Pages

Sunday, September 1, 2013

အမေရိကန်ပြည်ထောင်စု အရပ်သားအခွင့်အရေး ချီတက်ပွဲ နှစ် ၅၀ ပြည့် အခမ်းအနား မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပ

RangonNewsDaily:: SEP 1, 2013

၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင် အရပ်သား အခွင့်အရေးအတွက် လူထုခေါင်းဆောင် Martin Luther King ဦးဆောင်သော လူထုတစ်ရပ်လုံး ချီတက် လျှောက်လှမ်းခဲ့ကြသော အထိမ်းအမှတ်နေ့၏ နှစ်ပေါင်း ၅၀ ပြည့်အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒဂုံမြို့နယ် တော်ဝင်လမ်းရှိ အမေရိကန်စင်တာတွင် သြဂုတ်လ ၂၈ ရက်နေ့က ကျင်းပသောအဆိုပါ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဦးစီးကျင်းပခဲ့ပြီး၊ ပုဂ္ဂလိကကျောင်းများနှင့် တက္ကသိုလ်များမှ ကျောင်းသားများ အပါအဝင် အထူးဧည့်သည်တော်များ အဖြစ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးကိုကိုကြီးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယက ဦးတင်ဦးတို့လည်း တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားတွင် အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်က အဆိုပါ လူထုချီတက်ပွဲကြီးကို ဦးဆောင်ခဲ့သော Martin Luther King ၏ အကြမ်းမဖက်သောနည်းဖြင့် တရားမျှတသော အရပ်သား အခွင့်အရေးကို အစိုးရထံ ချဉ်းကပ်တောင်းဆိုခဲ့ပုံများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့အပြင် The March အမည်ရှိ ဇာတ်လမ်းတို ပြဇာတ်များ ပြသခဲ့သည့်အပြင် အဆိုပါ အရပ်သားအခွင့်အရေး ချီတက်ပွဲနှင့် ယင်းချီတက်ပွဲ၏ အမေရိကန် နိုင်ငံသားများအပေါ် သက်ရောက်မှုများကို ဆွေးနွေးသည့်ပွဲများ ကျင်းပခဲ့ကြောင်း ၎င်းကဆိုသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ပြည်နယ်တွင် အရပ်သား လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများ၊ အမေရိကန်နိုင်ငံသားများ ပါဝင်သော လူအင်အား နှစ်သိန်းခန့်သည် ၎င်းတို့၏ အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြသည်။

အမေရိကန် သမိုင်းကြောင်း တစ်လျှောက်တွင် အကြီးမားဆုံး လူထုချီတက်ပွဲကြီးဖြစ်ပြီး လူထုခေါင်းဆောင်ကြီး Martin Luther King က သမ္မတဟောင်း လင်ကွန်းအထိမ်းအမှတ် အုတ်ဂူတွင် ‘I have a Dream’ အမည်ရှိ နာမည်ကျော် မိန့်ခွန်းတစ်ရပ်ကို ပြည်သူ လူထုထံ ပြောကြားခဲ့သည်။

The Voice ,RangonNewsDaily
kolatt (Pabedan): 1.9.2013

0 comments:

Post a Comment