Pages

Sunday, March 9, 2014

ထားဝယ်မြို့နယ် အညာဖျားချောင်းအတွင်း သတ္တုတူးဖော်ရန် ပြုလုပ်နေခြင်းကို ဒေသခံများစုပေါင်းလက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးအစိုးရထံ ကန့်ကွက်လွှာပေးပို့ 

အညာဖျားကျေးရွာအုပ်စုအတွင်းရှိ ချောင်းရိုးများအားတွေ့ ရစဉ်
RangonNewsDaily: March . 9 .2014
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှ အရှေ့ဘက် ၁၆ မိုင်ခန့်အကွာရှိ အညာဖျားကျေးရွာအုပ်စုအနီး နယ်မြေအတွင်းတွင်
သတ္တုတူးဖော်ရန် လုပ်ငန်းရှင်နှစ်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့မှုနှင့် Eastern Mining Company Limited က သတ္တုစမ်းသပ်တူးဖော်နေမှုအပေါ် တားမြစ်ပေးရန်အတွက် မတ် ၄ ရက်က ဒေသခံရွာသားများမှ စုပေါင်းလက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးအစိုးရနှင့် တာဝန်ရှိသူများအား စာရေးသားပေးပို့ကာ ကန့်ကွက်ကြောင်း အသနားခံတင်ပြခဲ့သည်ဟု သတင်းရရှိသည်။

အညာဖျားအုပ်စုအတွင်းရှိ သဲဖြူချောင်း လုပ်ကွက်ဖြင့်လျှောက်ထားလာသူ စောကနေးနှင့် ညောင်ချောင်းလုပ်ကွက်ဖြင့် လျှောက်ထားသူ ဦးမြမောင်တို့က ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများနှင့် တာဝန်ရှိသူများအား အသိပေးခြင်းမရှိဘဲ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လုပ်ကိုင်ခွင့်ပြုရန်တင်ပြခဲ့ပြီး၊Eastern Mining Company Limited မှာမူ ချောင်းဦးတို လုပ်ကွက်တွင်လမ်းဖောက်လုပ်၍ စမ်းသပ်တူးဖော်နေပြီး ဒေသခံများအား အသိပေးခြင်းမရှိသည့်အပြင် သတ္တုတူးဖော်ရန်ခွင့်ပြုသည့် စာရွက်စာတမ်းများကို ပြသရန် ဒေသခံများက ပြောကြားသော်လည်း ပြသခဲ့ခြင်းမရှိကြောင်း သိရသည်။

သတ္တုတူးဖော် လုပ်ကိုင်မည့်နေရာများမှထွက်ရှိလာသည့် စွန့်ပစ်မြေစာများ၊ အညစ်အကြေးများမှာ အနီးရှိချောင်းရိုးအတွင်းမှတစ်ဆင့် အညာဖျားချောင်းမကြီးအတွင်းသို့ စီးဆင်းလာမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမည့်အပြင် ရေနေသတ္တ၀ါများ ရှားပါးလာနိုင်မှုနှင့် ဒေသခံများ သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လာနိုင်၍ အညာဖျားအုပ်စုအတွင်းရှိ ကျေးရွာလေးရွာမှဒေသခံများက လက်မှတ်ရေးထိုးကန့်ကွက်ခြင်း ဖြစ်ကြောင်း ဦးဆောင်တင်ပြခဲ့သည့် အညာဖျားကျေးရွာမှ ဦးမြင့်အောင်က ပြောကြားသည်။

“စောကနေးနဲ့ ဦးမြမောင်တို့က သတ္တုတူးဖို့ အစိုးရအဖွဲ့ကို တင်ပြခဲ့တဲ့နေရာက အညာဖျားချောင်းမကြီးရဲ့ ချောင်းလက်တက်တစ်ခုဖြစ်တဲ့ ဓားသွေးကျောက်ချောင်းဖျားမှာပါ။ နောက်တစ်ခုက Eastern Mining Company Limited က ညောင်ဦးတို လုပ်ကွက်မှာ လမ်းဖောက်ပြီး သတ္တုစမ်းသပ်တူးဖော်နေတာကို ဒီနှစ်ဇန်န၀ါရီလကုန်မှာ ဦးတို့တွေ့ခဲ့ပါတယ်။ ဦးတို့က သူတို့ဒီလိုလုပ်နေတာကိုတွေ့တော့ တိုင်တွေစိုက်ပြီးထားခဲ့တယ်။သူတို့ဒီလိုလုပ်နေတာ သုံးလလောက်တော့ ရှိပြီထင်တယ်။

 နောက်တော့ ကုမ္ပဏီကလူ အချို့လာပြီး ဦးတို့ရွာသားတွေကို လာညှိတယ်။ ဦးတို့ကသတ္တုတူးဖို့ ခွင့်ပြုချက်စာပြဖို့ ပြောတော့ သူတို့မပြနိုင်ပါဘူး။ ပြီးခဲ့တဲ့အပတ်က သူတို့တူးနေတဲ့နေရာကို ပြန်သွားတော့ ဦးတို့စိုက်ထားတဲ့တိုင်တွေကို ဖြုတ်ပြီး မီးရှို့ထားတယ်။ ဥပဒေ ၃၃ အရ သူတို့သတ္တုတူးနေတဲ့နေရာကို ကျူးကျော်ရင် ထောင်ဒဏ် ခြောက်လနဲ့ငွေဒဏ် ကျပ် ၅၀၀၀ ပေးဆောင်ရမယ်လို့အောက်က အမှတ်(၂) သတ္တုတွင်းဝန်ကြီးဌာနဆိုပြီး စာကပ်ထားတာ တွေ့ရတယ်။ 

သူတို့တူးနေတဲ့နေရာက ဆင်းလာမယ့်မြေစာတွေဆိုရင် အညာဖျားချောင်းထဲကို တိုက်ရိုက်စီးဆင်းလာမှာပါ။ ဒီတော့ချောင်းထဲက ရေနေသတ္တ၀ါတွေနဲ့ ရေထုညစ်ညမ်းမှာ။ ပြီးတော့ ဒီဒေသမှာအရင်ကလည်း မြောင်းပြိုချောင်းလို သတ္တုမိုင်းတွေက စွန့်ပစ်မြေစာတွေကြောင့် ချောင်းတစ်ခုလုံး ညစ်ညမ်းခဲ့တဲ့သာဓကလည်း ရှိနေတော့ ဒီချောင်းကို အမှီပြုနေရတဲ့ဦးတို့လို ဒေသခံတွေက လက်မှတ်ရေးထိုးပြီး ကန့်ကွက်ကြောင်းအစိုးရအဖွဲ့ဆီ စာတင်ခဲ့တာဖြစ်ပါတယ်”ဟု ဦးဆောင်တင်ပြခဲ့သည့် ဦးမြင့်အောင်က ပြောကြားခဲ့သည်။

အညာဖျား ချောင်းမကြီးတစ်လျှောက်တွင် အညာဖျားရွာမ၊ ဆိတ်ချောင်း၊ ညောင်ချောင်း၊ ဓားသွေးကျောက်နှင့် ဥယျာဉ်ကြီး ကျေးရွာတို့ တည်ရှိပြီး အိမ်ခြေ ၄၀၀ ခန့် ရှိကြောင်း သိရသည်။ 

Eleven Media  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment