Pages

Tuesday, September 29, 2015

စူပါမွန်းနှင့် လကြတ်ခြင်း တစ်ပြိုင်နက်တည်းဖြစ်ပေါ်မှု ပုံရိပ်များ.

RangonNewsDaily:: September . 28 .2015
စက်တင်ဘာ ၂၇ ရက်က ကမ္ဘာတစ်ဝန်းက နက္ခတ်ဗေဒ ပညာရှင်တွေ၊ ဝါသနာရှင်တွေဟာ စူပါမွန်းနဲ့ လကြတ်မှု ဖြစ်ရပ်နှစ်ခု တိုက်ဆိုင်တဲ့ အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။ ဒီအခြေအနေ နှစ်ရပ်ဟာ တသီးတခြားစီ ဖြစ်ပေါ်တတ်ပေမယ့် နှစ်ခုပေါင်းစုံပြီး ဖြစ်တည်ခဲ့တာကတော့ ၃၃ နှစ်တာ ကာလအတွင်း ပထမဆုံးပါပဲ။
လကြတ်တဲ့အခါ ကမ္ဘာမြေ လေထုရဲ့ တုံ့ပြန်မှုကြောင့် နေရဲ့ အလင်းတန်းတွေ ဖရိုဖရဲ ကွဲပြားသွားရာကနေ သံချေးရောင်လို နီမြန်းတဲ့ လမျက်နှာပြင်ကို တွေ့ရလေ့ ရှိပါတယ်။ စူပါမွန်း ဖြစ်စဉ်ကတော့ လဟာ ကမ္ဘာကို ဗဟိုပြု လည်ပတ်ရင်း ကမ္ဘာနဲ့ အနီးဆုံးကို ရောက်လာတဲ့အခါ အရွယ်အစား ကြီးကြီးမားမား ဝိုင်းဝိုင်းစက်စက် တွေ့မြင်ရတာကို ဆိုလိုတာပါ။ အခုလို တိုက်တိုက်ဆိုင်ဆိုင် ကြုံတောင့်ကြုံခဲ ဖြစ်ရပ်မှာတော့ နီမြန်းတဲ့ လဝန်းဝိုင်းကြီးကို ကမ္ဘာ့နိုင်ငံ အများအပြားကနေ တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။

 ဗြိတိန်နိုင်ငံ၊ မြောက်ပိုင်း တိုင်နီဆိုက်ဒ်သေ၊ ဝှစ်တလေ ပင်လယ်ကွေ့ကနေ ထင်ထင်ရှားရှား တွေ့မြင်ရတဲ့ အနီရောင် လပြည့်ဝန်းကြီးရဲ့ ပုံရိပ်ပါ။

 အီတလီနိုင်ငံ၊ ရောမမြို့က စိန့်ပီတာ ဘုရားကျောင်း နောက်ခံကောင်းကင်မှာ လကြတ်နေပုံ ဖြစ်ပါတယ်။ လကြတ်မှုကို စောင့်ကြည့်နေသူတွေ အနေနဲ့ ဒီဓာတ်ပုံထဲက ငှက်ကလေးကို 
မျက်စိနောက်နေကြမှာ သေချာပါတယ်။

 ဂျာမနီနိုင်ငံ၊ ကော့ဘ်လန့်ဇ်မြို့က ဝီလ်ဟမ်းလ်ဘုရင် ရုပ်တုနဲ့ ယှဉ်တွဲပြီး တွေ့မြင်ရတဲ့ အနီရောင် လပြည့်ဝန်းကြီးပါ။

 ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ကနေ လှမ်းမြင်နေရတဲ့ မြင်ကွင်းဖြစ်ပါတယ်။

 ဗြိတိန်နိုင်ငံ၊ ဘရိုက်တန်ကမ်းခြေကနေ လှမ်းမြင်ရတဲ့ လမြင်ကွင်းကိုတော့ စောင့်ကြည့်သူတွေ တော်တော် သဘောကျခဲ့ပါတယ်။ ဘရိုက်တန်ဟာ စူပါမွန်း ဖြစ်စဉ်မှာ လကို အရွယ်အကြီးဆုံး 
တွေ့မြင်ရတဲ့ နေရာ တစ်ခုပါ။
 တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့က တွေ့မြင်ရတဲ့ အပြည့်အဝ လမကြတ်သေးခင် မြင်ကွင်း ဖြစ်ပါတယ်။

 ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရဲ့ လုဗ်ပြတိုက်ဘက်ကနေ မြင်ရတဲ့ အခြေအနေမှာတော့ လက နည်းနည်း ပန်းရောင်သန်းနေပါတယ်။

 မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ကွီဒက်ဇ်ဂျူဝါရက်ဇ်မှာ တွေ့မြင်ရတဲ့ အနီရောင် လဝန်းကြီးပါ။

 ပိုလန်နိုင်ငံ၊ ဝါဆောမြို့တော်ကနေ တွေ့မြင်ရတဲ့ ပုံရိပ်ပါ။

 ဗြိတိန်နိုင်ငံ၊ Big Ban နာရီစင်ကြီးရဲ့ နောက်ကွယ်မှာ လကြတ်မှု အစောပိုင်း မြင်ကွင်းကို တွေ့မြင်ရတာပါ။ အဲဒီအချိန်မှာ လရဲ့မျက်နှာပြင် တစ်ခုလုံးကို ကမ္ဘာရဲ့အရိပ်က ဖုံးကွယ်ခြင်း မရှိသေးပါဘူး။

 ဘီလားရုစ်နိုင်ငံ၊ မင့်စ်ခ်မြို့တော် အနီး ငှက်အုပ်ကြီး ပျံသန်းသွားစဉ် ရိုက်ကူးထားတဲ့ စူပါမွန်း ပုံရိပ်မှာ ကြီးမားဝိုင်းစက်တဲ့ လပြည့်ဝန်းကြီးကို တွေ့ရပါတယ်။

 အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာလည်း ဒီဖြစ်ရပ်ကို တွေ့မြင်ခဲ့ကြပါတယ်။ ဒါကတော့ အင်ပါယာစတိတ် မျှော်စင်ကြီးရဲ့ နောက်ခံကောင်းကင်မှာ ရှိနေတဲ့ လရဲ့ပုံရိပ်ပါ။

 အမေရိကန်နိုင်ငံ၊ ဝါရှင်တန် အထိမ်းအမှတ် အဆောက်အအုံ အထက်မှာ ထွန်းလင်းနေတဲ့ လကတော့ ပိုပြီး နီမြန်းတဲ့ အရောင်မျိုးနဲ့ တွေ့မြင်ရပါတယ်။

 ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က အလက်ဇန္ဒား တံတားနားမှာ တွေ့မြင်ရတဲ့ စူပါမွန်းနဲ့ လကြတ်မှု တိုက်ဆိုင်မြင်ကွင်းပါ။ လရဲ့အရောင်က ရဲရဲနီနေပါတယ်။

 ပြည်တွင်းစစ်ကြောင့် အကြီးအကျယ် ဒုက္ခကြုံနေတဲ့ ဆီးရီးယားနိုင်ငံမှာတော့ ဒမတ်စကက် မြို့တော်သားတွေအတွက် အနီရောင် လဝန်းကြီးဟာ သွေးလွှမ်းမှု နိမိတ်ပုံလားလို့ တွေးတော 
ယူဆချင်စရာပါပဲ။

 အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော် အနီး ဝါဒီအယ်လ်ရေယန် ရေကန်နံဘေး ဗလီမျှော်စင်ကနေ တွေ့မြင်ရတဲ့ပုံပါ။

 ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က နာမည်ကျော် အီဖယ်လ်မျှော်စင်ကြီး အနီးကနေ တွေ့မြင်ရတဲ့ မြင်ကွင်း ဖြစ်ပါတယ်။

 ဒီပုံကတော့ အမေရိကန်နိုင်ငံ၊ အီလီနွိုက်မှာ စူပါမွန်းဖြစ်စဉ် ပေါ်ပေါက်ပြီး အပြည့်အဝ လမကြတ်သေးမီ ရိုက်ယူထားတာ ဖြစ်ပါတယ်။

 ဗြိတိန်နိုင်ငံ၊ ဆိုမားဆက်မှာရှိတဲ့ စိန့်မိုက်ကယ် မျှော်စင်ရဲ့ နောက်ကွယ်မှာ တွေ့မြင်ရတဲ့ ဧရာမ လဝန်းကြီး ဖြစ်ပါတယ်။

 ဗြိတိန်နိုင်ငံ၊ မြောက်ပိုင်း တိုင်နီဆိုက်ဒ်သေ၊ ဝှစ်တလေ ပင်လယ်ကွေ့ကနေ ထင်ထင်ရှားရှား တွေ့မြင်ရတဲ့ အနီရောင် လပြည့်ဝန်းကြီးရဲ့ ပုံရိပ်ပါ။


အာဂျင်တီးနားနိုင်ငံ၊ ရီယိုဒီလာပလက်တာမှာလည်း စူပါမွန်းနဲ့ လကြတ်မှု ယှဉ်တွဲဖြစ်ပေါ်တဲ့ အခြေအနေကို လူတွေက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။
တချို့သော ဘာသာရေး အယူသီး အဖွဲ့အစည်းတွေက ဒါဟာ ကမ္ဘာကြီးရဲ့ အဆုံးသတ်ကာလ နီးလာပြီဖြစ်ကြောင်း နိမိတ်ပြတာလို့ ယုံကြည်နေပါတယ်။ သိပ္ပံပညာရှင်တွေကတော့ နက္ခတ်ဗေဒ ပညာရပ်ရဲ့ ဖြစ်စဉ်နှစ်ခု ရှားရှားပါးပါး တိုက်ဆိုင်ပေါ်ပေါက်လာတာဖြစ်ကြောင်း ရှင်းပြထားသလို ၂၀၃၃ ခုနှစ်မှာ နောက်တစ်ကြိမ် အလားတူ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

လဟာ ကမ္ဘာနဲ့ အနီးဆုံးထိ ချဉ်းကပ်လာချိန်မှာ မိုင်ပေါင်း ၂၂၆၀၀၀ အကွာအဝေးထိ ရောက်လာတတ်ပါတယ်။ ဒီအခါမှာ ကမ္ဘာပေါ်ကနေ လကို တွေ့မြင်ရတာဟာ ၁၄ ရာခိုင်နှုန်း ပိုကြီးသွားပြီး ၃၀ ရာခိုင်နှုန်း ပိုမိုတောက်ပလာတတ်ပါတယ်။ အဲဒီအချိန်မှာ လကြတ်တာနဲ့ ကြုံသွားတဲ့အခါ နီမြန်းတဲ့ လပြည့်ဝန်းကြီး ပေါ်ထွက်လာတော့တာပါပဲ။ ဒီလို တိုက်ဆိုင်တဲ့ ဖြစ်စဉ်မျိုး နောက်ဆုံးပေါ်ပေါက်ဖူးတာ ၁၉၈၂ ခုနှစ်ကပါ။


လကြတ်မှုကို မြင်တွေ့ရခြင်းဟာ ကမ္ဘာ့လေထု အခြေအနေ အရပ်ရပ်ကို မူတည်ပြီး တစ်နေရာနဲ့ တစ်နေရာ မတူညီပါဘူး။ တချို့နေရာတွေမှာတော့ လရဲ့ အနားသတ်မှာ အပြာရောင်သန်းတဲ့ စက်ဝန်းတစ်ခု ခိုတွဲနေတာကိုပါ တွေ့မြင်ရတတ်ပါတယ်။ စူပါမွန်းနဲ့ လကြတ်မှု တစ်ထပ်တည်း ကျခြင်းဟာ ၁ နာရီနဲ့ ၁၁ မိနစ် ကြာမြင့်ခဲ့ပြီး တောင်နဲ့မြောက် အမေရိက၊ ဥရော၊ အာဖရိက၊ အာရှအနောက်ပိုင်း ဒေသတချို့နဲ့ ပစိဖိတ် အရှေ့ပိုင်း ဒေသတွေကနေ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရပါတယ်။
Ref: Daily Mail , 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment