Pages

Monday, September 9, 2013

အစၥလာမ္ဘာသာဝင္မ်ား စုပေါင်း၍ သံဃာတော် ၇၅ ပါးအား ဆွမ်းကပ်

RangonNewsDaily:: September 9, 2013

မြစ်ကြီးနားမြို့ပေါ်ရှိ ဗလီခုနစ်လုံးမှ အစ္စလာမ် ဘာသာဝင်များ စုပေါင်းကာ ဓမ္မရက္ခိတ ဝန်းသိုကျောင်း ဆရာတော် အပါအဝင် သံဃာတော် (၇၅) ပါးအား ဓမ္မရက္ခိတ ဝန်းသိုကျောင်း၌ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီတွင် ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး မိတ်ဆုံစားပွဲကိုလည်း ပြုလုပ်ခဲ့ကြောင်း မြစ်ကြီးနား ဗဟိုဗလီကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဟာဂျီဦးမင်းလွင်က The Voice သို့ ပြောကြားသည်။

မြစ်ကြီးနားမြို့တွင် ယခင်ကတည်းက ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင် နေခဲ့ကြပြီး အခြားသော မြို့ရွာများတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ မြစ်ကြီးနားမြို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ နောင်တွင်လည်း ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင်ဖြင့် အတူယှဉ်တွဲ နေသွားမည်ဆိုသည့် ရည်ရွယ်ချက်များဖြင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အစ္စလာမ် ဘာသာဝင်များအနေနဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို အရင်ကတည်းက ကြည်ညိုလေးစားခဲ့တယ်။ အခုလည်း ကြည်ညိုလေးစားနေဆဲပဲမို့ လှူဒါန်းခဲ့ကြတာပါ” ဟု ၎င်းကဆိုသည်။

ဓမ္မရက္ခိတ ဝန်းသိုကျောင်း ဆရာတော်က မြစ်ကြီးနားမြို့ရှိ ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင် နေထိုင်သွားရန်၊ တစ်ဦးနှင့်တစ်ဦး သည်းခံခွင့်လွှတ်ကြရန်နှင့် တစ်ဦး၏ဘာသာကို တစ်ဦးက လေးစားရန်အပြင် ဘာသာဝင် အချင်းချင်းလည်း ချစ်ခင်လေးစားကြရန် သြဝါဒ မိန့်ကြားခဲ့သည်။

“ပဋိပက္ခဆိုတာ မလိုလားအပ်တဲ့ ဘေးပယောဂကြောင့် ဖြစ်တယ်လို့ပဲ ယူဆတယ်။ အခုလို ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင် နေကြရင် အခြားအနှောင့်အယှက်တွေ မဝင်နိုင်ဘူးလို့ ယူဆပါတယ်” ဟု ယင်းပွဲသို့ တက်ရောက်ခဲ့သော ဗုဒ္ဓဘာသာဝင်တစ်ဦးက မှတ်ချက်ပြုသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ကချင်ပြည်နယ် အစိုးရအဖွဲ့က အကူအညီပေးခဲ့ပြီး ဘာသာပေါင်းစုံမှ ဘာသာဝင် ၂၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း ဟာဂျီ ဦးမင်းလွင်က ထပ်လောင်းပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment