Pages

Wednesday, March 25, 2015

အာမခံဖြင့် လွတ်မြောက်လာသည့် ကျောင်းသားသပိတ် ၀န်းရံ ပြည်သူ ၁၁ ဦး ပုဒ်မ သုံးခုဖြင့် ဆက်လက်တရားရင်ဆိုင်ရမည်

RangonNewsDaily:: March . 25 .2015
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းအား ၀န်းရံခဲ့သည့်အတွက် သာယာဝတီ အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်း ခံထားရသော ပြည်သူ ၁၁ ဦးအား မတ် ၂၅ ရက် မွန်းလွဲပိုင်းတွင် လက်ပံတန်းတရားရုံးမှတစ်ဆင့် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။အဆိုပါ လွှတ်ပေးသည့် ၀န်းရံပြည်သူ တစ်ဦးလျှင် ကျပ် ၁၀ သိန်းဖြင့် လူနှစ်ဦးက အာမခံပေးရကာ ပြန်လည် လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယင်းထဲတွင် အမျိုးသား ခြောက်ဦး နှင့် အမျိုးသမီး ငါးဦး ပါဝင်ကြောင်း သိရသည်။
“ကျွန်တော် အရိုက်ခံရတာက နောက်စေ့တစ်ချက်၊ လက်ဖျံရိုးတစ်ချက် ထိတယ်။ စဖြစ်တာက ရဲတွေနောက်က ခဲတွေနဲ့ပစ်တာ ဖြစ်တယ်။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းထဲ ပြေးတယ်။ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ကျောင်းသားတွေနဲ့ ပြည်သူတွေကို မရိုက်ဖို့ အေးဆေးအဖမ်းခံမယ်လို့ ပြောတာတောင် ရဲတွေက အရမ်းရိုက်နှက်တယ်။ 

ကျွန်တော်ကိုယ်တိုင်ကလည်း ကျောင်းသားဘ၀က တက်လာတဲ့အတွက် လက်ရှိပညာရေးစနစ်က နောင်လာမယ့် အနာဂတ်လူငယ်တွေ ကောင်းစားဖို့ မမြင်ဘူး။ အဲအတွက် ပြင်ဆင်ဖို့ လိုအပ်တယ်ထင်လို့ လာရောက်ဝန်းရံတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ပုဒ်မ ငါးခုနဲ့ စွဲထားတာကို နှစ်ခုဖြုတ်ပြီးတော့ အခု ပုဒ်မသုံးခုနဲ့ ထပ်စွဲပြီး အာမခံနဲ့ လွှတ်ပေးခဲ့တာပါ” အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် ပဲခူးတိုင်း ဇီကုန်းမြို့နယ်နေ ကိုဇော်လတ်က ပြောသည်။

ယင်းသို့ လက်ပံတန်းတရားရုံးမှ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာ သူများနှင့် ပတ်သက်၍ “သူတို့က တစ်ဦးကို လူနှစ်ဦးက ကျပ် ၁၀ သိန်း ခံဝန်နဲ့ ပြန်လည်လွတ်မြောက်လာတာပါ။ သူတို့က လက်ရှိစွဲထားတဲ့ ပုဒ်မတွေက အာမခံမပေးလို့မရတဲ့ ပုဒ်မတွေ ဖြစ်လို့ပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မတ် ၂၅ ရက် မွန်းလွဲပိုင်းက ဆိုသည်။

အဆိုပါ အာမခံဖြင့် ပြန်လည်လွှတ်မြောက်လာသူများမှာ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇ တို့ဖြင့် ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်ပြီး လာမည့် ဧပြီ ၇ ရက်တွင် ရုံးချိန်းလာရောက်ရမည်ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် ကျောင်းသားကျောင်းသူများနှင့် ၀န်းရံပြည်သူ ၁၀၀ ကျော်အနက်မှ မတ် ၁၂ ရက်နေ့၊ ၁၃ ရက်၊ ၁၄ ရက်နေ့တို့တွင် ကျောင်းသား ၂၇ ဦး၊ သတင်းထောက်နှစ်ဦးနှင့် မတ် ၁၇ ရက်တွင် ကျောင်းသားတစ်ဦး၊ မတ် ၂၄ ရက်တွင် မှားယွင်းဖမ်းဆီးထားသည့် ဒေသခံ ၂၀ ဦးတို့အား ပြန်လွှတ်ထားပြီး သာယာဝတီအကျဉ်းထောင်၌ လက်ပံတန်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးချုပ်နှောင်ထားသူ ဗကသကျောင်းသားများ အပါအ၀င် ၀န်းရံပြည်သူ ၆၉ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

Eleven Media , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment