Pages

Monday, November 5, 2012

ရန်ကုန်မြိုတွင် ညအချိန်တွင် ကားပြိုင်မောင်းသူများက အုပ်စုလိုက် ၀ိုင်းဝန်းရိုက်နှက်မှု မကြာခဏဖြစ်ပွားနေ

4mt
အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကားတစ်စီးအား နိုဝင်ဘာလ ၃ ရက်နေ့ည ၁၁း၃၀ နာရီအချိန်က ပြည်လမ်း အင်းယားကန်ဘောင်ရှေ့တွင်တွေ့ရစဉ်
ရန်ကုန်မြို့၌ ညပိုင်းအချိန်များတွင် တရားဥပဒေ ချိုးဖောက်မှုဖြစ်စဉ် ပိုများပြားလာခြင်းနှင့်အတူ ညအချိန်
တွင် ကားပြိုင်မောင်းသူများကအုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်မှုမကြာခဏ ဖြစ်ပွားနေကြောင်းစုံစမ်းသိရှိရသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ညပိုင်းနှင့် နံနက်အစောပိုင်းတို့တွင် ကားပြိုင်မောင်းနှင်သူ
များက အုပ်စုလိုက်ရိုက်နှက်မှု မကြာခဏ ဖြစ်ပွားနေခြင်း၊ လူမြင်ကွင်းတွင် လူသတ်မှုဖြစ်စဉ်များ ဖြစ်ပွားနေ
ခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှ မောင်းနှင်ထွက်ပြေးသွားသည့် ဖြစ်စဉ်များနှင့် အုပ်စုဖွဲ့ပြီး ရိုက်
နှက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်းနေထိုင်သည့် ပြည်သူအချို့က မြို့
တော်အတွင်း တရားဥပဒေချိုးဖောက်မှုဖြစ်စဉ်များ များပြားလာကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း ညပိုင်းများတွင် ကားပြိုင်မောင်းသူလူအုပ်စုမှ ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အချို့မှာ
 အောက်တိုဘာလ ၂၃ ရက် နေ့ညပိုင်းတွင် ဗဟန်းမြို့နယ် ဟာမစ်တစ်ကားမှတ်အနီးတွင် သီချင်းဆိုနေကြ
သည့် နှင်းဆီကုန်းဘိုးဘွားရိပ်သာမှ သန့်ရှင်းရေးဝန်ထမ်း သုံးဦးကို ကားပြိုင်မောင်းနှင်နေသည့် ယာဉ်နှစ်စီး
မှ လူတစ်စုက ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ သိရသည်။

ထို့ပြင် အောက်တိုဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီခွဲတွင် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံမီးပွိုင့်
တွင် မီးနီတွင်ရပ်ထားသည့် Land Mark ကိုယ်ပိုင်ယာဉ်နှင့် မောင်းနှင်သူကိုကားပြိုင်မောင်းနှင်နေသည့် ကား
သုံးစီးနှင့် လူအုပ်စုတစ်စုက ၀ိုင်းဝန်းထိုးကြိတ်ပြီး သံပိုက်လုံးများဖြင့်ရိုက်ခြင်းတို့အပြင်ကားမှန်များအား ရိုက်
ခွဲဖျက်ဆီးခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ စစ်ဆေးချက်အရလည်း သိရှိရပါသည်။

ယင်းဖြစ်စဉ်မှ ရိုက်နှက်ခံရခဲ့သူ၏ ညီမဖြစ်သူက “အစ်ကိုက အလုပ်ကနေ အိမ်ပြန်လာတယ်။ နောက်ကျနေ
လို့ဆိုပြီး အမြန်ပြန်လာခဲ့ရာကနေ ကားပြိုင်မောင်းနေတဲ့ ကားတွေနဲ့ ယှဉ်မောင်းမိသလို ဖြစ်သွားတယ်။ ဒါနဲ့ သူတို့တွေက နောက်ကနေလိုက်လာခဲ့ပါတယ်။

အဲဒါနဲ့အစ်ကိုက မီးပွိုင့်မိလို့ ကားရပ်တဲ့အခါမှာ အဲဒီပြိုင်မောင်းနေတဲ့ ကားသုံးစီးပေါ်ကနေ လူငါးယောက်က ဆင်းလာပြီးတော့ အစ်ကို့ကို  သံပိုက်လုံးတွေနဲ့ရိုက်တယ်။ ပြီးတော့လည်း ကားကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ ဒီလိုမျိုး ကိုယ်လုပ်တိုင်းရတယ်ဆိုတဲ့ အထင်မျိုးတွေက တရားဥပဒေစိုးမိုးမှုတွေကို ပျက်ပြားစေပါတယ်” ဟု
 ပြန်လည်ပြောပြခဲ့သည်။

အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ကမာရွတ်မြို့နယ် အင်းစိန်လမ်းနှင့် စံရိပ်ငြိမ် ၃ လမ်းထိပ်တွင် မောင်းနှင်နေသည့် မတ်တူး အစိမ်းရောင်ယာဉ်ကို အမည်မသိ အနက်ရောင်စတစ်ကာ ကပ်
ထားသည့် ယာဉ်တစ်စီးမှ ကားရှေ့တွင်ပိတ်ရပ်ပြီး အခြားတစ်စီးမှ အနောက်မှပိတ်ရပ်ကာ အဆိုပါယာဉ်များ
ပေါ်မှ အမည်မသိလူ ခုနစ်ဦးက ဆဲဆိုပြီး သံတုတ်၊ သစ်သားတုတ်များဖြင့် ကားမှန်များကို ရိုက်ခွဲခြင်းများ ပြု
လုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ်တူးအစိမ်းရောင်ယာဉ်ပေါ် ပါလာသည့် အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားနှစ်ဦးကိုလည်းဝိုင်းဝန်းထိုး
ကြိတ်ခဲ့ကြောင်း ကမာရွတ်စခန်းသို့ တိုင်ကြားချက်အရ သိရသည်။


ဒီလို ဒီမိုကရေစီအသွင်ကူးပြောင်းစကာလမှာ တချို့တွေက ကိုယ်လုပ်ချင်ရာ လုပ်လို့ရတယ်လို့ ထင်နေကြတယ်။ တင်းကျပ်မှုတွေကနေ အဆင့်ဆင့် လွတ်လပ်လာတဲ့အပေါ်မှာ လွတ်လပ်မှုရဲ့ အစွန်းရောက်မှုတွေ ရှိလာတယ်လို့ထင်တယ်...


ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားသည့် ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက “ကျွန်တော်က အဲဒီ
နေ့ နံနက်တစ်နာရီလောက်မှာ အိပ်မပျော်လို့ အိမ်ရှေ့ဝရံတာမှာ ရပ်နေမိခဲ့ပါတယ်။ အဲဒီအချိန်မှာ  ကားသံ
ကြားလို့ ကြည့်လိုက်တော့ ကားနှစ်စီး ထိုးရပ်လိုက်တယ်။

 ပြီးတော့ ကားပေါ်က ယောက်ျားလေးတွေက သံတုတ်တွေ သစ်သားတုတ်တွေကိုင်ပြီး ကောင်မလေးစီးလား
တဲ့ ကားကိုရိုက်တယ်။ ကားတံခါးကို ဆွဲဖွင့်တဲ့အခါမှာ ကားထဲက ကောင်မလေးက မလုပ်ပါနဲ့လို့ အော်တယ်။ ဒါပေမဲ့ ကောင်မလေးကို အပြင်ဆွဲထုတ်ပြီး ပါးတွေ၊ နားတွေရိုက်ပြီး ဆောင့်ကန်တယ်။ ကောင်မလေးနဲ့ပါတဲ့ သူငယ်ချင်းတွေကိုပါ ဆက်ရိုက်တယ်။

ဒီလိုမျိုးဖြစ်စဉ်တွေကို ကျွန်တော်က မကြာခဏ မြင်တွေ့နေရတယ်။  ဖြစ်သွားတယ်ဆိုတာတွေကို ကြားသိ
နေရပါတယ်။ အခုဆိုရင် ရန်ကုန်မြို့ရဲ့ အခြေအနေက ကားမောင်းပြီးသွားလာနေတဲ့ သူတွေကိုတောင်လုံခြုံ
ရေးက စိတ်ချလို့မရတဲ့ အခြေအနေပါ” ဟု ဖြစ်စဉ်အနီးတွင် မျက်မြင်တွေ့ရှိသူတစ်ဦး က သုံးသပ်ပြောကြား
ခဲ့ပါသည်။

ယင်းကဲ့သို့ ကားပြိုင်မောင်းသည့်လူအုပ်စုမှဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ဖြစ်စဉ်များအနက်မှဗဟန်းမြို့နယ်တွင်
 ဖြစ်ပွားခဲ့သောဖြစ်စဉ်မှကျူးလွန်သူများကိုသာဖမ်းဆီးစစ်ဆေးနေပြီး ကျောက်တံတားမြို့နယ်နှင့်ကမာရွတ်
မြို့တွင် ဖြစ်ပွားခဲ့သည် ဖြစ်စဉ်များမှကျူးလွန်ခဲ့သူများကိုနိုဝင်ဘာလ ၃ ရက်နေ့အထိဖမ်းဆီးနိုင်ခြင်းမရှိသေး
ကြောင်း သက်ဆိုင်ရာ ရဲစခန်းများမှ သိရပါသည်။

အဆိုပါကဲ့သို့ ဖြစ်စဉ်များအပြင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှ ထွက်ပြေးသွားသည့် ဖြစ်စဉ်များမှာ
လည်း မကြာခဏ ဖြစ်ပွားနေကြောင်း၊ ယင်းကဲ့သို့ ကျူးလွန်သူများကိုလည်း သက်ဆိုင်ရာမှ ဖမ်းမိရန် စုံစမ်း
နေသော်လည်း ဖမ်းမမိသေးသည့်ဖြစ်စဉ် အများအပြားရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ခုနစ်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှုဖြစ်စဉ် ခုနှစ်ရာကျော်ဖြစ်ပွား
ခဲ့ပြီး ကျူးလွန်သူမှ တိုက်ပြီးထွက်ပြေးသွားသည့် အမှုပေါင်း သုံးရာနီးပါး ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကမာရွတ်မြို့နယ် အင်လျားကန်ပေါင်တွင် အောက်တိုဘာလ ၁ ရက် နေ့ ည ၉ နာရီအချိန်က ဆိုင်ကယ်များ
ဖြင့် အုပ်စုဖွဲ့လာရောက်ပြီး ကန်ပေါင်လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် ဆိုင်ဝန်ထမ်းအချို့ကို မင်းမဲ့စရိုက်ဆန်စွာ ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့် ဖြစ်စဉ်တွင် ကျူးလွန်သူများအနက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ခြောက်ဦးကိုသာ ဖမ်းဆီးရမိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့  တွင် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် နိုဝင် ဘာလ ၁ ရက်နေ့တွင် မှော်ဘီမြို့နယ်တို
့၌ သုံးလောင်းပြိုင်လူသတ်မှု ဖြစ်စဉ်တစ်ခုစီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသ
ကြီး၌ လူသတ်မှုဖြစ်စဉ် ၁၂၀ ကျော်နှင့် မူဒိမ်းမှုဖြစ်စဉ် အရေအတွက် ၁၂၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါကဲ့သို့ ရန်ကုန်မြို့တော်အတွင်းတရားဥပဒေစိုးမိုးမှုယိုယွင်းလာမှုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်
 တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသိန်းညွန့်က “အုပ်စုဖွဲ့
ပဲလုပ်လုပ်၊တစ်ဦးတည်းပဲလုပ်လုပ်ဒီလိုရိုက်နှက်တာတွေ၊သတ်ဖြတ်မှုတွေကျူးလွန်တာကတော့ ပြစ်မှုကျူး
လွန်တာပါပဲ။

 ပြစ်မှုကျူးလွန်တဲ့သူတွေက ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ထိထိရောက်ရောက် အရေးယူ
ရမှာပဲ။ ရမ်းကားသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုရင် ပိုပြီးထိထိရောက်ရောက် အရေးယူရမယ်။ ဒီလို ဒီမို
ကရေစီအသွင် ကူးပြောင်းစ ကာလမှာ တချို့တွေက ကိုယ်လုပ်ချင်ရာလုပ်လို့ရတယ်လို့ ထင်နေကြတယ်။

တင်းကျပ်မှုတွေကနေ အဆင့်ဆင့် လွတ်လပ်လာတဲ့အပေါ်မှာ လွတ်လပ်မှုရဲ့ အစွန်းရောက်မှုတွေ ရှိလာ
တယ်လို့ထင်တယ်။ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး ခြုံငုံပြောရမယ်ဆိုရင် ပြစ်ဒဏ်နိမ့်ခြင်း၊ မြင့်ခြင်းဟာ အဂတိ
တရားလေးပါး မလွတ်ကင်းတဲ့ အခြေအနေတွေကြောင့် ဖြစ်လာရတာပါ” ဟု သုံးသပ်ပြောကြားခဲ့သည်။


0 comments:

Post a Comment