Pages

Friday, May 31, 2013

နယ်ဒေသခံများကြောင့် ရန်ကုန်အိမ်အငှားဈေးကွက်ပိုများလာ

အထက်ဗမာပြည်မှ ရန်ကုန်မြို့သို့ လာရောက်ကာ စီးပွားရေးလုပ်ကိုင်လာသူ များပြားလာခြင်းကြောင့် အိမ်အငှားဈေးကွက်သည် ယမန်နှစ်ထက် ပိုများလာကြောင်း အိမ်ခြံမြေ ပွဲစားများထံက သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး ၊ နေပြည်တော် ၊ မကွေးတိုင်း ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အစရှိသည့် မြို့များမှ ဒေသခံများသည် ရန်ကုန်မြို့၌ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူသည်ဟုဆိုကာ နယ်မြို့များမှ လာရောက်၍ အခန်းစုငှားခြင်းမှာ ပိုများလာခြင်းဖြစ်သည်ဟု သိရှိရသည်။
နယ်မြို့များမှ ဒေသခံများ နှင့် ကျောင်းသားများသည် ရန်ကုန်မြို့ရှိ ကမာရွတ်၊ သမိုင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ လသာ၊ ကျောက်တံတား စသည့် မြို့နယ်များတွင် အများဆုံး ငှားရမ်းနေထိုင်ကြသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။

“ ကျွန်မတို့ဆီမှာ လာငှားတဲ့သူတွေအများစုက နယ်ကလာတာ ၊ ပြီးရင် လူငယ်တွေ စုနေကြတာ အဲ့ဒါမျိုးတွေ များတယ်။ ကလေးတွေကတော့ လာငှားရင် အထပ်အမြင့်ပိုင်း သူတို့ တတ်နိုင်တဲ့ နေရာလောက်တွေပဲ ငှားကြတယ်။ ဈေးသိပ်ကြီးတာမျိုးတွေ မငှားကြဘူး” ဟု ထက်သီရိအောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကမာရွတ်မြို့နယ်တွင် တိုက်ခန်းငှားလိုပါက အထပ်ခြောက်လွှာ တစ်လလျင် အနိမ့်ဆုံး ငွေကျပ် (ရှစ်သောင်း)၊ မြေညီထပ်ဆိုပါက အနိမ့်ဆုံး ငွေကျပ် (သုံးသိန်းခွဲ) ၀န်းကျင်၊ ကျောက်တံတား မြို့နယ်တွင် ရှစ်လွှာဆိုပါ ငွေကျပ် (တစ်သိန်းနှစ်သောင်း)၊ မြေညီထပ်ဆိုပါက ငွေကျပ် (ငါးသိန်း) ၀န်းကျင်၊ ကြည့်မြင်တိုင်တွင် ရှစ်လွှာဆိုပါက ငွေကျပ် (ခုနှစ်သောင်းခွဲ)၊ မြေညီထပ်ဆိုပါ က ငွေကျပ် (နှစ်သိန်းခွဲ) ၀န်းကျင်အထိ ရှိပြီး နေရာနှင့် အထပ်အနိမ့် အမြင့်ပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိကြောင်း သိရသည်။

“ ကျွန်မတို့ဆို နေမယ့်သူများလို့ဆိုပြီး အိမ်ရှင်က အနိမ့်ဆုံး တစ်နှစ် စာချုပ်ရမယ် ဆိုပြီး ပြောတယ်၊ ဒါမျိုးတွေက မဖြစ်သင့်ဘူးလေ။ ပြီးရင် ပထမ တစ်နှစ် စာချုပ်ချုပ်ရင် ရှစ်သောင်း၊ နောက်တစ်ခေါက်လည်း ထပ်ချုပ်ရော ဈေးကလည်း တက်လာတယ်၊ ပြီးတော့ အိမ်ကိုလည်း ဘာမှ ပြင်ပေးတာတွေ ဘာတွေ မရှိတော့ဘူး။ ဒါကြောင့် ကျွန်မတို့ အိမ်ငှားတွေ မမြဲတာပါ” ဟု ပန်းပဲတန်းမြို့နယ်တွင် အိမ်ငှားရမ်းနေထိုင်နေသူ မကျော့ကေခိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှု နည်းပါးသေးနေသ၍ ရန်ကုန်မြို့တွင်း အငှား ဈေးကွက် ဆက်လက် အလုပ်ဖြစ်နေဦးမည် ဖြစ်ကြောင်း အိမ်ခြံမြေ ဈေးကွက်မှ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။

ရန်နောင်ဖြိုး(မြစ်မခ) ,Rangonnewsdaily
RND:  :31.5.2013

0 comments:

Post a Comment