Pages

Sunday, May 15, 2016

ကျောင်းအပ်ရာသီ မည်သည့်ပစ္စည်းမျှ မရောင်းရန် ညွှန်ကြားထား


RangonNewsDaily::Sunday. 15 May. 2016
ကျောင်းအပ်ရာသီတွင် မည်သည့်အခကြေးငွေမျှ ကောက်ခခြင်း မပြုရန်နှင့် အတန်းတံဆိပ်၊ ကျောင်းတံဆိပ် အပါအဝင် အခြားမည်သည့်ပစ္စည်းမှ ရောင်းချခြင်း မပြုရန် မြို့နယ်ပညာရေးမှူးရုံးများက ညွှန်ကြားထားကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရှိရသည်။

“ကျွန်တော်တို့ ပညာရေးမှူးရုံးတွေကို ညွှန်ကြားတဲ့ စာတွေဗျ။ ပညာရေးမှူးရုံးတွေကို တိုင်းတွေကနေတစ်ဆင့် ဖြန့်တဲ့စာတွေပါ။ မြို့နယ်ပညာရေးမှူးရုံးကို ပေးပြီးတော့ မြိုနယ်ပညာရေးမှူးရုံးကနေ ပြီးတော့ အစည်းအဝေးမှာ ကျောင်းအုပ်တွေကို ပြန်ပြောပြတဲ့ အချက်တွေပေါ့။ ညွှန်ကြားရန် အချက်တွေပေါ့” ဟု ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အတွင်းရှိ အထက်တန်း ကျောင်းအုပ်ဆရာတစ်ဦးက The Voice သို့ ပြောကြားသည်။

ပညာရေးဝန်ထမ်းများ သိရှိလိုက်နာရန် အချက်များတွင် ကျောင်းအပ်နှံသည့် ကျောင်းသားအားလုံးကို မည်သည့်အခကြေးငွေမှ ကောက်ခံခြင်း မပြုရန်၊ ကျောင်းအပ်နှံခြင်းအတွက် ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်း မပြုရန်၊ ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်၊ ကျောင်းတံဆိပ် ရောင်းချခွင့် မပြုကြောင်းနှင့် အခြားမည်သည့်ပစ္စည်းမှ ရောင်းချခွင့် မပြုကြောင်း အဆိုပါ ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ညွှန်ကြားစာပါ မိဘများသို့ မေတ္တာရပ်ခံချက်တွင် သက်ဆိုင်ရာနယ်မြေ အတွင်းသာ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း၊ ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း မပြုရန်၊ တစ်ကျော့ပြန် ကျောင်းအပ်ခြင်း၊ ကျောင်းအပ်နှုန်း မြင့်လာခြင်းကြောင့် ပြဌာန်းစာအုပ်များ မျှဝေခြင်း အစီအစဉ်နှင့်လည်း ပူးပေါင်း၍ လုံလောက်စွာ ဖြန့်ဝေလိုသဖြင့် သက်မှတ်မြို့နယ်အလိုက် ကျောင်းဝင်ခွင့် လျှောက်ထားမှုနှင့် ပတ်သက်၍ ပိုအဆင်ပြေမည့် နည်းလမ်းကို အကြံပြုရန် ဖော်ပြထားသည်။

ကျောင်းအပ်ရာသီ ဆရာများ၊ ပညာရေးဝန်ထမ်းများ သိရှိလိုက်နာရန် အချက်များ၊ အခမဲ့ ထောက်ပံ့မည့် ပစ္စည်းများ၊ မိဘများသို့ မေတ္တာရပ်ခံချက် စာများကို အခြေခံပညာအဆင့် ကျောင်းများတွင် ဗီနိုင်းဖြင့် အသိပေးရန် တိုင်းဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူများက စီစဉ်နေသည်ဟု သတင်းထွက်ပေါ်နေကြောင်း ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းအုပ်ဆရာတစ်ဦးက ပြောဆိုသည်။

သို့သော် ယင်းသို့ အသိပေးချက်များကို တိုင်းဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူများက လုပ်ဆောင်မပေးလျှင်လည်း သက်ဆိုင်ရာ ကျောင်းအလိုက် ကျောင်းရန်ပုံငွေမှ စိုက်ထုတ်သုံးစွဲ၍ ဗီနိုင်းများ ပြုလုပ်၍ အသိပေး ကြေညာထားမည် ဖြစ်ကြောင်း အဆိုပါ အထက်တန်း ကျောင်းအုပ်ဆရာက ရှင်းပြသည်။
ကျောင်းအပ်ရာသီ လာဘ်ပေး၊ လာဘ်ယူမှုများ မရှိရန် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားထားပြီး မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများက မြို့နယ်အတွင်း ကျောင်းအုပ်များနှင့် တွေ့ဆုံရာတွင်လည်း ညွှန်ကြားချက်ပါ အကြောင်းအရာများ ရှင်းလင်းအသိပေးထားကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရှိရသည်။
The Voice , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment