Pages

Sunday, March 23, 2014

သူဌေးကျွန်း ဟိုတယ်အလုပ်သမားများ သုံးနှစ်ကြာအထိ လုပ်ခအပြည့်မရသေး

RangonNewsDaily: March . 23 .2014
မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ နာမည်ကျော် သူဌေးကျွန်း ဟိုတယ်ကို စီမံခန့်ခွဲလျက်သော Adman Clab ကုမ္ပဏီတွင် လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများ သုံးနှစ်ကြာသည်အထိ လုပ်အားခ အပြည့်မရသေးကြောင်း အလုပ်သမားများက ပြောကြားသည်။ 
ယင်းသို့ လုပ်အားခ အပြည့်မရသော အလုပ်သမားများတွင် နေ့စားလရှင်း အလုပ်သမား၊ လခစား အလုပ်သမားနှင့် ပုဒ်ပြတ် အလုပ်သမားဟူ၍ သုံးမျိုးရှိပြီး ပန်းရန်၊ လက်သမား၊ ယာဉ်မောင်း၊ ကျောက်မိုင်းခွဲ၊ သစ်စက် စသည့်အလုပ်များ လုပ်ကိုင်ခဲ့ရကြောင်း အလုပ်သမား ဦးမင်းမင်းစိုးက ကော့သောင်းမြို့၌ ပြုလုပ်သည့် အလုပ်သမား ၄၇ ဦး တက်ရောက်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ 

Adman ကုမ္ပဏီသည် ၁၉၉၅ ခုနှစ်တွင် ကော့သောင်း-ဘုတ်ပြင်း ကားလမ်းဖောက်လုပ်ရေး ကန်ထရိုက် ရရှိခဲ့ပြီး ယင်းအတွက် ငွေကြေးကို တပ်မတော်အစိုးရ လက်ထက်က ကုမ္ပဏီကို သစ်ထုတ်လုပ်ခွင့်ဖြင့် ပေးချေခဲ့ရာ သစ်ထုတ်လုပ်ခွင့်ရသည့် အချိန်တွင် အလုပ်သမားများကို လုပ်အားခ မှန်မှန်ပေးချေခဲ့ကြောင်း ဦးမင်းမင်းစိုးက ပြောကြားသည်။ 
“လမ်းမပြီးဘဲ သစ်ဆက်ထုတ်နေတာ အစိုးရကသိလို့ သစ်ပါမစ်ကို ၂၀၁၃ မှာ ပိတ်လိုက်တဲ့ အချိန်မှာ အလုပ်သမားတွေကို လုပ်အားခ မရှင်းပေးတော့ဘူး။ သုံးလေးလကြာမှတစ်ခါ တစ်လစာ ရှင်းပေးတယ်” ဟု အခြားအလုပ်သမား တစ်ဦးဖြစ်သည့် ဦးအေးမြင့်က ဆိုသည်။ 

လုပ်အားခ ရှင်းပေးရာတွင်လည်း လုပ်အားခ အနည်းဆုံး ရရှိသည့်လကို ရွေး၍ရှင်းပေးပြီး အလုပ်သမားမှာ အလုပ်ထွက်လိုက်ပါက ကျန်သည့် လုပ်အားခများ မရမည်စိုးသောကြောင့် ရနိုးနိုးဖြင့် ဆက်လက် လုပ်ကိုင်နေရာမှ နောက်ဆုံး စီမံကိန်း ပြီးစီးသည်အထိ ကျန်ရှိ လုပ်အားခများ မရတော့ခြင်း ဖြစ်သည်ဟု အလုပ်သမားများက ပြောဆိုသည်။

ယင်းကျန်ရှိ လုပ်အားခများမှာ ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အကြား လုပ်ကိုင်ခဲ့သော လုပ်အားခများ ဖြစ်ပြီး ၂၀၀၆ ခုနှစ် တစ်နှစ်တည်းတွင်ပင် အလုပ်သမား တစ်ဦးလျှင် အနိမ့်ဆုံး ထိုင်းဘတ်ငွေ ၄၀၀ မှ ၅၉,၃၀၅ ဘတ်အထိ ရှိကြောင်း အလုပ်သမားများထံမှ သိရသည်။ 

လက်ရှိ အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ ကိုယ်တိုင်ပင် လုပ်အားခ မရရှိသောသူများ ရှိပြီး လုပ်အားခကိစ္စ ပြောဆိုသောသူကို နစ်နာကြေးပေးကာ အလုပ်ထုတ်သဖြင့် အလုပ်သမားများမှာ ယင်းကိစ္စကို မပြောရဲကြတော့ကြောင်း လက်ရှိ ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်လျက် ရှိသည့် အလုပ်သမား ဦးဌေးမြင့်က ဆိုသည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ Adman ကုမ္ပဏီ၏ တာဝန်ခံ ဦးညွန့်လှိုင်ကို သွားရောက် မေးမြန်းရာ ၎င်းအနေနှင့် မည်သည့် အလုပ်သမားကိုမျှ အလုပ်ခန့်ထားခြင်း မရှိကြောင်း ပြန်လည် ပြောဆိုသည်။ “အဲဒါတွေကို ထိုင်းလူမျိုးတွေက လုပ်တာပါ” ဟု ၎င်းကဆိုသည်။ 

ကုမ္ပဏီထံတွင် လုပ်အားခရရန် ကျန်ရှိသည့် အလုပ်သမားများအနေနှင့် ၎င်းတို့၏ နစ်နာဆုံးရှုံးမှုများကို ၂၀၁၃ ခုနှစ် စက်တင်ဘာလက ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကော့သောင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှအေး၊ ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ ကော့သောင်းခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကော့သောင်းခရိုင်နှင့် မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၁၀ မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ထံ တိုင်ကြားခဲ့သော်လည်း ယနေ့အထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိကြောင်း အလုပ်သမားများက ဆိုသည်။ 

(Dawei Watch) , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment