Pages

Friday, April 25, 2014

၄၈ လမ်း မီးလောင်မှုတွင် ထောင် ၈ နှစ်ချခံရသည့် ဆရာ ၂ ဦးမှာ တိုက်ရိုက်ကျူးလွန်မှု မရှိသလို ပြစ်မှု ကျူးလွန်ခြင်းလည်း မရှိဟု အမှုလိုက်ရှေ့နေပြော


RangonNewsDaily: April . 25 .2014
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈-လမ်းရှိ (ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတွင် ၂၀၁၃-ခု ဧပြီလ ၂-ရက်နေ မနက်ပိုင်းက မီးလောင်ကျွမ်း၍ ကလေးငယ်များ သေဆုံးခဲ့မှုတွင် စာသင်ကျောင်းမှ ဆရာ ၂-ဦးအား တရားခံအဖြစ် ဖမ်းဆီးထားရာမှ ယနေ့တွင် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

၎င်းကျောင်း၏ တာဝန်ခံဆရာများဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေး တို့အား မီးလောင်မှု ပုဒ်မ ၂၈၅ ဖြင့် ထောင်ဒဏ် ၂-နှစ်၊ လူသေမှု ပုဒ်မ ၃၀၄ ဖြင့် ထောင်ဒဏ် ၆-နှစ် စုစုပေါင်း ထောင်ဒဏ် ၈-နှစ်စီ ကျခံစေရန် အမိန့်ချလိုက်ကြောင်း သိရပါတယ်။
အဆိုပါ အကြောင်းကိစ္စရပ်အား ယနေ့အမိန့်ချလိုက်သည့်အပေါ် ပြစ်ဒဏ်နှင့် ကိုက်ညီမှု ရှိမရှိဆိုသည်ကို ၎င်းအမှု၏ တရားခံရှေ့နေဖြစ်သူ တရားလွှတ်ရှေ့နေ ဦးအုန်းမောင်ထံ မေးမြန်းဖြစ်ခဲ့ပါတယ်။
“ဒီအမှုကတော့ ပြစ်မှု၊ ပြစ်မှုမှာ ပုဒ်မ ၁၈၅ ဒုတိယပိုင်း မီးလောင်မှု၊ နောက်တစ်ခုက ၃၀၄(က) လူသေမှု၊ အဲ နှစ်မှုနဲ့ တရားစွဲတယ်။ တရားစွဲတဲ့အခါကျတော့ တရားလိုဘက်က သက်သေတွေ၊ တရားခံဘက်က ထွက်ဆိုချက်တွေ၊ အဲဒီ ထွက်ဆိုချက်တွေပေါ်မှာ တရားရုံးက သုံးသပ်ပြီးတော့ ပြစ်ဒဏ်ချတယ်။
 ပြစ်ဒဏ် ဆိုတာကလည်း သူ ထောင်ဒဏ်ပါတဲ့အတွက် အနည်းဆုံး တစ်ရက်ထက်ပိုပြီး အနိမ့်ဆုံး သူ့ပုဒ်မအလိုက် ပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်အပြည့် တရားရုံးမှာ ချခွင့်ရှိတယ်။ စီရင်ပိုင်ခွင့် ရှိတဲ့ တရားရုံးမှာ စီရင်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးအနေနဲ့ သူ့ရဲ့ဘောင်ထဲကနေ ချလို့ရတယ်။ 
မီးလောင်မှုနဲ့ ပတ်သက်လို့ ချတဲ့ ပြစ်ဒဏ်ကလည်း သူ့ဥပဒေမှာပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ် ဘောင်ထဲက ချတာပေါ့။ ပြဋ္ဌာန်းထားတဲ့ ဥပဒေပေါ်မှာလည်း ဒါက မတရားဘူး တရားတယ်၊ မမှန်ဘူး မှန်တယ်လို့ တရားရုံး တရားသူကြီးတစ်ယောက်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ ဝေဖန်စရာ အကြောင်းမရှိဘူး။ တရားခံရဲ့ ရှေ့နေ တစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားတယ် ဆိုရင်တောင်မှ အခုဖြစ်ပွားတဲ့ ဖြစ်စဉ်မှာ -
ဤစွပ်စွဲခံထားရသည့် ဆရာနှစ်ဦးမှာ ပြစ်မှုကျူးလွန်ဖို့ ရည်ရွယ်ချက်လည်း မရှိဘူး။ အဲလို ကျူးလွန်ဖို့ ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့တာ ဆိုတာလည်း သက်သေခံချက်မှာ မပေါ်ပေါက်ဘူး။ သူတို့ရဲ့ တိုက်ရိုက် ပြုလုပ်မှုကြောင့် မီးလောင်တယ်၊ သူတို့ရဲ့ ပေါ့လျော့မှုကြောင့် ကလေးတွေ သေရတယ်လို့ မပေါ်ပေါက်ဘူး။ ဘာပဲပေါ်ပေါက်လဲဆိုတော့ ကံအကြောင်း မလှလို့ သူတို့ရဲ့ စွပ်စွဲချက်အတိုင်းပဲ သက်သေခံဟာ သက်မဲ့ပစ္စည်းဖြစ်တဲ့ မီးအားမြင့်စက်ကနေ မီးအပူရှိန် ပြင်းပြီးတော့ မီးလောင်မှု ဖြစ်တယ်။ 
မီးလောင်မှုဖြစ်လို့ ကလေးတွေ အပေါ်ထပ်မှာ မီးခိုးမွှန် မီးလောင်ပြီး သေဆုံးကြရတယ်။ အဲဒီတော့ ဒီအချက်ကိုကြည့်ရင် ဒီဆရာနှစ်ယောက်ရဲ့ တိုက်ရိုက်ကျူးလွန်မှု မပါသလို ပြစ်မှုကျူးလွန်ခြင်းလည်း မရှိဘူး။ အဲတော့ အခုချတဲ့ ပြစ်ဒဏ်ကတော့ ဥပဒေ ဘောင်အတွင်းက ကြည့်မယ်ဆိုရင် နည်းနည်းတော့ များတယ်လို့ ယူဆလို့ရတယ်။
နောက်ပြီးတော့ အမှုတွဲပေါ်ပေါက်တဲ့ နှစ်ဘက်သက်သေခံချက်တွေအရ မီးလောင်တယ်ဆိုတာ မငြင်းနိုင်ဘူး။ လူသေတယ်ဆိုတာ မငြင်းနိုင်ဘူး။ သို့သော် ဒီဆရာတွေအပေါ်မှာ တာဝန်ရှိတယ် မရှိဘူးဆိုတာ အငြင်းပွားတယ်။ ကျောင်း ပြန်ဖွင့် မယ်မဖွင့်ဘူးဆိုတာ အငြင်းပွားတယ်။ အဲဒီအခါမှာ တရားလို အနေနဲ့က ကျောင်းဖွင့်ပါပြီ၊ ဒီဆရာတွေကို တာဝန်ပေးထားပါပြီ၊ သူတို့က လခစားတဲ့ ဆရာတွေပါ။
 ဒီနေ့ညမှာ ကျောင်းဖွင့်ပါပြီ ဒီဆရာတွေကို တာဝန်ချထား ပါတယ်။ ဒီတော့ ဒီကျောင်းကို ကြီးကြပ် ကွပ်ကဲရပါမည်လို့ တာဝန်နဲ့ သတ်မှတ်ချက်တွေ၊ ဘာတစ်ခုမှ ချခံယူထားတဲ့ သက်သေ မရှိဘူး။ နောက်ကျောင်း ဆိုတာက ကျောင်းအုပ်ချုပ်ရေး ကော်မတီရှိတယ်။၊ ဗလီဆိုရင် ဗလီဂေါပက ရှိမယ်။ 
အဲတော့ ဒီဆရာတွေက အခု ပြစ်ဒဏ်ချခံရတာတွေက အဲဒီအခင်းဖြစ်တဲ့နေရာမှာ သူတို့ ညအိပ်ဖြစ်လို့သာ သူတို့မှာ တာဝန်ရှိတယ်လို့ ဆုံးဖြတ်တယ်လို့ပဲ ယူဆတယ်။ နောက် တစ်ချက်က အခုမီးလောင်သွားတာ ဗလီရဲ့ အဆောက်အဦးတစ်ခု၊ ကျောင်းက အဆောက်အဦးတစ်ခု သီးခြားအမှတ်တစ်ခု၊ အခုဖြစ်ပွားခဲ့တာက ဗလီရှေ့ကဆောင်၊ အဲဒီအဆောင်အောက်မှာ အိပ်တာကလည်း တစ်တရားခံ ဆရာဇေယျာဖြိုးအိပ်တာ၊ နှစ်တရားခံ စွပ်စွဲခံရတဲ့ ဆရာခင်မောင်အေးက ဟိုဘက်က သီးခြားစာသင်ဆောင်မှာ အိပ်တာ။ 
အခု အမှုတွဲ သက်သေခံထွက်ဆိုချက် အရ ကျောင်းမဖွင့်သေးဘူးလို့ ကျောင်းအုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဘနီ ကိုယ်တိုင်က ထွက်ဆိုထားတယ်။ တာဝန်အရှိဆုံး ပုဂိ္ဂုလ်က ထွက်ဆိုထားတယ်။
တရားလိုပြသက်သေဖြစ်တဲ့ ရဲတွေနဲ့ သက်သေ ၄၁-ယောက်က ဒီကျောင်းဖွင့်ထားပါတယ် တာဝန်ရှိပါတယ်ဆိုတာ စာရွက်စာတမ်းတွေ၊ သက်သေခံအထောက်အထားတွေ ဘာတစ်ခုမှ မရှိဘူး။ 
အဲဒီထဲမှာမှ နှုတ်သက်သေခံ ထွက်ဆိုချက်အရ အခိုင်ဆုံးက ကျောင်းအုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဘနီ။ အဲဒီတော့ ဗလီဘက်မှာ အဆောက်အဦးမှာ လောင်တဲ့ကိစ္စသည် ဟိုဘက်က ကျောင်းသီးခြားအဆောင်မှာ လောင်တဲ့ကိစ္စနဲ့ မဆိုင်တဲ့အတွက် ဒီအဆောင်မှာ ညဖက်အိပ်တဲ့ ဆရာဇေယျာဖြိုးကို ပြစ်ဒဏ်ချမယ်ဆိုရင် ဒါက စဉ်းစားစရာရှိတယ်။ 
သီးခြားအဆောင်မှာအိပ်တဲ့ ဘာတာဝန်မှ မယူထားတဲ့ ဆရာခင်မောင်အေးကိုပါ အတူတူ တန်းတူ ပြစ်ဒဏ်ချမှတ်တာ ဒါက စဉ်းစားစရာ တစ်ခုပါ။ မှားတယ်လို့တော့ ဆရာမပြောပါဘူး။ နောက်တစ်ခုက အခုဖြစ်သွားတာက ကံအကြောင်း မလှလို့ ဖြစ်တာ။ အဲအချိန်က နိုင်ငံတော်မှာ မိတ္ထီလာကိစ္စဖြစ်ပြီးကာစ အခြေအနေရယ်၊ အဲလိုအခြေအနေပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတဲ့အချိန်။ အဲ့ဒါကြောင့်လည်း ဒီအပေါ် အာရုံစိုက်ပြီး ဒီလိုဖြစ်သွားတယ်လို့ ဆရာယူဆတယ်။
ဒါနဲ့ တစ်ဆက်တည်း စဉ်းစားစရာလေး တစ်ခုကတော့ ဒီလိုမျိုး အမိန့်မချခင် မန္တလေးတိုင်းမှာ မီးလောင်မှု နှစ်ခုဖြစ်ပွားတယ်။ ပထမဖြစ်စဉ်က အစိုးရ အိမ်တော်ဝန်းထဲမှာ ဖြစ်ပွားတယ်။ အဲဒီမှာ မီးလောင်တဲ့တန်ဖိုးက ဒီကျောင်းမှာ မီးလောင်တဲ့ ၈-သိန်းထက် တန်ဖိုးများတယ်။ ဒီမှာလည်း ဒီဆရာနှစ်ဦးကို ပြစ်ဒဏ်ချလိုက်တယ်။ ဟိုမှာလည်း ဟိုက ပုဂ္ဂိုလ်ကို ဘယ်လို ပြစ်ဒဏ်ချမလဲ မသိရသေးဘူး။ 
အဲဒီတော့ ဥပဒေဆိုတာ ကျောသား ရင်သား မရှိဘူး။ လူမျိုးဘာသာ အဖြူအမဲ မရှိဘူး။ တစ်ခုတော့ရှိတယ်။ ယောက်ျား၊ မိန်းမ၊ ကလေး ပေါ်မှာ ပြစ်ဒဏ် စီရင်ချက်တော့ ရှိတယ်။ ကျန်တာကတော့ ခွဲခြားတာမရှိဘူး။ 
ဒီလိုမျိုး အိပ်လို့ တာဝန်ရှိလို့ ပြစ်ဒဏ်ချတယ်ဆိုရင် ဟိုမှာလည်းပဲ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်။ ဒါက ဆရာတို့ ဥပဒေကို လေ့လာသုံးသပ်တဲ့အခါမှာ တရားမျှတမှု၊ ဥပဒေနဲ့ညီညွတ်မှု၊ တရားစီရင်ရေးမူနဲ့ ညီညွတ်မှု ရှိမရှိစောင့်ကြည့်ရမယ်။
ဒီအမှုမှာ ပထမဦးဆုံး ခံဝန်စပေးကတည်းက အမိန့်ချတဲ့အထိ ဆရာလိုက်ခဲ့တာပါ။ အဲဒီအပေါ်မှာရော တရားခံလို့ သတ်မှတ်ခံရတဲ့ သူတွေဘက်က သူတို့ရဲ့ ခံစားချက်ကတော့ အဆုံးစွန်ဆုံးအထိ သူတို့ကိုယ်သူတို့ တရားခံမဟုတ်ဘူးလို့ ခံယူထားတယ်။ သူတို့တာဝန်မရှိသေးဘဲနဲ့၊ လခလည်း မခံစားရသေးဘဲနဲ့၊ သူတို့ကို ခန့်လည်း မခန့်ရသေးဘူးလို့ ကျောင်းအုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌကိုယ်တိုင်က ထွက်ဆိုထားတယ်။ 
ဒီထက် ကျော်သွားပြီးတော့ အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌရဲ့ ထွက်ဆိုချက်ပေါ်မှာ လွှမ်းမိုးတဲ့ ထွက်ဆိုချက်မရှိဘူး။ ကျောင်းသားလေးတွေ ပြောတာရယ်၊ တရားဥပဒေအရ ဒီကျောင်းရဲ့ တာဝန်ရှိဆုံး ပုဂိ္ဂုလ်က ကျောင်းအုပ်ချုပ်ရေး ဥက္ကဋ္ဌ။ ဒီလိုတာဝန် မရှိသေးဘဲနဲ့ ဆရာတွေက ကျောင်းပြန်ဖွင့်မယ်၊ ကလေးတွေရောက်နေလို့ ကျောင်းမှာ လူမရှိသေးလို့ လာအိပ်ပေးတယ်။ အဲလို အခြေအနေမှာ ဒီလိုမျိုး မမျှော်လင့်ဘဲနဲ့ ထဖြစ်တာပဲ။ သူတို့ပြုလုပ်တာ မဟုတ်ဘူး။ 
သူတို့ပိုင်တဲ့ ပစ္စည်းလည်းမဟုတ်ဘူး။ သူတို့က ဒီမီးအားမြှင့်စက်ကို ကိုင်တာလည်း မဟုတ်ဘူး။ သူတို့သုံးစွဲရမယ်လို့ တာဝန်ပေးထားချက်လည်း မရှိဘူး။ အဲဒီလို အခြေအနေမျိုးမှာ သူတို့က သူတို့ကိုယ်သူတို့ တရားခံမဟုတ်ဘူး၊ သူတို့ အပြစ်မရှိဘူးလို့ ခံယူထားတယ်။ အဲလိုအခြေအနေမျိုးမှာ ဒီလိုမျိုး ပြင်းပြင်း ထန်ထန် ပြစ်ဒဏ် ချခံရတာဆိုတော့ သူတို့ရဲ့ မိသားစုရော ၀မ်းနည်းပူဆွေးကြရတာပေါ့။
အခု သူတို့က တစ်ယောက်ကို ထောင်ဒဏ် (၈)နှစ်စီ ချခံရတယ်။ ဒီအမှုက တစ်နှစ်ကျော်သွားပြီးပေါ့နော်။ အဲဒီအပေါ်မှာရော လျှော့ရက်တော့ ရှိတယ်။ တရားရုံးကလည်း ဥပဒေနဲ့အညီ လျှော့ရက်ရှိပါတယ်။ ဒါကြောင့်မို့ ခုအတိုင်းဆိုရင်တော့ (၇)နှစ် ဆက်ကျဖို့ရှိပါတယ်။ 
အဲဒါတွေကို အထက်တရားရုံး အဆင့်ဆင့်ကို အယူခံဝင်သွားလို့ရှိရင်တော့ ဒီလူတွေရဲ့အမှုပေါ်မှာ ဆင်ခြင် သုံးသပ်ပြီးတော့ တရားမျှတစွာ ဆုံးဖြတ်ပေး လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဆက်ပြီးအယူခံ ၀င်သွားဖို့လည်းရှိပါတယ်။ ရှိပါတယ်။ 
ဒါကတော့ ပြစ်ဒဏ်ချခံရတဲ့ သူတွေအနေနဲ့ ဥပဒေကပေးထားတဲ့ ရပိုင်ခွင့်ကိုတော့ အပြည့်အ၀ ကျင့်သုံးမယ်။ ကျင့်သုံးပိုင်ခွင့်ရှိသလို နောက်ဆုံး အချိန်အထိလည်း ကြိုးစားဖို့ လိုအပ်တယ်။”ဟု ဖြေကြားပေးခဲ့ပါတယ်။
ဓါတ်ပုံ အညွှန်း- ၄၈-လမ်းရှိ (ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေးစာသင်ကျောင်းမီးလောင်မှုတွင် တရားခံအဖြစ် စွပ်စွဲခံရသည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေး တို့အား လုံခြုံရေးများမှ ခေါ်ဆောင်လာစဉ်
ချမ်းငြိမ်းအေး
M-Media , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment