိုင်တဲ့ ရုံးထဲကို ရုံးချိန်အတွင်းမှာ သတင်းထောက်က ၀င်ရောက်သတင်းမေးမြန်းခြင်းဖြစ်ပါတယ်။ ဒီဟာကလည်း ပိုင်နက်ကျူးလွန်မှုမမြောက်ဘူးလို့ ယုံကြည်ပါတယ်။


အစိုးရသစ်လက်ထက်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်နေတယ်။ ပြီးတော့ သတင်းလွတ်လပ်ခွင့်ကို ပေးတယ်လို့ပြောတယ်။ အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိတယ်လို့ ကျွန်တော်တို့အသိအမှတ်ပြုပါတယ်။ သို့သော် ခေတ်မမီတော့တဲ့ ရာဇသတ်ကြီးဥပဒေတွေ၊ ကျင့်ထုံးဥပဒေတွေကိုအသုံးချပြီး သတင်းမီဒီယာလောကသားတွေကို ဖိနှိပ်ပြီး အရေးယူနေတာကတော့ သူတို့ပြောနေတဲ့ သွားနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လုံးဝဆန့်ကျင်နေတယ်ဆိုတာကိုတော့ ကျွန်တော်တို့ ထောက်ပြပါတယ်" ဟု ဒီဗွီဘီသတင်းဌာန၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။


ဒီဗွီဘီသတင်းထောက် ကိုသူရသက်တင်သည် အသက် ၄၁ နှစ်အရွယ်ရှိပြီး မကွေးမြို့ ကန်သာရပ်တွင် နေထိုင်ကာ ဇနီးနှင့် အသက်နှစ်နှစ်အရွယ် သားတစ်ဦးရှိကြောင်း သိရသည်။ယခုကဲ့သို့၎င်းအား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းသည် မကြာသေးမီက ပြဋ္ဌာန်း

ခဲ့သော သတင်းမီဒီယာဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်းလည်း ပြောဆိုမှုများရှိနေသည်။

ပြီးခဲ့သော မတ် ၁၄ ရက်က ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည့် သတင်းမီဒီယာဥပဒေတွင် နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့်ကျင့်ဝတ် သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်းယူဆလျှင် ရှေးဦးစွာ ကောင်စီသို့တိုင်ကြားနိုင်ကြောင်းသတင်းမီဒီယာဥပဒေပုဒ်မ၂၁တွင် ပြဋ္ဌာန်းထားပြီး ကောင်

စီ၏ရှေ့မှောက်တွင် ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှုမရှိပါက တိုင်ကြားသူ သို့မဟုတ် ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံး
တွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ကြောင်း သတင်းမီဒီယာဥပဒေပုဒ်မ ၂၃ တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

"သတင်းမီဒီယာဥပဒေမှာကသတင်းမီဒီယာသမားတစ်ဦးကတာဝန်နဲ့ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ရင် ရှေးဦးစွာ သတင်း

မီဒီယာကောင်စီကို တိုင်ကြားနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ဥပဒေအရ ဖွဲ့စည်းတဲ့ သတင်းမီဒီယာကောင်စီကို မဖွဲ့ရသေးဘူး
ဆိုပေမယ့် လက်ရှိမှာဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)ဆိုတာ ရှိပါတယ်။

 ကောင်စီရှေ့မှောက်မှာ ညှိနှိုင်းဖြေရှင်းရာမှာ ပြေလည်မှုမရှိရင်တော့ ဥပဒေနဲ့အညီ တရားစွဲဆိုနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ဒီဖြစ်
စဉ်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေကသာ မီဒီယာတွေကို မဖိနှိပ်ချင်ဘူး။ မီဒီယာလွတ်လပ်ခွင့်ကို အသိအမှတ်ပြုချင်တယ်ဆိုရင် ဒီဥပဒေအရကောင်စီမှာ အရင်ညှိနှိုင်းသင့်တယ်။ ကောင်စီကိုလည်း အသိမပေး။ ညှိလည်းမညှိနှိုင်းဘဲ ထောင်ဒဏ်
အမိန့်ချမှတ်တာဟာ သတင်းမီဒီယာဥပဒေနဲ့ မကိုက်ညီသလို ဖြစ်နေပါတယ်" ဟု ဥပဒေပညာရှင်တစ်ဦးကဆိုသည်။

လက်ရှိသတင်းမီဒီယာဥပဒေကို ၂၀၁၄ ခုနှစ် မတ် ၁၄ ရက် (ယခု ဒီဗွီဘီသတင်းထောက်အား အမိန့်မချမီ) က ပြဋ္ဌာန်းခဲ့ ခြင်းဖြစ်သောကြောင့် ဒီဗွီဘီသတင်းထောက်ဖြစ်စဉ်အား အမိန့်မချမီ သတင်းမီဒီယာဥပဒေကို ထည့်တွက်စဉ်းစားခြင်းမရှိသည်မှာ သတင်းမီဒီယာဥပဒေနှင့် မကိုက်ညီဘဲဖြစ်နေကြောင်း သတင်းမီဒီယာဥပဒေပြဋ္ဌာန်း ချက်များအရ သိရသည်။

"ဘာမဟုတ်တဲ့ကိစ္စ ထောင်မချသင့်တဲ့ကိစ္စကို ထောင်ချတယ်။ ဘာမှမကြီးကျယ်တဲ့ ပြစ်မှုတစ်ခုကို ထောင်တစ်နှစ်က ပြင်းလွန်း

တယ်။ တိုင်းပြည်တစ်ပြည်လုံးကို ရောင်းစားလာဘ်ပေးလာဘ်ယူကို အကြီးအကျယ် ကျူးလွန်တဲ့သူတွေကိုကျတော့ နယ်ပြောင်း
ရုံလောက် ရာထူးအနားပေးရုံလောက်နဲ့ တရားတောင်မစွဲဘူး။ အဲဒီတော့ လက်ရှိအခြေအနေကိုကြည့်ရင် မြန်မာနိုင်ငံမှာ သတင်းမီဒီ
ယာကို သွယ်ဝိုက်တဲ့နည်းနဲ့ချုပ်ကိုင်ဖို့ လုပ်တာတွေ ကြီးထွားလာတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ မြန်မာနိုင်ငံမှာအားလုံး
လိုလားတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် မျှော်လင့်ချက်တွေ မှေးမိန်လာပြီဆိုတာ လူထုသဘောပေါက်ဖို့လိုပါတယ်။

အစိုးရကို ပြင်းပြင်းထန်ထန်တောင်းဆိုဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း တိုက်တွန်းရမယ်။ အစိုးရရဲ့ ဒီမိုကရေစီအပြောင်း

အလဲနဲ့ ဒီမိုကရေစီစံနှုန်းတွေအတွက် ဖိအားပေးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပြည်သူတွေအနေနဲ့ ဘယ်လိုဖိအားပေးမလဲဆိုတာ စဉ်းစားသင့်ပြီ" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ လာမည့်သောကြာနေ့(၁၁-၄- ၂၀၁၄) နေ့တွင် Eleven Media Group မှ ထုတ်ဝေမည့် The Daily Eleven သတင်းစာနှင့် Premier Eleven Sports ဂျာနယ်မျက်နှာဖုံးများတွင် Black Cover အဖြစ်ပြုလုပ်၍ ကန့်ကွက်သွားမည်ဖြစ်ပါသည်။

DVB သတင်းထောက်အား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ်အမြင်များ

ဆရာဖိုးသောကြာ(ခေတ်မိုး)(ရွှေနိုင်ငံသစ်သတင်းစာ အယ်ဒီတာချုပ်)

"ဒါလုံးဝမတရားပါဘူး။ သတင်းမေးရုံနဲ့ ၀တ္တရားနှောင့်ယှက်မှုမဖြစ်ပါဘူး။ အမှန်ကတော့ တရားစီရင်တဲ့ သဘောကပဲကြည့်ကြည့် အုပ်ချုပ်ရေးသဘောကပဲကြည့်ကြည့် သူကတကယ်ပဲ သတင်းလိုချင်တယ်။ လိုချင်ရတာကလည်း သူ့အတွက်မဟုတ်ဘူး။ တိုင်းပြည်နဲ့လူမျိုးကို တင်ပြချင်တဲ့သတင်းထောက်။ ထောင်ကိုမချသင့်ပါဘူး။ 


အဲဒီလိုမျိုးလုပ်လိုက်တာက မီဒီယာကို နှိပ်ကွပ်တဲ့သဘောရောက်ပါတယ်။ ရှင်းရှင်းပြောရရင် နောက်မလုပ်ရဲအောင် လုပ်လိုက်တာပါပဲ။ ဆိုလိုတာက မိဘကသားသမီးကို နောက်မလုပ်ရဲအောင် လုပ်တာကတစ်မျိုး၊ ဆရာကကျောင်းသားကို နောက်နောင်မလုပ်ရဲအောင် သင်ခန်းစာပေး ဆုံးမတာက တစ်မျိုးပေါ့ဗျာ။ သတင်းထောက်ဆိုတာက ပြည်သူရဲ့သားသမီးဗျ။ သတင်းထောက်ကို အဲဒီလိုမလုပ်သင့်ပါဘူး" 

ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) 

"အစိုးရသစ်တက်ပြီး ဒုတိယအကြိမ်လွှတ်တော်ကတည်းက ကျွန်တော်ပြောခဲ့ပါတယ်။ သတင်းမီဒီယာတွေကို ကာကွယ်မယ့် ဥပဒေတို့၊ ဖိနှိပ်တဲ့ဥပဒေတွေကို ပြင်ဆင်တဲ့ဥပဒေတို့ လုပ်ရမယ်ဆိုတာကိုပါ။ အဲဒီနှစ်ခုကိုမလုပ်ရင် အယ်ဒီတာချုပ်တွေအပါအ၀င် သတင်းထောက်တွေဟာ စာရေးစားပွဲကနေ အင်းစိန်အကျဉ်းထောင်ထဲ အချိန်မရွေးရောက်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။ 


အခုသတင်းမီဒီယာဥပဒေကို ထုတ်ပြန်ပြီး နည်းဥပဒေရေးဆွဲနေတဲ့အချိန်မှာ မီဒီယာသမားတွေကိုထောင်ချမယ့် ကိစ္စတွေကို စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းသင့်ပါတယ်။ အခုလို မီဒီယာသမားတွေကို ထောင်ချပြီး အရေးယူဖြေရှင်းနေတယ်ဆိုတာ အခုလို ဒီမိုကရေစီကူးပြောင်းနေတဲ့အချိန်မှာ စတုတ္ထမဏ္ဍိုင်အရေးကြီးတယ်လို့ ပြောနေကြတဲ့အချိန်မှာ အင်မတန် ရုပ်ဆိုးအကျည်းတန်တဲ့ကိစ္စဖြစ်တယ်လို့ ပြောပါရစေ"

ဦးသီဟစော (စာနယ်ဇင်းကောင်စီ(ယာယီ)) 

"တကယ်တမ်းပြောရရင် ပုဒ်မတွေက နဂိုကတည်းက ရေးထားပြီးသား။ ဘယ်ဟာက ထောင်ဒဏ်ခြောက်လ၊ ဘယ်ဟာက ထောင်ဒဏ်တစ်နှစ်ဆိုတာ သတ်မှတ်ပြီးသား။ အဲဒါကိုနည်းတယ်။ များတယ်လို့တော့ ပြောလို့မရဘူး။ ဖြစ်ပြီဆိုရင် စာနယ်ဇင်းကောင်စီ၊ ပြန်ကြားရေးကော်မတီတို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်စေချင်တယ်။


အဲဒီလိုလုပ်လိုက်ရင် တရားစွဲတာတွေ သိပ်မရှိတော့ဘူး။ အခုနောက်ပိုင်းတွေမှာဆိုလို့ရှိရင် သက်ဆိုင်ရာအာဏာပိုင်၊ ရဲတွေနဲ့အမှုဆင်ပြီးတော့ ချက်ချင်းအရေးယူဖြစ်တယ်။ အဲဒီလိုပြဿ နာတွေက နိုင်ငံတိုင်းမှာရှိတယ်။ သတင်းထောက်တွေမှာ စွန့်စားရတာတွေ၊ အန္တရာယ်ရှိတာတွေက ရှိပြီးသား။ ဥပဒေထဲမှာ ထည့်ရေးထားတာရှိတယ်။ 

သတင်းထောက်ကခွင့်တောင်းပြီး မေးတယ်ဆိုရင် ဖြေဖို့တာဝန်ရှိတယ်။ မဖြေဘူးဆိုရင် သက်ဆိုင်ရာဌာနကနေ အရေးယူဖို့ပါတယ်။ အဲဒါတွေက မလာသေးတဲ့အတွက် ထစ်ကနဲရှိရင် သတင်းထောက်ကို အနီးကပ်ဆုံးဥပဒေနဲ့ဖမ်းတာ၊ ထောင်ချတာတွေလုပ်နေတယ်။ ပြစ်ဒဏ်များတယ်၊ နည်းတယ်ဆိုတာကိုတော့ မပြောချင်ဘူး အဲဒီကိစ္စတွေက ဖြစ်ကိုမဖြစ်သင့်တဲ့ကိစ္စတွေ နှစ်ဦးနှစ်ဖက်ပြေလည်အောင် ဆွေးနွေးမှုပြုလုပ်သင့်တဲ့အရာတွေဖြစ်တယ်"

ဦးရဲမြင့်ဖေ (စံတော်ချိန်သတင်းစာအယ်ဒီတာချုပ်)

"ဒါဟာ သတင်းထောက်တွေကိုဖိနှိပ်တာဘဲ။ ကျန်တဲ့သတင်းထောက်တွေကို အဲဒီလိုမလုပ်ရဲအောင်လုပ်တာဘဲ။ ဒါဟန့်တားတာဘဲ။ သတင်းမီဒီယာသမားတွေကို အဲဒီလိုထောင်ချလိုက်တာကို ကျွန်တော်တို့အနေနဲ့ လက်မခံပါဘူး။ သတင်းထောက်တွေကို ဖမ်းဆီး

ထောင်ချလိုက်တာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ 

အလားအလာမကောင်းပါဘူး။ သတင်းမီဒီယာသမားတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လာပြီ။ တရာဥပဒေစိုးမိုးမှုကလည်း ပုံမှန်အခြေအနေမဟုတ်ပါဘူး။ ဖိနှိပ်တာတွေ၊ မတရားတာတွေကလည်း အများကြီးပါ။ ကျွန်တော်တို့တင်မဟုတ်ပါဘူး။ အောက်ခြေ
ပြည်သူတွေလည်း အများကြီးခံနေကြရပါတယ်" 

ဦးကိုနီ(တရားလွှတ်တော်ရှေ့နေ)

သတင်းမီဒီယာတွေကို တရားစွဲတာ ထောင်ဒဏ်ချမှတ်တာတွေက ရှိနေဦးမှာပဲဖြစ်ပါတယ်။ လူတွေသိပ်မသိကြလို့ပါ။ အရင်တုန်းက

လည်း ရှိခဲ့ပါတယ်။ အခုလည်းဆက်ရှိနေဦးမှာပါပဲ။ သတင်းထောက်ကလည်း သတင်းထောက်အခွင့်အရေးအရ လွတ်လပ်ခွင့်အရ
ဆိုပြီး သတင်းရယူသလိုတရားစွဲအဖွဲ့အစည်းကလည်းသူတို့အခွင့်အရေးအရတရားစွဲမှာပါပဲ။ ဒါပေမဲ့ ဝေဖန်ချင်စရာတစ်ခုကတော့
 အုပ်ချုပ်ရေးပိုင်းနဲ့ သတင်းမီဒီယာနဲ့ ငြိလာရင်တော့ တရားရေးက အကာအကွယ်ပေးထားတဲ့သဘောမျိုးတွေ ရှိနေပါတယ်" 

ဦးခိုင်မောင်ရည် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်/အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) 

"တကယ်တော့ မီဒီယာနဲ့ပတ်သက်ပြီး ဖိနှိပ်မှုတွေ ဆက်တိုက်တွေ့နေရတယ်။ အရင်တုန်းက မီဒီယာနဲ့ပတ်သက်ပြီး အရေးယူတာ

တွေ ရှိခဲ့ပါတယ်။ The Voice ၊ ဦးမြတ်ခိုင်တို့ကို တရားစွဲခဲ့တယ်။ အဲဒီအမှုတွေက ဖြေလျော့ပေးခဲ့တယ်လို့ ယူဆပါတယ်။ အခု Eleven ကမခိုင်၊ Unity ကသတင်းထောက်တွေကို ဖိနှိပ်တဲ့ပုံစံနဲ့ ဆောင်ရွက်ခဲ့တယ်။ 

လှိုင်သာယာမှာ ကျူးကျော်သူတွေ တော်တော်များများကို ဒီပုဒ်မနဲ့ဆွဲကြပါတယ်။ ထောင်ကျတယ်ဆိုတာ ရှားပါတယ်။ ပိုင်နက်ကျူးလွန်
မှုဆိုတဲ့ပုံစံမျိုးနဲ့ မီဒီယာကို ထောင်ချတယ်ဆိုတာ အံသြဖို့ကောင်းတယ်။ အခုလို မီဒီယာဖြေလျှော့မှုတွေ ပြုလုပ်ရမယ့်အချိန်မှာ ဖိနှိပ်
တာဖြစ်နေတယ်။ ဒီအချက်ကို အုပ်ချုပ်ရေးအကြီးအကဲ၊ လွှတ်တော်အကြီးအကဲတွေနဲ့ တရားရေးအကြီးအကဲတွေ အလေးထား
စဉ်းစားဖို့လိုပြီလို့ ပြောချင်ပါတယ်"

ဦးမြင့်ကျော် (မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး)


"အခုချမှတ်လိုက်တဲ့ပြစ်ဒဏ်ကို ပြောရမယ်ဆိုရင်တော့အရမ်းပြင်းထန်လွန်းတယ်။အဓိပ္ပါယ်မရှိဘူး။ ဖြစ်တဲ့အဖြစ်အပျက်က
ကျွန်
တော်တို့ သေချာသိပြီးသား။ သူသတင်းမေးဖို့ ကြိုးစားတာမရတော့ ဗီဒီယိုခဏလေး ရိုက်လိုက်တယ်။ အဲဒီဗီဒီယိုက ဖော်ပြဖို့လည်း
မဟုတ်ဘူး။ 

မှတ်တမ်းတင်တဲ့အနေနဲ့ ခဏလေးရိုက်လိုက်တာ။ တချို့ဒေသန္တရအစိုးရက သူတို့သြဇာအာဏာကို လိုတာထက်ပိုပြီးတော့သုံးချင်
တယ် မီဒီယာကိုရော၊ လူတွေကိုရော အကြောက်တရားရအောင် လုပ်ချင်တယ်။ ဒီကိစ္စတော့ ဘယ်လို့မှမျှတတဲ့ဟာလည်းမဟုတ်
ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာလည်း မဟုတ်ဘူး"

ဦးမင်းသူ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်/အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

" နိုင်ငံတော်ရဲ့ တရားစီရင်ရေးမူမှာလည်းရှိတယ်။ နိုင်ငံသားတွေကိုအပြစ်ပေးရေးထက် ပြုပြင်ရေးကိုဦးတည်ပြီး ဆောင်ရွက်
ရမယ်
ဆိုတာဖြစ်ပါတယ်။အဲဒီအခါမှာသတင်းထောက်တွေဆိုတာ နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင်ကို အားပြုနေတဲ့သူတွေအပေါ်မှာ အခုလိုနှစ်
ရှည်ပြစ်ဒဏ်တွေ ချမှတ်ခြင်းဟာ လုံးမဖြစ်သင့်တဲ့ကိစ္စလို့ အဓိကထားပြောချင်တယ်။ 

အားလုံးပြောပြောနေတဲ့ ငြိမ်းစုစီဥပဒေ၊ ဆက်သွယ်ရေးဥပဒေမျိုးတွေကိုတောင် လွှတ်တော်မှာ ပြစ်ဒဏ်တွေလျော့ပေါ့ပေးခဲ့ပြီးပြီ။ ဒီအချိန်မှာ ဒီလိုပြစ်ဒဏ်ပေးမှုဟာ လုံးဝမမျှတဘူး။ ၀တ္တရားနှောက်ယှက်မှုဆိုတာ တကယ်တမ်းကျတော့ တရားရုံးပြင်ပမှာ နှစ်
ဦးနှစ်ဖက်ကျေအေးလို့ရတယ်။ အဲဒါအပေါ်မှာ အာဏာပိုင်တွေနဲ့ တရားသူကြီးတွေရဲ့ဆောင်ရွက်ချက်ဟာ ပုဂ္ဂိုလ်ရေးမုန်းတီးမှု ဆောင်ရွက်ချက်တွေပါနေသလားလို့ မေးခွန်းထုတ်ရမယ်။

 နိုင်ငံတည်ဆောက်နေတဲ့အချိန်မှာ အင်အားတစ်ချို့ကို ဖွင့်လှစ်ပေးပြီးမှ ပြန်လည်ဆုံးရှုံးမှုတွေ ဖြစ်နေတဲ့အပြင် နိုင်ငံတော်တစ်ခုလုံး
သွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမူကိုလည်း လုံးဝထိခိုက်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ဒေသအလိုက်ခွဲပြောမယ်ဆိုရင် မကွေးတိုင်းဒေသမှာ ချမှတ်လိုက်တဲ့ပြစ်မှုက ဒါဟာအုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးပိုင်းကို လွှမ်းမိုးနေတယ်ဆိုတာ ထင်ရှားတယ်
ဆိုတာ ပြလိုက်တာပါပဲ။ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိဘူး။ 

အခြေခံဥပဒေကို ချိုးဖောက်နေတယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာပါဝင်တဲ့ ပုဂ္ဂိုလ်တစ်ချို့ရဲ့ စိတ်ပိုင်းဆိုင်
ရာပြုပြင်မှုတွေ အရမ်းလိုအပ်နေတယ်ဆိုတာ အထင်အရှားပြလိုက်ခြင်းဖြစ်တယ်လို့ သုံးသပ်ချင်ပါတယ်"

Eleven Media , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment