Pages

Monday, September 9, 2013

"ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ်ပွဲ ဘန်ကောက်မြို့မှာ ကျင်းပ"

RangonNewsDaily:: September 8, 2013

မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မှုခဲ့တဲ့ (၇၄)နှစ်မြောက် အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်ဆောင်အရပ်က ဝပ်လောင်ဘုန်းကြီးကျောင်းမှာ ဒီကနေ့ ပရိသတ် တစ်ထောင်နီးပါးတက်ရောက်ပြီး စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်

အခမ်းအနားမှာ ရဟန်းသံဃာတော်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဦးခိုင်ရဲခိုင်၊ ရခိုင့်တပ်မတော် (AA)မှ ဦးထွန်းအေး၊ ရခိုင်အမျိုးသား ကွန်ဂရက် (ANC)မှ ဦးသီဟတို့က မြန်မာ့ လွပ်လပ်ရေး ရရှိအောင် ရှေ့ဆောင် လမ်းပြခဲ့ပြီး ၁၉၃၉ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှာ ပျံလွန်တော်မှုခဲ့တဲ့ ဆရာတော် ဦးဥတ္တမရဲ့ ဂုဏ်ကျေးဇူးတော် တွေကို ဟောပြောခဲ့ကြပါတယ်။

ဒီအခမ်းအနားကို ထိုင်းနိုင်ငံရောက် ရခိုင် ကျောင်းသား ရဟန်းတော်များ အဖွဲ့(ASMA)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်မျိုးချစ်စိတ် ဖွံ့ဖြိုးရေးအသင်း၊ ရခိုင်လူငယ်များအသင်းနဲ့ ရခိုင်ထောက်ပံ့ ကူညီရေးအသင်းတို့က ပူးပေါင်း ကျင်းပခဲ့တာဖြစ်ပါတယ်၊ အခမ်းအနား ဦးစီးကျင်းပရာမှာ ပါဝင်တဲ့ ALD ဥက္ကဌ ဦးအံ့မောင်က သူတို့ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။

“ဆရာတော်ဦးဥတ္တမက အဖိနှိပ်ခံ ပြည်သူလူထုဘက်ကနေပြီးတော့ မားမားမတ်မတ် အင်္ဂလိပ်ဆီကနေပြီးတော့ မြန်မာနိုင်ငံ လွပ်လပ်ရေးရအောင် သူကတစိုက်မတ်မတ် လုပ်လာတဲ့ပုဂ္ဂိုလ်ဆိုတော့ ကျနော်တို့ အဖိနှိပ်ခံ ပြည်သူတွေဟာ အမြဲတမ်း ဆရာတော်ဦးဥတ္တမ မိန့်ကြားနေတဲ့ စကားလုံးတွေ ကြားယောင်ပြီးတော့ ကိုယ့်ဟာကိုယ် လွတ်လပ်ရေးရရှိဖို့အတွက် ပြည်သူလူထုဟာ ဒီလိုအဆင်သင့် ဖြစ်ရမယ်ဆိုတဲ့ဟာလေးကိုတော့ ကျနော်တို့က ရည်ရွယ်တယ်ဗျ”

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က မဟာချူလာလောင်ကွန်း တက္ကသိုလ်မှာ Humanity ဘာသာရပ် တက်ရောက် သင်ကြားနေတဲ့ အရှင်ဂန္ဓသာရက ဒီအခမ်းအနားကို လာတက်ရောက်ရတဲ့ အကြောင်းရင်းကိုတော့ အခုလိုမိန့်ပါတယ်။

“ဦးဇင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုလို့ရှိရင် ဆရာတော်ရဲ့ အနစ်နာခံမှု၊ စွန့်လွှတ်မှုတွေ အဲဒီဟာတွေကို ဦးဇင်း မြင်ယောင်မိတယ်၊ အဲဒါကြောင့် ဦးဇင်းက သူ့ကိုကြည်ညို လေးစားတဲ့အနေနဲ့ လာတက်တယ်၊ သဘောမှာ ဦးဇင်း ဘယ်အရာတွေကို ပိုပြီးတော့ အလေးထားပြီးတော့ ယုံကြည် သက်ဝင်ပြီးတော့ လေးစားသလဲဆိုလို့ရှိရင် ဂက်ဒေါက် ဂက်ဒေါက် ဆိုပြီးတော့ နှင်ထုတ်ခဲ့တာတွေ နောက်ပြီးတော့ အင်္ဂလန်အထိရောက်သွားပြီးတော့ ဆရာတော် ဦးဥတ္တမဟာ လွပ်လပ်ရေးကို အလှူခံခဲ့တဲ့ဟာတွေ ဒါတွေဟာ ဦးဇင်းတို့ရဲ့ လေးစားလောက်တဲ့ အရည်အချင်းရှိတဲ့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဦးဇင်းမြင်တယ်”

ဒါ့အပြင် ဒီကနေ့ ဒီအချိန်မှာ ဆရာတော် ဦးဥတ္တမရဲ့ ကျေးဇူးတော်တွေကို ဖော်ထုတ်ပြီး အနာဂတ်မြန်မာပြည်မှာ ဆရာတော်လို စွမ်းဆောင်နိုင်တဲ့ သူတွေပေါ်ထွန်း လာစေလိုပါတယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာရဟန်း သံဃာတော်များ၊ ရခိုင်မျိုးချစ် အဖွဲ့အစည်းများနဲ့ ရွှေ့ပြောင်း အလုပ်သမားများက ဆရာတော်ဦးဥတ္တမနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့တာ အခုဆို ဆယ်စုနှစ်မက ရှိခဲ့ပြီလို့လည်း သိရပါတယ်။

RFA , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment