Pages

Sunday, September 1, 2013

တောင်ငူခရိုင်တွင် တစ်ရက်တည်း လူသေဆုံးမှုနှစ်ခုဖြစ်

RangonNewsDaily:: September 1, 2013

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) တောင်ငူခရိုင် တောင်ငူမြို့နှင့် အုတ်တွင်းမြို့နယ်တို့တွင် သြဂုတ်လ ၂၈ ရက်နေ့က အမျိုးသားနှစ်ဦး တစ်ရက်အတွင်း သေဆုံးခဲ့ကြောင်း အဆိုပါ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါခရိုင်အတွင်းရှိ အုတ်တွင်းမြို့နယ် ကြက်သွန်ခင်း (၂) ရပ်ကွက်နေသူ အသက် ၃၅ နှစ်အရွယ် ဦးဇော်ဝင်း (ခ) ဝကြီးသည် အရက်သောက်ထားပြီး ခပေါင်း ဆည်မြောင်းလက်တံအတွင်း ခရုလိုက် ကောက်ရာမှ အကျယ် ၁၄ ပေ၊ အနက် ခြောက်ပေရှိ ရေမြောင်းအတွင်း သြဂုတ်လ ၂၈ ရက် နံနက် ၉ နာရီတွင် ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

“ဝကြီးက အမြဲတော့ မသောက်တတ်ဘူး။ ဖြစ်တဲ့နေ့ ကတော့ တော်တော်လေး သောက်ထားတယ်။ ခရုမျက်ပြဲကောက်ရင်း ရေပေးမြောင်းထဲ ပြုတ်ကျသေတာပါ။ တွေ့တဲ့အချိန်မှာ ကျားပိုက်မှာငြိပြီး သေနေပြီ” ဟု သေဆုံးသူ၏ မိတ်ဆွေတစ်ဦးက ပြောကြားသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်က တောင်ငူမြို့နယ် သပြေလှ ကျေးရွာနေသူ အသက် ၄၃ နှစ်အရွယ် ဦးစိုးနိုင်သည် ဒိုးသောင်ကျေးရွာအုပ်စု သစ်မနီချောင်းစပ်တွင်း ငါးရှာသည့် ကျင်စက်ဝါယာကြိုးစကို ပါးစပ်ဖြင့် ကိုက်၍ သေဆုံးခဲ့ကြောင်း ချောင်းစပ်အနီးရှိ နဂါးမောက်ကျေးရွာ တွင် နေထိုင်သူ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး က ပြောကြားသည်။

ဦးစိုးနိုင်သည် ပါးစပ်တစ်ဝိုက်နှင့် လက်ခုံတစ်ဝိုက်တွင် မီးလောင်ကျွမ်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ဦးစိုးနိုင်နှင့် ဦးဇော်ဝင်း (ခ) ဝကြီးတို့၏ သေဆုံးမှုကို တောင်ငူမြို့နယ် ထုံးဘိုကျေးရွာ ရဲစခန်းနှင့် အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတို့က သေမှုသေခင်းများဖွင့်ကာ စစ်ဆေးနေကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းများထံမှ စုံစမ်းသိရှိရသည်။

The Voice , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment