Pages

Friday, October 2, 2015

တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်တွင် နေထိုင်ခြင်းမရှိဘဲ မဲစာရင်း၌ပါသူ ကိုးသောင်းကျော်ရှိနေ

RangonNewsDaily:: October . 2 .2015
တောင်ဥက္ကလာပမြို့ နယ်မဲဆန္ဒနယ်အတွင်း အမှန်တ ကယ်နေထိုင်ခြင်းမရှိသော်လည်း မဲပေးခွင့်စာရင်းတွင် ပါဝင်နေသူ ကိုးသောင်းကျော်ရှိကြောင်း ရန် ကုန်အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိသည်။
‘‘ဒီမှာ မနေဘဲ မဲစာရင်းမှာ ပါနေတာက တကယ်ပဲဖြစ်ပါ တယ်။ အရေအတွက်အမှန်က ကိုးသောင်းကျော် ရှိတာဗျ။ တောင်ဥက္ကလာတစ်ခုတည်း များနေတာ။ ၁၉၈၉ခုနှစ်ကတည်းက လ၀ကက ထုတ်ပေးထားတဲ့ ပုံစံ (၁၀)က ဒီစာရင်းတွေရှိနေတော့ဒီအတိုင်းထည့်ပေးထားရတာ။ ဒါပေမဲ့ ဒီပိုနေတဲ့အရေအတွက် မဲမပေးနိုင်အောင်တော့ ကျွန်တော်တို့ကော်မရှင်က ထိန်းထားမှာပါ။ ဒီအရေအတွက်ကို မဲပေးခွင့်လက်မှတ်ထုတ်ပေးမှာ မဟုတ်ပါဘူး’’ဟု အထက်ပါ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ကျော်ကပြောသည်။

မဲစာရင်းတွင် တစ်သိန်းခုနစ် သောင်းကျော်ရှိသည့် အဆိုပါမဲ ဆန္ဒနယ်အတွင်း အမှန်တကယ် နေထိုင်သူရှစ်သောင်းခန့်သာရှိပြီး နေထိုင်ခြင်းမရှိဘဲ မဲစာရင်းတွင် အမည်ပါရှိနေသူ ကိုးသောင်း ကျော်ရှိနေခြင်းဖြစ်သည်ဟု ၎င်း ကပြောသည်။
ထိုကဲ့သို့ အမှန်တကယ်နေ ထိုင်ခြင်းမရှိသူကို အမည်စာရင်းထည့်သွင်းခြင်းသည် အထက်က ညွှန်ကြားချက်အရ ဖြစ်သကဲ့သို့ ၎င်းမဲဆန္ဒရှင်များ မဲလာပေးလိုပါက မဲပေးခွင့် မဆုံးရှုံးစေရေး ဆောင်ရွက်ထားခြင်းဖြစ်ကာ မဲပေးမည့်နေ့တွင် ၎င်းပုဂ္ဂိုလ်များ အား သက်ဆိုင်ရာမဲရုံးများရှိ မဲစာ ရင်းများ၌အမည်များကို မျဉ်းသား ၍ ဖျက်ထားမည်ဖြစ်ကြောင်း ဦး ခင်မောင်ကျော်ကဆိုသည်။

‘‘ကျွန်တော်တို့ မဲစာရင်းတွေ လိုက်စစ်ရင်းသိထားတာက ရှစ် သောင်းကျော်ရှိတယ်ဗျ။ ရပ်ကွက် ကော်မရှင်ရုံးတွေက သိရတာ။ ကျွန်တော်တို့ကတော့ ဒီကိစ္စကော် မရှင်ကို တင်ပြထားတာပဲရှိတယ်။ ကန့်ကွက်လို့မရဘူး။ သက်ဆိုင် ရာ ကာယကံရှင်တွေကပဲ ကန့် ကွက်ရမှာဖြစ်လို့ ဒါတွေကို ကန့် ကွက်ဖို့ လိုက်နှိုးဆော်နေပါတယ်။ ဒီလိုအရေအတွက်ပိုနေလို့လည်း မဲဆန္ဒရှင်တွေစိတ်မပူပါနဲ့။ ကျွန် တော်တို့ တောက်လျှောက်စောင့် ကြည့်နေမှာပါ’’ဟု တောင်ဥက္က လာပမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်က ပြောသည်။
မသမာသောမဲများ ဖြစ်မ သွားစေရန် မိမိတို့က အစီအမံများ ချမှတ်ဆောင်ရွက်ထားပြီး မဲဆန္ဒ နယ်အတွင်း ကြိုတင်လက်မှတ် ပေးရမည့်အရေအတွက်နှင့် ပုဂ္ဂိုလ်များ မှတ်သားထားခြင်း၊ ကြိုတင်မဲများ ကောက်ခံပြီးပါက လည်း ယင်းမဲများကို သတ်မှတ်ချက်နှင့်အညီ ချိပ်ပိတ်ခြင်းရှိ၊ မရှိ၊ အရေအတွက် အတိအကျရှိ၊မရှိ စစ်ဆေးမည်ဖြစ်ပြီး စာရင်းရှိအရေအတွက်ထက်ပိုနေပါက ဥပဒေနှင့်အညီ ကန့်ကွက်မည်ဖြစ်ကြောင်း ဒေါက်တာစောနိုင်က ပြောသည်။

အဆိုပါမဲဆန္ဒနယ်အတွင်း ပြည်သူ့လွှတ်တော်တစ်နေရာအ တွက် နိုင်ငံရေးပါတီ ငါးခုမှ ကိုယ် စားလှယ်လောင်းငါးဦး၊ အမျိုး သားလွှတ်တော် တစ်နေရာအ တွက် နိုင်ငံရေးပါတီခြောက်ခုနှင့် တစ်သီးပုဂ္ဂလ အပါအ၀င်ကိုယ် စားလှယ်လောင်းခုနစ်ဦး၊ တိုင်းဒေသကြီး လွှတ်တော်နှစ်နေရာအတွက် နိုင်ငံရေးပါတီ ရှစ်ခုမှကိုယ်စားလှယ်လောင်း ၁၃ ဦး စုစုပေါင်း ၂၅ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
7Day Daily, KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment