Pages

Friday, May 17, 2013

နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ယနေ့ နိုင်ငံရေးအကျဉ်းသားတချို့လွတ်မြောက်လာ

၁၇ မေလ ၂၀၁၃
အစိုးရက ဒီနေ့မှာ နိုင်ငံရေးအကျဉ်းသား တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်လိုက်ပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားတွေလည်း ပါ ၀င်ပါတယ်။ဒီလို နိုင်ငံရေးအကျဉ်းသားတွေရဲ့လွတ်မြောက်လာမှုဟာ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ့် သမိုင်းဝင်ခရီးစဉ်မတိုင်ခင် ၂ ရက်အလိုမှာ စီစဉ်လိုက်တာ ဖြစ်ပါတယ်။ ဒီနေ့မှာ တနိုင်ငံလုံးရှိ အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား ၂၃ ဦး လွတ်မြောက်လာမယ်လို့ သိရကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်က ပြောပါတယ်။

ဒီဗွီဘီက မွန်းလွဲ ၁ နာရီခန့်ထိ မေးမြန်းချက်တွေအရ သာယာဝတီထောင်က ၅ ဦး၊ တောင်ငူထောင်က ၂ ဦး၊ မန္တလေးထောင်က ၁ ဦး လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ တောင်ငူထောင်ကနေ စောဂျက်တင်နဲ့ ကိုစိုင်းသီဟတို့ ပြန်လွတ်လာပါတယ်။ ပြန်လွတ်လာတဲ့ ကိုစိုင်းသီဟ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အနှောင်အဖွဲ့မရှိ လွတ်ပေးလိုက်တာလို့ အခုလို ပြောပါတယ်။

“ကျနော့်ကို အခုလွှတ်တာ ၄၀၁(၁)နဲ့။ အနှောင်အဖွဲ့ ဘာမှ မထားဘူးပေါ့။ အရင်က ခံဝန်ချက်လက်မှတ်ထိုးရတယ်။ ကျနော်တော့ အခု ခံဝန်ချက်လက်မှတ်မထိုးဘူး။ အရင်ခံဝန်ချက်နဲ့ဆို အမှုထပ်ဖြစ်ရင် ကျန်တဲ့အပြစ်ဒဏ်ခံရမှာပေါ့။ ကျနော်တို့ကတော့ ဘာမှမခံရဘူးပြောတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၈ နှစ်နဲ့ ကျနော် ၁ နှစ် ၃ လလောက်ပဲ နေရပါတယ်။ ကိုယ်မဟုတ်ဘဲ ခံလိုက်ရတာ ပြန်လွတ်လာတော့ ၀မ်းသာပါတယ်။ အခု ကိုယ်လွတ်လာတော့လည်း ကျန်ခဲ့တဲ့ သူငယ်ချင်းတွေအတွက် စိတ်မကောင်းပါဘူး။ ကိုယ်လွတ်လာပြီး သူတို့မလွတ်ဘူး၊ အတူတူလွတ်စေချင်ပါတယ်။”

တောင်ငူထောင်ကနေ ပြန်လွတ်လာတဲ့ စောဂျက်တာကလည်း ပြန်လွတ်လာလို့ ၀မ်းသာပေမယ့် ထောင်တွင်းကျန်နေသူအတွက် စိတ်မကောင်းဘူးလို့ ပြောပါတယ်။ စောဂျက်တာဟာ ပုဒ်မ ၁၇ (၁) ဖောက်ခွဲမှု စတဲ့အမှု ၄ ခုနဲ့ ၂၀၀၈ ခုနှစ်မှာ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

အစိုးရက နိုင်ငံရေးအကျဉ်းသားဆိုတာကို လက်တွေ့အားဖြင့် အသိအမှတ်ပြုခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

အစိုးရက ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ဦးဆောင်ဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကတော့ နိုင်ငံတ၀န်းအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၁၈၃ ဦးလောက် ကျန်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

“အနည်းဆုံး စာရင်း ၁၈၃ ယောက် ဖြစ်ပါလိမ့်မယ်။ ၄၀၁နဲ့မဟုတ်ဘဲ ချွင်းချက်မရှိလွှတ်ပေးဖို့၊ ဘာမှစည်းကမ်းချက်မထားဘဲ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စ တိတိကျကျ အဖြေမရသေးပါဘူး။”
နော်နိုရင်း - DVB ,Rangonnewsdaily
RND:  :17.5.2013
 

0 comments:

Post a Comment