Pages

Tuesday, April 1, 2014

သတင်းထောက်များအား ရဲသတင်းပေးများက ကိုယ်ထိလက်ရောက် တားဆီးမှု တိုင်းအစိုးရကို တင်ပြမည်

RangonNewsDaily: April . 1 .2014
မန္တလေး(မဇ္ဈိမ)။ ။ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုကို မကျေနပ်၍ ဆန္ဒပြသည်ကို သတင်းယူနေသောသတင်းထောက်များအား အရပ်ဝတ်ဖြင့် ရဲသတင်းပေးများက ကင်မရာများပုတ်ချပြီး ကိုယ်ထိလက်ရောက် တွန်းထိုးတားဆီးသဖြင့် မန္တလေးတိုင်း အခြေစိုက်သတင်းထောက်များက လက်မှတ်ထိုး၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြတိုင်ကြား သွားမည်ဟု မန္တလေးခေတ် အယ်ဒီတာချုပ် ဦးမင်းဒင်က မဇ္ဈိမကို ပြောသည်။
"တရားဝင် သတင်းယူနေကြတာပါ။ ဒါကို ကိုယ်ထိလက်ရောက် တားဆီးတာတွေ လုပ်လာတယ်။ အဲလိုတားဆီးနေ တဲ့သူတွေက အရပ်ဝတ်တွေ ဖြစ်နေတယ်။ ပြီးတော့ သူတို့က ဝန်ထမ်းမဟုတ်ဘူး။ ရဲသတင်းပေးတွေ ဖြစ်နေ တယ်။ ပြည်ထောင်စု အစိုးရအဖွဲ့က သတင်းပေးမရှိဘူး ပြောနေတယ်။ ဒီမှာရှိနေတယ်။ တိုင်းရဲတပ်ဖွဲ့မှူးကို မေးတော့လည်း ဒီလူတွေဟာ သူတို့လူမဟုတ်ဘူးလို့ ငြင်းနေတယ်။ အဲဒီလိုတွေဖြစ်နေတော့ သတင်းထောက်တွေ ရဲ့လုံခြုံမှုက မရှိတော့ဘူး။ ဒီကိစ္စကို သက်ဆိုင်ရာက ဖြေရှင်းပေးသင့်ပါတယ်" ဟု ဦးမင်းဒင်က ပြောသည်။

အရပ်ဝတ်များ၏ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသူများမှာ မတ်လ ၂၇ ရက်တွင် DVB သတင်းထောက်နှင့် မတ်လ ၃၁ ရက်တွင် ဧရာဝတီ သတင်းထောက် အမျိုးသမီးတို့ ဖြစ်ကြသည်။


ထိုကိစ္စများအပေါ် The Voice သတင်းထောက် ကိုရဲဝင်းနိုင်က "မီဒီယာကို မီဒီယာလို့ မြင်ရမယ်ဗျာ။ အခုဟာက ရန်သူလို ဆက်ဆံနေတယ်။ ပြီးတော့ သူတို့က ကင်မရာတွေကိုင်ပြီး လုပ်နေတော့ သူတို့ကို ပြည်သူက မီဒီယာလို့ ထင်သွားနိုင်တယ်။ ဒါဟာ မီဒီယာအတွက် မကောင်းဘူး"ဟု ပြောသည်။


RFA သတင်းထောက် ကိုဆက်ပိုင်တိုးကလည်း သတင်းရယူ ရာတွင် နှောက်ယှက်မှုများ မကြာခဏကြုံတွေ့နေရ ကြောင်းနှင့် မလိုအပ်ဘဲ မျက်နှာရှေ့တည့်တည့်လာရပ်ပြီး မျက်နှာတည့်တည့် ဓါတ်ပုံရိုက်ခြင်းနှင့် အင်တာဗျူး ချိန်တွင် ကြားဖြတ်မေးမြန်းကာ ဦးတည်ရာလွဲအောင် လုပ်ဆောင်ခြင်းများ ရှိကြောင်း ပြောသည်။


ထိုသို့နှောက်ယှက်မှုများနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခံရခြင်းမှာ မတ်လတွင် သိသိသာသာ ဖြစ်ပွါးခဲ့သည်။


ထိုသို့အရပ်ဝတ်များဖြင့် နှောက်ယှက်သူများနှင့် ၎င်းတို့အားခိုင်းသော ဝန်ထမ်းအရာရှိများအား ဖေါ်ထုတ်ပေးရန် မန္တလေးအခြေစိုက် သတင်းထောက်အချို့က တိုင်းရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် တရားဝင်စာတင်၍ ဆန္ဒဖေါ်ထုတ်သွား မည်ဖြစ်ကြောင်းသိရသည်။

Mizzima - News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment