Pages

Saturday, March 8, 2014

အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေများကို ဘာသာပြန်ဆိုနိုင်ရေး လုပ်ဆောင်ရန် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဆို


RangonNewsDaily: March . 8 .2014
မြန်မာနိုင်ငံတွင် ကျင့်သုံးဆဲ ဖြစ်သည့် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုနိုင်ရေးအတွက် စာတမ်းတစ်စောင် ပြုစုကာ လွှတ်တော်သို့ တင်သွင်းရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မတ်လ ၇ ရက်နေ့တွင် တိုက်တွန်း ပြောကြားသည်။
လွှတ်လပ်ရေး ရပြီးကတည်းက အဆိုပါ ဥပဒေများကို ဘာသာပြန်ဆိုရန် ကြိုးပမ်းခဲ့သည့် သမိုင်းကြောင်းနှင့် လက်ရှိ ဖြစ်ပေါ်နေသည့်၊ ဘာသာပြန်ဆိုရန် တာဝန်ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်များ အနေဖြင့် စာတမ်းပြုစုကာ လွှတ်တော်သို့ တင်သွင်းရန် တိုက်တွန်းခြင်း ဖြစ်သည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် နဝမအကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အင်္ဂလိပ် ဘာသာဖြင့် ရေးဆွဲထားသည့် တရားမ ကျင့်ထုံးဥပဒေကို အမျိုးသား လွှတ်တော်က အတည်ပြု ဖတ်ကြားခဲ့ အပြီးတွင် ၎င်းက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မြန်မာဘာသာကို ရုံးသုံးဘာသာအဖြစ် တရားဝင် သတ်မှတ် ထားတာလည်း ကြာပါပြီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ဒီအတိုင်း ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ဒီဥပဒေတွေကို ဘာသာပြန်ဖို့ ဘာကြောင့် လက်နှေး နေလဲပေါ့နော်။ ဒါတွေပြန်ပြီး သားဖြစ်အောင် ဘယ်လို ဆောင်ရွက်ရမလဲ။ နည်းလမ်းတွေကို ဘယ်လို ဖော်ထုတ်မလဲ ဆိုတာတွေကို စာတမ်းပြုပြီး လွှတ်တော်ကို တင်သွင်းပေးပါ” ဟု ဦးခင်အောင်မြင့်က ဆိုသည်။

ယင်းဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုရန် ကိစ္စမှာ အစိုးရဝန်ကြီးဌာန အားလုံးပါဝင်ကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဘာသာပြန်ဆိုရန်ကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ချမှတ်ဆောင်ရွက် သင့်ကြောင်း အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။

“ဥက္ကဋ္ဌကြီး ပြောသလိုပဲ လွတ်လပ်ရေး ရခဲ့တာလည်း နှစ်ခြောက်ဆယ် ကျော်ပြီ။ ရုံးသုံးအဖြစ် ပြဋ္ဌာန်းခဲ့တာလည်း နှစ်ခြောက်ဆယ်ကျော်ပြီ။ အခုအချိန်အထိ ဒီလိုတွေရှိနေတဲ့ အခါကျတော့ ဒါတွေကို ပြည်သူက ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အနေနှင့်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများကို အခါအားလျော်စွာ အစည်းအဝေး များတွင် တိုက်တွန်း ပြောဆိုခဲ့ကြောင်း၊ စာတမ်းပြုစု ပြီးပါက ယင်းကို လွှတ်တော်တွင် အဆိုအဖြစ် ဆက်လက် ဆောင်ရွက်ဖွယ် ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment