Pages

Saturday, November 23, 2013

လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေး ကျင်းပ

RangonNewsDaily:: November . 23 .2013
လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အနေဖြင့် ၂၀၁၃ ဒီဇင်ဘာလ မကုန်ခင် လက်ကျန် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးနိုင်အောင် ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ လက်ကျန် နိုင်ငံရေး အကျဉ်းသား စာရင်း ၈၂ ဦးနှင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရသူ ၂၀၀ ကျော် စာရင်း တင်ပြသွားမည် ဖြစ်ပါကြောင်း၊
နိုင်ငံရေး အကျဉ်းသားများ သာမက ပုဒ်မ ၁၈ ဖြင့် အမှု ရင်ဆိုင်နေရသူများ၊ နှစ်ရည်လများ ကျခံနေရသူများ အတွက်ပါ စဉ်းစား ဆွေးနွေး နေပါကြောင်းဖြင့် ယနေ့ မွန်းလွဲ (၂)နာရီက ရန်ကုန်မြို့ ကမာရွတ် မြို့နယ် ရွှေလီလမ်းရှိ မြန်မာ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန၌ ပြုလုပ်သည့် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေး၌ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုရဲအောင်က ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းမှ ကိုဘိုကြည်က "ပုဒ်မ ၁၈ က တချို့ဆိုရင် တစ်ယောက် ၂၈ မှုလောက် ရှိပါတယ်။ ဒီလူတွေက ဘယ်လိုမျိုး ဒီအမှုတွေကို အဆုံးသတ်မလဲပေါ့၊ နည်းလမ်း ရှာနေပါတယ်။ ဒီလူတွေကို လွှတ်မပေးဘဲနဲ့ အကျဉ်းသား ကုန်သွားပြီလို့ ပြောလို့ မဖြစ်နိုင်ပါဘူး။ ဒါ ကျွန်တော်တို့ အစိုးရကို ပေးတဲ့ Message ကလည်း ဒီအတိုင်းပါပဲ။


မီဒီယာကိုလည်း ဒီအတိုင်း ပေးပါတယ်။ အခု ပုဒ်မ ၁၈ နဲ့ အမှု ရင်ဆိုင်နေရတာ ၂၆၅ ယောက် ရှိပါတယ်။ မသိသေးတာတွေလည် ရှိပါတယ်။ အကျဉ်းထောင် အသီးသီးမှာ ကိုယ့်ရဲ့ မိသားစုဝင်တွေ တကယ် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်ကျ နေတယ်ဆိုရင် ကျွန်တော်တို့ကို ဆက်သွယ် နိုင်ပါတယ်။ 

ကျွန်တော်တို့ကို ပြည့်ပြည့်စုံစုံ အချက်အလက်တွေနဲ့ ဆက်သွယ်မယ် ဆိုရင် လက်ခံ စဉ်းစားပေးပါမယ်၊ နိုင်ငံရေးနဲ့ ပတ်သက်တယ် ဆိုရင် နိုင်ငံရေး အကျဉ်းသား အဖြစ် သွတ်သွင်းပြီး ကော်မတီက ဆုံးဖြတ်ပါမယ်။

 ကော်မတီ ဆုံးဖြတ်ချက် အရ နိုင်ငံတော် သမ္မတထံ တင်သွင်းပါမယ်။ အခု ပုဒ်မ ၁၈ နဲ့တော့ ထောင်ထဲမှာ မရှိဘူး။ ရှိတဲ့သူတွေ လွတ်သွားပြီ။ မနေ့တစ်နေ့က ထောင်ကျတဲ့ သူကတော့ နောက်လာမယ့် အသုတ်ထဲမှာ ပါလာပါမယ်" ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီသည် လက်ကျန် နိုင်ငံရေး အကျဉ်းသားများနှင့် စပ်လျဉ်း၍ (၁၀) ကြိမ်မြောက် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


MOI Webportal Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment