Pages

Thursday, June 25, 2015

ဖားကန့်မြို့မရဲစခန်းအတွင်းသို့ အမည်မသိလူနှစ်ဦးက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

RangonNewsDaily:: June . 25 .2015
ဖားကန့်မြို့ မြို့မရဲစခန်းအတွင်းသို့ ဇွန် ၂၃ ရက် နံနက်ပိုင်းက ဆိုင်ကယ်စီးလာသော အမည်မသိလူနှစ်ဦးမှ ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဇွန် ၂၃ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် ဖားကန့်မြို့မရဲစခန်းရှိ နေအိမ်လိုင်းခန်းဝင်းအတွင်း ဧည့်ရိပ်သာနှစ်ထပ်ဆောင်အနီးသို့ ရဲစခန်းအပြင်ဘက်မှ ဆိုင်ကယ်စီးနင်းသွားသူနှစ်ဦးက ဗုံးနှစ်လုံးပစ်သွင်းခဲ့ရာ စခန်းအတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရိပ်သာအဆောက်အအုံ အနည်းငယ်ထိခိုက်ပျက်စီးသွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။
::
ဖားကန့်မြို့ပေါ်တစ်ဝိုက်တွင် မကြာခဏဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်နေသောကြောင့် လုံခြုံရေးတိုးချဲ့ကာ ပိုမိုတင်းကျပ်လုပ်ဆောင်တော့မည်ဖြစ်ပြီး မြို့အ၀င်အထွက်များတွင် ညမှာသာမက နေ့တွင်ပါ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် ရဲမှူး ဦးမြင့်ဆွေက ပြောကြားသည်။
၎င်းက "ဇွန် ၁၅ ရက်လောက်က ဖားကန့်လမ်းပိုင်းမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ ထိတွေ့မှုဖြစ်ပွားတာကနေစပြီး ဇွန် ၁၇ ရက်လောက်ကစပြီး ဖားကန့်မြို့ပေါ်မှာ ပေါက်ကွဲမှုတွေဖြစ်လာတာပဲ။ ဒီနေ့ဆိုရင် နေ့လယ်မှာဖြစ်သွားတာ။ လုံခြုံရေးကိုအနှောင့်အယှက်ပေးတယ်လို့ထင်ပါတယ်။ အခုတော့ လှည့်ကင်းတွေအများကြီးလွှတ်ထားတယ်။ အရင်က ညအချိန်တွေပဲပေါက်ကွဲမှုတွေဖြစ်တာဆိုတော့ ညမှာပဲ အစစ်အဆေးရှိပါတယ်။ ဒီနေ့ကစပြီး မြို့အ၀င်အထွက်တွေမှာ နေ့ခင်းမှာပါ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ" ဟုပြောကြားသည်။
::
ဖားကန့်ဒေသတစ်ဝိုက်တွင် နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်နေကာ အဆိုပါပေါက်ကွဲမှုများကြောင့် ဇွန် ၁၇ ရက်ကလည်း ရဲအရာရှိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယခုအချိန်တွင် ဒေသခံများ အသွားအလာအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
EMG ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment