Pages

Tuesday, April 8, 2014

ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦးဖြစ်သည့် ရွန်နီကို ဘိုင်ယန် သတိ ထားရမည်ဟု ဒန်တီသုံးသပ်


RangonNewsDaily: April . 8 .2014
ဝိန်းရွန်နီကို ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးဟု ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒန်တီက ချီးကျူးပြောဆို လိုက်ပြီး ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်တွင် မိမိတို့ အဓိက သတိ ထားရမည့် ကစားသမားဟု ဝန်ခံခဲ့သည်။
ရွန်နီသည် ပထမ အကျော့က အိုးလ်ထရက်ဖို့ဒ်တွင် မန်ချက်စတာ ယူနိုက်တက်နှင့် ဘိုင်ယန်တို့ (၁)ဂိုးစီ သရေကျရာတွင် ဂိုးမသွင်းနိုင်သော်လည်း နီမန်ယာဗီဒစ် ဂိုးသွင်းယူမည့် ထောင့်ကန်ဘောကို ကန်တင် ဖန်တီးပေးခဲ့သည်။

စနေနေ့က ယူနိုက်တက်တို့ အဝေးကွင်းတွင် နယူးကာဆယ်လ် ယူနိုက်တက်ကို (၄-၀)ဖြင့် အနိုင် ရခဲ့ရာတွင် အင်္ဂလန် လက်ရွေးစင် ရွန်နီအနေဖြင့် ခြေမ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ချေ။ သို့သော်လည်း ဗုဒ္ဓဟူးနေ့၊ ဂျာမန်မြေတွင် ကစားမည့် ချန်ပီယံလိဂ် ဒုတိယ အကျော့၌ ပါဝင်နိုင်ရန်မူ ကြံ့ခိုင်မှု ပြည့်ဝနေပြီ ဖြစ်သည်။

ဘရာဇီးလ် လက်ရွေးစင် ဒန်တီက “ကျွန်တော် ဘရာဇီးလ် အသင်းမှာ သူ့ကို ရင်ဆိုင် ကစားဖူးပါတယ်။ ရွန်နီက ကမ္ဘာ့အဆင့် တိုက်စစ်မှူးကောင်း တစ်ယောက်ပါ”ဟု ဘိုင်ယန်အသင်း ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ ၎င်းက “ရွန်နီဟာ ပွဲအနေအထားကို ကောင်းကောင်းကြီး ဖတ်ရှုနိုင်တယ်။ တာတို အကွာအဝေးလောက်ဆို လျှပ်စီးလက်သလို မြန်မြန်ဆန်ဆန် ရွေ့လျား သွားနိုင်တယ်။


 ပြီးတော့ ကန်ချက်တွေ သိပ်ကောင်းပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခံစစ်ကို သတိထား ကာကွယ်သွားဖို့ လိုပါတယ်။ တကယ်တော့ ရွန်နီ တစ်ယောက်တည်းသာ မဟုတ်ပါဘူး။ ယူနိုက်တက်မှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီး ရှိနေပါတယ်” ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဒန်တီက အိမ်ကွင်းတွင် ယူနိုက်တက်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ရောက်ရှိနိုင်ရန် ပရိသတ် အားပေးမှု လိုအပ်ကြောင်းလည်း ဆိုသည်။ “ပရိသတ် (၇၀၀၀၀)နီးပါးလောက် ရှေ့မှောက် အိမ်ကွင်းပွဲစဉ်မှာ ကစားရမှာပါ။ ဒီကွင်းကြီးဟာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မျိုး ဖန်တီးပေးဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို လိုအပ်ပါတယ်။ 


ပရိသတ်ဟာ ကျွန်တော်တို့နောက်မှာ ရပ်တည်ပြီး (၁၂)ယောက်မြောက် ကစားသမား အနေနဲ့ အထောက်အကူ ပေးနိုင်မယ် ထင်ပါတယ်”ဟု ဒန်တီက ပြောဆိုခဲ့သည်။ ဘိုင်ယန်သည် ယခုပွဲတွင် ဒဏ်ရာရ ကစားသမားများဖြစ်သည့် ရှာဒန်ရှာကီရီ၊ သီယာဂို အယ်လ်ကန်ထရာ၊ ဒီယေဂို ကွန်တန်တို၊ ဟိုလ်ဂါ ဘတ်စ်တူဘာတို့နှင့် ပွဲပယ်ခံထားရသည့် ဘက်စတိန်း ရှဝိန်းစတိုင်ဂါ၊ ဟာဗီမာတီနက်ဇ်တို့ မပါဝင်နိုင်ဘဲ ကစားရမည်ဖြစ်သည်။ 

Soccer Myanmar , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment