Pages

Tuesday, March 7, 2017

ခိုးရာလိုက်ပြေးသည့် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား

RangonNewsDaily::Tuesday. March 7. 2017
ခိုးရာလိုက်ပြေးသည့် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေစဉ် ၎င်းအား ခိုးပြေးလာသူ ပြန်မလာသဖြင့် မိမိကိုယ်ကိုကိုယ် အဆုံးစီရင်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၎င်းအမျိုးသမီးမှာ ကိုကာကိုလာနှင့် ဓါတ်ဆီရောသောက်ခြင်း၊ လက်ကောက်ဝတ်အား ကိုလာသတ္တုဗူးခွံဖြင့် လှီးဖြတ် ဒဏ်ရာများဖြင့် မတ်လ ၆ ရက်နေ့ ညပိုင်းက သေဆုံးခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ မိန်းကလေးနှင့် အတူတည်းခိုသူ အမျိုးသားမှာ မတ်လ ၆ ရက်နေ့မနက် ၇ နာရီခန့်က ဘဏ် ငွေထုတ်ရန်ဟုဆိုကာ တည်းခိုခန်းမှ မှတ်ပုံတင်ထုတ်ယူပြီး ထွက်သွားခဲ့ကြောင်း နေ့လည် ၂ နာရီထိ တည်းခိုခန်းသို့ပြန်ရောက်လာခြင်း မရှိသောကြောင့် ထိုကဲ့သို့ သေကြောင်းကြံသည်ကို တည်းခိုခန်းမှ သိရှိရာ ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကောင်မလေးက ၉ တန်းပဲရှိသေးတယ်။ ကောင်လေးကခိုးပြေးလာတော့ သူ့မိဘတွေက ၃၆၃ နဲ့ ထန်းတစ်ပင်ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အဲဒါကိုကောင်လေးကသိပြီး ရှောင်သွားတော့ ကောင်မလေးက သူ့ကိုယ်သူ သေကြောင်းကြံသွားတာ ကောင်မလေးက ဆေးရုံရောက်သည်ထိ အသက်မှီသေးတယ်။ ည ၁၂ နာရီကျော်မှာတော့ ကောင်မလေး အသက်သေဆုံးသွားတယ်။”ဟု ပြည်ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

သေဆုံးသူအမျိုးသမီးအား ဝေဖြိုးအောင်မှ ဖေဖော်ဝါရီလ ၂၆ ရက်တွင် မိဘများနေအိမ်မှ ခိုးယူခေါ်ဆောင်သွား သဖြင့် မိခင်ဖြစ်သူမှ မတ်လ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတစ်ပင်မြို့နယ် တော်လတဲ့ နယ်မြေ ရဲစခန်းတွင် (ပ)၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ်မှာပင် အသက်ဆုံးရှုံးခဲ့ရသောကြောင့် ပြည်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ် ၅/၂၀၁၇ ဖြင့် အမှုဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
သီဟလွင် (မြစ်မခ)
ရွှေမြစ်မခမီဒီယာ

0 comments:

Post a Comment