Pages

Friday, July 6, 2012

အရွယ်အစားသေးငယ်ပြီး ဈေးနှုန်းသက်သာသည့် iPad တစ်မျိုး Apple ရောင်းချဖွယ်ရှိ


Appleကုမ္ပဏီသည် ၎င်းတို့ ထုတ်လုပ်ရောင်းချနေသည့် Tablet ကွန်ပျူတာ iPadများထက် ပိုမိုသေးငယ်သည့် Versionကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလာဖွယ် ရှိနေသည်။ Wall Street ဂျာနယ်က Appleသည် မျိုးဆက်(၃)ခု ရှိခဲ့ပြီဖြစ်ပြီး မျက်နှာပြင်အကျယ် (၉.၇)လက်မမှ မပြောင်းမလဲ ရောင်းချနေသော iPadများထက် သေးငယ်သည့် Tablet တစ်မျိုးကို မိတ်ဆက်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။ iPad၏ ပထမဆုံး မော်ဒယ်လ်ကို (၂၀၁၀)ပြည့်နှစ်က စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ 


 
Appleအတွက် လိုအပ်သည့် စက်ကိရိယာ အစိတ်အပိုင်းများ ထောက်ပံ့နေရသူများမှ အမည်မဖော်ပြသော ကုမ္ပဏီ တစ်ခုက Appleသည် သေးငယ်သော Tablet တစ်ခုအတွက် လိုအပ်သော ကုန်ကြမ်းများကို မှာယူနေကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ Appleသည် Screen နည်းပညာအတွက် တောင်ကိုရီးယားမှ LG Display၊ တိုင်ဝမ်မှ AU Optronics Co.တို့နှင့် အတူတကွ အလုပ်တွဲလုပ်လျှက် ရှိသည်။ ယခုသတင်းအပေါ် ကယ်လီဖိုးနီးယားရှိ Appleမှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက် တစ်စုံတစ်ရာပေးရန် ငြင်းဆိုသွားသည်။

Apple၏ ပြိုင်ဘက်များဖြစ်သော Samsung၊ Amazonနှင့် Googleတို့သည် အမျိုးအစားသစ် Tabletများကို မကြာသေးခင်က အသီးသီး ထုတ်ဖော် ပြသထားရာ Appleသည်လည်း iPadနှင့် ခြားနားသော Tablet အသစ် တစ်ခုအား ထုတ်လုပ်ရောင်းချလာဖွယ် ရှိနေသည်။ ယမန်နှစ်က စစ်တမ်းများအရ iPadသည် ကမ္ဘာပေါ်တွင် Tablet ကွန်ပျူတာ ရောင်းချမှု အားလုံး၏ (၆၂) ရာခိုင်နှုန်း ဝေစုကို လွှမ်းမိုးထားနိုင်ခဲ့သည်။ ထို့အပြင် ယခုနှစ်တွင် Tabletများ ကမ္ဘာအနှံ့ ဖြန့်ကျက် ရောင်းချရမှု စံချိန်သည် (၈၅)ရာခိုင်နှုန်းတိုးကာ (၁၂၆)သန်းကျော် ရှိလာမည်ဟုလည်း ဈေးကွက်သုတေသန ဌာန IHS iSuppliက ခန့်မှန်းထားသည်။


Source
: The Wall Street Journal    ,Planet Myanmar Network:

0 comments:

Post a Comment